27 Feb 2012

ဆရာတပည့် အကြား အပြန်အလှန်လေးစားမှု့

The importance of having mutual respect and understanding in education
စာသင်ကြားခြင်းဆိုတာ လူသားတွေဖြစ်တဲ့ကျောင်းသားတွေနဲ့ဆက်ဆံနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာရဲ့အရေးပါပုံကို ဆရာတွေနားလည်ဖို့အရေးကြီးတယ်လို့မြင်မိပါတယ် ။ ဒါကြောင့်လည်း အဲဒါနဲ့ပတ်သက်ပြီးပို့စ်တချို့ကိုရေးပါမယ် ။ ဒီပိုစ့်တွေက ဆယ်ကျော်သက်အရွယ်ကျောင်းသားများနဲ့ စာရေးသူထိတွေ့ဆက်ဆံခဲ့ရတဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီးရေးသားမှာဖြစ်ပါတယ် ။

human touch ရဲ့အရေးပါပုံကိုရေးထားတဲ့ပို့စ်မှာ စာဖတ်သူတယောက်ဖြစ်တဲ့ ko cyberpunk ပေးခဲ့တဲ့ကွန်မန့်ကိုဖတ်ပြီး အခုပို့စ်ကိုဆက်ရေးဖြစ်ပါတယ် ။

သူပေးခဲ့တဲ့ကွန်မန့်ကတော့ ...

Human touch ဆိုတာထက် ကျောင်းသားတွေကို ကိုယ့်ဖာသာပိုပြီးလေ့လာနိုင်အောင် လမ်းဖွင့်ပေးတာက ပိုကောင်းမလားလို့ … အထူးသဖြင့် အိုင်တီနည်းပညာလိုမျိုးပေါ့ … ကျောင်းကသင်တာထက် ကိုယ့်ဖာသာလေ့လာမှ တတ်တာမျိုးလေ … အိုင်တီမှာ ဘွဲ့လွန်တွေရပြီး စစ်စကိုဆိုတာ ဘာမှန်းမသိတဲ့ ပုဂိုလ်တွေလဲ တပုံကြီးပဲ … ဒစ်ပလိုမာ လောက်နဲ့ လုပ်ငန်းခွင်မှာ အလုပ်ဖြစ်နေတဲ့သူတွေလဲ အများကြီးပဲမှလား …
ဥပမာ ကျနော် ကျောင်းတက်တုန်းကပေါ့ … ဆရာတယောက်ရှိဖူးတယ် … တော်တော်ဂရုစိုက်ပါတယ် … ဂရုစိုက်တာထက် နဲနဲတောင် ပိုမလားမသိဘူး … online test တွေ အမြဲတန်းဖြေရတယ် … ဆရာက နေ့တိုင်း စစ်တယ် … အမှတ်မကောင်းရင် ခေါ်ပြောတယ်ပေါ့ … စာမေးပွဲတွေတော့ အောင်ကြပါရဲ့ … ကျောင်းသားတွေက သိပ်သဘောမကျကြဘူး … စာအုပ်ကြီးလိုဖြစ်နေတာကိုး …
ကျောင်းသားတွေလိုချင်တာက ဆွေးနွေးတဲ့သဘောမျိုးပေါ့ … ကျောင်းသားတွေကလဲ မသိတာရှိတာတွေမေးမယ် … ပြီးတော့ သူတို့ သိလာတဲ့ နည်းပညာအသစ်တွေကိုလဲ အတန်းထဲမှာပြောမယ် … ဆရာ့သဘောထားကိုမေးမယ် … အဲဒီနည်းပညာအသစ်မှာ ကောင်းကွက် ဆိုးကွက်တွေဘာရှိလဲ …
အဲဒီထဲမှာ ဆရာမသိတာတွေလဲ ပါမယ် … ကျောင်းသားတွေနဲ့ ဆရာနဲ့ ငြင်းတာတွေလဲရှိမယ် … ဥပမာ .. Linux နဲ့ windows လိုပေါ့ … အားနည်းချက် အားသာချက် အကြိုက်ချင်းမတူတာတွေကို ငြင်းတာလေးတွေရှိချင်ရှိမယ် … အဲဒီမှာ ဘယ်သူ မှားတယ်မှန်တယ်ဆိုတာ မရှိဘူး … နည်းပညာအသစ်တွေကို လေ့လာမိဖို့ပဲလေ … အသစ်တွေကို သိချင်လို့လဲ ဒီပညာကို လေ့လာတာပဲမှလား … အဲဒီလို လေ့လာတတ်အောင် ဆွေးနွေးတတ်အောင် လမ်းဖွင့်ထားပေးဖို့ပဲလိုတာပါ … အဲလိုဆိုရင် ကျောင်းသားတွေလဲ ကြိုက်ကြမှာပါ … ကျနော်ကတော့ အဲဒီလို မြင်ပါတယ် …

သူ့ကွန်မန့်ကိုဖတ်လိုက်ရင် အချက်နှစ်ချက်ကိုတွေ့နိုင်ပါတယ် ။

(၁) သူတွေ့ကြုံခဲ့ရတဲ့ဆရာဟာ ကျောင်းသားတွေဘာလိုချင်တယ်ဆိုတာကို သေချာနားလည်ခဲ့ပုံမပေါ်ပါဖူး ။

(၂) မြန်မာပြည်ကကျောင်းသားတွေထဲမှာလည်း ဆရာနဲ့ အပြန်အလှန်ဆွေးနွေးဖလှယ်ငြင်းခုံရတာမျိုးကို လိုလားလာကြပြီဆိုတာပါပဲ ။

.........................................

ပထမအချက်ကိုဆွေးနွေးရရင် စာသင်ကြားရာမှာထိရောက်စေဖို့ ကိုယ်သင်ကြားနေတဲ့ကျောင်းသားတွေကို နားလည်တတ်ဖို့လိုအပ်ပါတယ် ။ နားလည်ရမယ့် အဓိကအပိုင်းနှစ်ပိုင်းရှိတယ်လို့မြင်မိပါတယ် - - ကျောင်းသားတယောက်ကို ပညာသင်ယူဖို့လှုံ့ဆော်တဲ့အကြောင်းရင်း (motivation) ၊ ကျောင်းသားတယောက်ဟာ ဘယ်လိုစာသင်ကြားနည်းမျိုးကိုနှစ်သက်သလဲ (သို့မဟုတ်) ကျောင်းသားတယောက်ရဲ့ စရိုက် (character)ဟာ ဘယ်လိုစာသင်ကြားနည်းမျိုးနဲ့ကိုက်ညီမလဲ ။

ဒီဆောင်းပါးမှာ ဖော်ပြခဲ့သလို ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ်ကို အတွင်းစိတ်ကြောင့် ဖြစ်ခြင်း (Intrinsic) နဲ့ ပြင်ပ အကြောင်းအချက်များကြောင့် ဖြစ်ခြင်း (Extrinsic) စသဖြင့် နှစ်မျိုး ခွဲခြားထားကြပါတယ်။ အတွင်းစိတ်ကြောင့်ဖြစ်တဲ့ ပညာ သင်ယူလိုစိတ်ကတော့ ဘာသာရပ်တစ်ခုကို သင်ယူရင် စိတ်ဝင်စားမှုကြောင့်၊ ပျော်ရွှင်မှုရတဲ့အတွက်ကြောင့်၊ ကိုယ်ပိုင် ကျေနပ်မှုရတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ ပြင်ပအကြောင်းအချက်များကြောင့်ဖြစ်တဲ့ အတန်းပညာသင်ယူလိုစိတ်ကတော့ မိဘဆရာတွေကသင်ယူခိုင်းတဲ့အတွက်ကြောင့်၊ မသင်ယူရင်အပြစ်ရှိသလိုခံစားရတဲ့အတွက်ကြောင့်၊ အတန်းပညာရရင် ဘ၀အတွက်တက်လမ်းရှိနိုင်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ်ပိုရှိတဲ့ကျောင်းသားဟာ အတန်းပညာကိုပိုတတ်မြောက်နိုင်သလို ၊ ပိုထူးချွန်ကြောင်းကို ပညာရေးသုတေသီတွေက ထပ်မံတွေ့ရှိကြပါတယ်။

ကျောင်းသားတယောက်ဟာ ကျောင်းလာတက်တာဘာကြောင့်တက်သလဲလို့နားလည်ထားတဲ့အခါ သူ့ကိုစာသင်ကြားတဲ့အခါ သူစိတ်ပါလာအောင် သူဘာလို့ကျောင်းလာရတယ်ဆိုတဲ့ သူ့ခံယူချက်ကိုပဲပြန်သုံးပြီး အတိုင်းအတာတခုထိ ပြန်စိတ်ပါလာအောင်ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ စာသင်ယူတယ်ဆိုတာမျိုးဟာ စိတ်မပါဘူးဆိုရင်လုပ်ရဖို့ခဲယဉ်းပါတယ် ။ အတင်းကြိုးစားလုပ်ရင်တောင် တကယ်စိတ်ထဲမပါရင် အောင်မြင်သင့်သလောက်မအောင်မြင်ပါဖူး ။ ဒါကြောင့် စာသင်ယူခြင်းအပေါ်ထားတဲ့ ကျောင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို အလေးထားဖို့လိုအပ်ပါတယ် ။

ကျောင်းသားတယောက်ရဲ့ စရိုက် (character) ကလည်း သူ့စာသင်ယူမှုအပေါ်မှာသက်ရောက်မှုရှိပါတယ် ။ ဥပမာ .. တချို့ကျောင်းသားတွေက ဆရာသင်ပေးတာကိုပဲ လိုက်မှတ် လိုက်ကျက် ပြန်ဖြေဆိုတာမျိုးကို ကြိုက်တယ် ။ တချို့ကတော့ မေးခွန်းထုတ်ရတာကြိုက်တယ် ။ တချို့က ဆရာကဆက်တိုက်ပြောပြီးစာသင်နေတာကိုနားထောင်ရတာမျိုးကြိုက်တယ် ၊ တချို့ကတော့ activity သဘောမျိုးလေးတွေလုပ်ရတာကြိုက်တယ် ၊ တချို့က ပုံများများပါတဲ့စာအုပ်တွေကနေသင်ယူရတာ ပိုကြိုက်တယ် ၊ တချို့စကားလုံးတွေများတာပိုကြိုက်တယ် ၊ တချို့က တယောက်တည်းသင်ယူရတာကြိုက်တယ် ၊ တချို့ကအဖွဲ့လိုက်သူငယ်ချင်းတွေနဲ့ ပရောဂျက်တွေလုပ်ဖို့ သင်ယူချင်တယ် စသဖြင့် ။ အဲဒီတော့ ကိုယ့်အတန်းထဲမှာရှိမယ့် ကျောင်းသားအားလုံးရဲ့စာသင်ယူမှုအားသာတဲ့ပုံစံတွေဘာလဲဆိုတာ အကျမ်းဖျင်းလေ့လာပြီး တတ်နိုင်သမျှအားလုံးအတွက် သင့်တော်မယ့်နည်းလမ်းမျိုးတွေ (တခါတလေ တမျိုးထက်ပိုသုံးရတာလည်းရှိပါတယ်) နဲ့သင်ကြားရင် စာသင်ကြားရာမှာထိရောက်မှုပိုရှိမယ်လို့ယုံကြည်ပါတယ် ။

ဒုတိယအချက်ကတော့ မြန်မာနိုင်ငံမှာအတော်များများတွေ့ရမယ်ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ မြန်မာတွေအတွက် ဆရာ-တပည့်ဆိုတဲ့အသုံးအနှုံးဟာ ဆရာကတော့အမြဲအထက်က ၊ တပည့်ကအောက်ကဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်နေတယ်လို့ စာရေးသူတခါလေခံစားရပါတယ် ။ ဥပမာကြည့်မယ်ဆိုရင် ... ရုံးမှာအထက်အရာရှိကို အောက်လက်ငယ်သားတွေက ဆရာခေါ်ကြရတယ် ၊ အလုပ်ပိုင်ရှင်တွေကို ဆရာခေါ်လေ့ရှိတယ် ။ နောက်ပြီး တချို့ဆရာဆရာမတွေက “အော် သူက ငါ့တပည့်ဖြစ်ခဲ့တာ” လို့ပြောတာခံရတဲ့လူတချို့ပြန်ပြောလေ့ရှိတာက “သူငယ်တန်းတုန်းကပဲသင်ခဲ့ရတာပါ” ။ အဲလိုစကားအသွားအပြန်မျိုးကြားရင် ပြောတဲ့သူကလည်း တပည့်ဖြစ်ခဲ့တယ်ဆိုပြီးနှိမ့်ပြောလိုက်သလား ၊ ပြောခံရတဲ့သူကပဲ တပည့်ဆိုတာအောက်လက်ငယ်သားနေရာလို့ အလိုလိုခံစားနေရလားမပြောတတ်ပါဖူး ။ ဒါပေမယ့် အဲဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဆရာ-တပည့်ဆိုတဲ့ အသုံးအနှုံးက မြန်မာစကားမှာအထက်နဲ့အောက်ကိုရည်ညွှန်းနေသလိုဖြစ်နေပါတယ် ။

ဆရာပြောသမျှကို တပည့်ကလက်ခံရတာမျိုး အပေါ်-အောက်အခြေအနေမျိုးကို နိုင်ငံတကာရဲ့ပညာရေးစနစ်မှာ လျော့နည်းအောင်လုပ်လာကြပါတယ် ။ ဒါဟာ ဆရာတွေအပေါ်တပည့်တွေကထားတဲ့ရိုသေမှုနဲ့ လုံးဝမသက်ဆိုင်ပါဖူး ။ ဘာကိုဆိုလိုလဲဆိုတော့ ko cyberpunk ကွန်မန့်မှာရေးသွားသလို ၊ ဆရာနဲ့တပည့်ကြားမှာ bidirectional flow of information ရှိဖို့ကိုဦးတည်တာပါ ။ ဆရာတွေကပဲ ကျောင်းသားတွေကို တလမ်းသွားအနေနဲ့ပြောတာမလုပ်ဘဲ ၊ နှစ်ဦးနှစ်ဘက်အပြန်အလှန် ဆွေးနွေးကြတာမျိုးပါ ။

အဲလိုဆွေးနွေးတဲ့အခါမှာလည်း ကျောင်းသားတွေဟာ သူတို့သင်ယူနေရတဲ့ဘာသာမှာ သူတို့ကိုသင်ပေးနေတဲ့ဆရာတွေဟာ သူတို့ထက်တတ်ကျွမ်းတယ်ဆိုတာကိုတော့ ယုံကြည်ထားကြပါတယ် ။ ဒါပေမယ့် ဆရာတွေပြောတဲ့အချက်အလက်တွေကို ဘာကြောင့်ဖြစ်ရတယ် ၊ ဘာကြောင့်ရော တခြားဖြစ်လို့မရတာလဲဆိုတာမျိုး ပြန်မေးခွန်းထုတ် ၊ ဆွေးနွေးတာမျိုးဖြစ်ပါတယ် ။ အဲဒီအခါ ဆရာတွေဘက်က သူတို့ချဉ်းကပ်တဲ့နည်းလမ်းသာအမှန်လို့ တထစ်ချပြောမရပါဖူး ။ ဘာလို့လဲဆိုတော့ ဆရာတွေဟာဘာသာရပ်တခုကိုသင်နိုင်တယ်ဆိုပေမယ့် ကိုယ်သိထားတဲ့အမြင်တွေ (perspectives) ကနေနားလည်ပြီးသင်ကြတာမျိုးပါ ။ ဘာသာရပ်တခုဟာ သိပ်ကျယ်ဝန်းတဲ့အတွက် ဆရာတွေဟာ ချဉ်းကပ်လို့ရတဲ့အမြင်အားလုံးသိဖို့ခဲ့ယဉ်းပါတယ် ။ ကျောင်းသားတွေတင်ပြတဲ့အမြင်သစ်တွေကို ဆရာတွေက ကိုယ်သိထားတဲ့မူလအမြင်တွေနဲ့ဆွေးနွေးပြီး ၊ အဖြေတခုကိုအတူထုတ်တာမျိုးလုပ်ရင် ကျောင်းသားတွေဘက်ကအမြင်ကိုဆရာတွေမစဉ်းစားမိတာဟာ ဆရာတွေရဲ့ ညံ့ဖျင်းမှုနဲ့မသက်ဆိုင်တာ ကျောင်းသားတွေနားလည်ပါလိမ့်မယ် ။

အပြောသာလွယ်တယ် ၊ တကယ်လုပ်တော့ဖြစ်ပါ့မလားလို့ ထင်နိုင်ဖွယ်ရှိပါတယ် ။ ပြောသလောက်တော့ တကယ်လုပ်ဖို့မလွယ်တာအမှန်ပါ ။ ဒါကြောင့် အဲလိုလုပ်နိုင်ဖို့ ဆရာတွေဘက်က လာသမျှအမြင်တွေကို လက်ခံစဉ်းစားဖို့ကိုယ့်စိတ်ကိုယ် လမ်းဖွင့်ထားရပါမယ် ၊ နောက်ပြီး တတ်နိုင်သမျှ ကိုယ်သင်ကြားနေတဲ့ဘာသာရပ်ထဲကစာတွေကိုလည်း နောက်ထပ်အမြင်တခုကနေချဉ်းကပ်ရင်ရောရမလားဆိုတာမျိုး တွေးတဲ့အလေ့အထမျိုးလုပ်သင့်ပါတယ် ။

တကယ်တော့တပည့်တွေမေးခွန်းထုတ်တာဟာလည်း ဆရာတယောက်အတွက် သူသင်နေတဲ့ဘာသာရပ်မှာနားလည်မှုပိုင်းအပေါ် အကျိုးရှိစေပါတယ် ။ တပည့်တွေကိုစာသင်ယူဖို့ဆုံးမနေတဲ့ဆရာတယောက်ဟာ ကိုယ်ကိုယ်တိုင်လည်း သင်ယူမှု (learning) ကိုလျစ်လျူရှုထားလို့မရပါဖူး ။ ကိုယ့်ကျောင်းသားတွေအတွက်အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘာသာအမြဲပြင်ဆင်ပြီးလုပ်နေတာမျိုးဟာလည်း စာသင်ယူရာမှာကျောင်းသားတွေအားစိုက်ထုတ်ထားရတဲ့ လုံ့လ၀ရီယအချိန်တွေကို လေးစားရာရောက်ပါတယ် ။

အဲလို ဆရာနဲ့တပည့်ကြားအပြန်အလှန်ရိုသေလေးစားမှုရှိလာမယ်ဆိုရင် စာသင်ခန်းဆိုတာ ကျောင်းသားတွေအတွက် စိတ်လက်ပေါ့ပါးစွာ အကျိုးရှိရှိ ပညာသင်ယူနိုင်တဲ့နေရာတခုဖြစ်လာပါမယ် ။ ဆရာတွေအတွက်လည်း အလားတူအကျိုးတွေရလာနိုင်မယ်လို့ ယုံကြည်မိပါတယ်

No comments:

Post a Comment