21 Feb 2013

ဒါနတရားဖြင့် ငြိမ်းချမ်းသောကမ္ဘာ

••••••••••••••••••••••••••••••
••

“ ယနေ့ကမ္ဘာမှာဖြစ်နေတဲ့ တင်းမာမှုတွေ၊
စစ်ပွဲတွေဟာ Power လွှမ်းမိုးလိုမှု နဲ့
ကြွယ်ဝချမ်းသာမှုကို အလွန်အမင်း
မက်မောနေခြင်းမှာ အဓိကအကြောင်းရင်း
ဖြစ်တယ်။
ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊
နောက်ပြီးတော့ ကောသလတိုင်းက
ကောသလ ဘုရင်ကြီး နန်းလုခံရတာ၊
အဇာတသတ်က အဖေကို သတ်ပြီးတော့
နန်းလုတယ်။ ကောသလတိုင်းမှာ
ကောသလဘုရင်ကို နန်းချပြီးတော့
ဝိဋဋူဘက နန်းလုတယ်၊
Power sharing-မလုပ်လို့။ ဝေသာလီ
ကျတော့ လိစ္ဆ၀ီမင်းတွေက
"ဝေသာလိယာ လိစ္ဆ၀ီရာဇာနော ၀ါရေန
ရဇ္ဇံ ကာရေသုံ"-ဆိုပြီးတော့ ဘုရင်ကို
လေးနှစ် တစ်ကြိမ်, လေးနှစ် တစ်ကြိမ်
ပါလီမန်လွှတ်တော်ထဲကနေ ရွေးပြီးတော့
ဘုရင်ကို တင်မြှောက်သွားတာကို
တွေ့ရတယ်။ ဝေသာလီမှာ ရာဇဂြိုလ်ရဲ့
ဖြစ်ရပ်မျိုး ကောသလတိုင်းမှာမျိုး တခါမှ
မဖြစ်ခဲ့ဘူး။

အဲဒါကြောင့် ဒါနဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို
လှူတာလောက် တခုတည်း မဟုတ်ပဲနဲ့ ဝေတာကော
ယူရမယ်။ ကိုယ်က Billion-အထိ ချမ်းသာနေတယ်
ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့
ဝေပေးပါ။
ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက်
ချမ်းသာနေမယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊
ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊
ပညာရေးလေးတွေ ဝေပေးပါ။

Sharing our positions with the poor people။
Poverty ကမ္ဘာကြီးက အများကြီး poor-ဖြစ်နေကြတယ်၊
poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။
The possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ
tension-မှုတွေ လျော့ပြီးတော့၊ the world fighting,
conflicting-တွေလည်း လျော့သွားမယ်။ ဒါနပါရမီဟာ
အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို
အောင်မြင်တယ်။ ဒါနံ သဗ္ဗတ္ထ သာဓကံ-ဟောထားတာ
ရှိပါတယ်။ Learning the beauty of giving-
ပေးကမ်းစွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို
သင်ယူကြပါ။ We should pity on millions of people
who are living under poverty-line- ဆင်းရဲ မွဲတေ
နေကြတဲ့ လူတွေကို များများကြီးကြည့်ပြီးတော့
မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေ
မွေးကြပါ။ And suffering from diseases and
ignorance- အ၀ိဇ္ဇာကြောင့် ရလာတဲ့ mental disease၊
ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ physical disease၊
အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကို
ကြည့်ပြီးတော့ သနားပြီးတော့ များများကြီး ဝေတဲ့အလုပ်
ဒါနပါရမီကို ဖြည့်ကြပါ။

- ( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာဥာဏိဿရ )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

10 Feb 2013

ဘုရင့်နောင်၊ အိုင်းစတိုင်း၊ ဒေါ်ခင်မျိုးချစ်နှင့် မြန်မာ့ပညာရေး

ဘုရင့်နောင်၊ အိုင်းစတိုင်း၊ ဒေါ်ခင်မျိုးချစ်နှင့် မြန်မာ့ပညာရေး
Written by ဒေါက်တာမောင်သင်း

ပညာရေးကို ယနေ့လုပ်နေကြသလို ပြဋ္ဌာန်းစာအုပ်ထဲက စာကို သင်ပေးခြင်း၊ စာမေးပွဲအောင်မှတ် ကောင်းအောင် လေ့ကျင့်ခြင်း၊ ပြီးတော့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ဖို့နှင့် အဲဒီကဆင်းလျှင် အလုပ်ကောင်းကောင်းရဖို့လောက်သာ ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့လျှင် ခပ်ညံ့ညံ့ပညာရေး သာ ဖြစ်ပါလိမ့်မယ်။ ထိုအဆင့်မြင့် ကမ္ဘာ့ရွာထဲဝင်ဖို့ နေနေသာသာ ခြံစည်းရိုးနားတောင် ကပ်နိုင်မှာ မဟုတ်ပါ။ "ပညာရေး" ဆိုတာ အကြမ်းဖျင်းအားဖြင့် ကျောင်းသင်ခန်းစာကို အခြေခံပြီး မျိုးဆက်သစ် တိုင်းကို "လူကောင်း၊ လူတော် နိုင်ငံကြီးသားမွေးထုတ်တဲ့ လုပ်ငန်း" ပါ။ "ကောင်း" က ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလ ပြည့်စုံကောင်းမွန်သူ ဖြစ်ရမယ်၊ "တော်" ကမိမိရဲ့ အကျိုးစီးပွားသယ်ပိုးမှုဟာ "ပရ" အကျိုး မထိစေရပါ။ ပြီးတော့ ကိုယ်လုပ်သမျှ သူတစ်ပါး (အသိုင်းအဝိုင်း) မြင့်တက်စေလောက် အောင် စွမ်းဆောင်နိုင်စွမ်း ရှိသူပါ။ ပညာရေးဆိုတာ တစ်ဦးချင်းမှသည် အဖွဲ့အစည်းတစ်ခုလုံးကို ဒီလို "တော်" မျိုး၊ "ကောင်း" မျိုး ပြည့်စုံအောင် လေ့ကျင့်ပေးခြင်းပါ။ နိုင်ငံကြီးသားဆိုသူရဲ့ အမြင့်ဆုံး အရည်အသွေးကတော့ "တာဝန်သိစိတ်၊ တာဝန်ယူစိတ် နှင့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်လို စိတ်" တွေနဲ့ ပြည့်စုံခြင်းပါပဲ။

တာဝန်ကိုလည်း မိမိဘာသာသိပြီး တာဝန်ကိုယူကာ အဲဒီတာဝန်ကို အောင်မြင်ပြီးမြောက် ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့တော့ ပညာရေးက "ခေတ်သစ်သတ္တိ" နှင့် "ခေတ်သစ်ကြောက်စိတ်" တွေကို အထုံဖြစ်အောင် ပါသွားအောင် လေ့ကျင့်ပေးရပါလိမ့်မယ်။ သတ္တိဆိုတာ တာဝန်သိစိတ်၊ တာဝန်ယူမှု နှင့် တာဝန်ကျေပွန်မှုတို့နှင့် ယှဉ်တွဲနေပါတယ်။ ဆရာကြီးဇော်ဂျီကတော့ "သတ္တိဆိုတာ အသိဉာဏ် ပညာ" လို့ ဆိုပါတယ်။ Courage is actually knowledge of what is formidable and what is not formidable. ဆိုတဲ့ ဆိုကရေးတီးရဲ့အဆိုကို ထိထိမိမိ ဘာသာပြန်ထားပါတယ်။ မိုက်ရူးရဲဆိုတာ ပညာနှင့်မယှဉ်ပါ။ ပညာနှင့်ယှဉ်ပါမှ သတ္တိပါ။ ဆရာကြီးက သူ့ရဲ့ပလေးတိုနိဒါန်းမှာ ဆက်ဆိုပါသေး တယ်။ "လုပ်သင့်တာကိုသိပြီး လုပ်ရဲမှ သတ္တိ"၊ ပြီးတော့ "မလုပ်သင့်တာကိုသိပြီး မလုပ်ဘဲရှောင်ရှား ရဲတာကိုလည်း သတ္တိ" လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ ဆရာကြီးရဲ့အဆိုကို ထပ်ဖြည့်ပြီး အနက်အဓိပ္ပာယ် ဖွင့်ချင်ပါတယ်။ မလုပ်တတ်ဘဲနှင့် အထက်လူကြီးက တာဝန်ပေးလို့ဆိုပြီး လုပ်မယ့် အစား၊ ရာထူးယူမည့်အစား ငြင်းဆိုရဲတဲ့ သတ္တိပါ။ မိမိလို မတတ်တဲ့သူ၊ မသိနားမလည်တဲ့သူရဲ့ ရာထူး မက်မှုကြောင့် တိုင်းပြည်နစ်နာမယ်။ အနာဂတ်မျိုးဆက်ကို "နွံတောထဲ တွန်းချမယ်" ဆိုရင် ပိုပြီး ငြင်းပယ်ရဲတဲ့ သတ္တိရှိရမယ်ဆိုတာပါ။

နှစ်ဆယ်ရာစုရဲ့ အထွန်းတောက်ဆုံး လူသားဖြစ်တဲ့ အိုင်းစတိုင်းဟာ ဂျူးလူမျိုးပါ။ ဒုတိယကမ္ဘာစစ် အပြီးမှာ ဂျူးလူမျိုးများရဲ့ နိုင်ငံဖြစ်တဲ့ အစ္စရေးနိုင်ငံ ထူထောင်တဲ့အခါမှာ သူ့ကို သမ္မတလုပ်ရန် တိုက်တွန်းကြ၏။ အိုင်းစတိုင်းက သူသည် သိပ္ပံပညာရှင်မျှသာ ဖြစ်၏။ နိုင်ငံရေးကို နားမလည်ပါ။ မလုပ်ပါရစေနဲ့တဲ့။ မတတ်သော၊ နားမလည်သော အလုပ်ဖြစ်သည့် သမ္မတဟူသော နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးရာထူးကိုပင် ငြင်းရဲတဲ့ သတ္တိပါ။

မြန်မာ့သမိုင်းရဲ့ တောင်ငူခေတ်မှာလည်း သောက်စားမူးယစ်နေသော ဘုရင် တပင်ရွှေထီးကိုသတ်၍ မင်းပြုရန် မှူးမတ်များက အကြံပြုသည်ကို "အစ်ကိုတို့ ဒီအကြောင်း ကျွန်ုပ်သာသိစေ၊ အခြားလူ မသိစေနှင့် ကျွန်ုပ်မလုပ်နိုင်" ဟု "မလုပ်သင့် မလုပ်အပ်တာကို ရာထူးမမက်ဘဲ ငြင်းပယ်ရဲတဲ့ သတ္တိ" နှင့် ပြည့်စုံသူမို့ ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်တဲ့ "ဘုရင့်နောင်" ဟူသော မင်းတစ်ပါးအဖြစ် မြန်မာ့သမိုင်းမှာ ထွန်းတောက်ခဲ့တာပါ။ သာမန်လူတွေမက်မောတဲ့ သက်ဦးဆံပိုင် ဘုရင်တာဝန်ကို အလွယ်တကူရနိုင်သော်လည်း "မလုပ်သင့်သော သစ္စာတရားမဲ့သည့်အလုပ်" မျိုးကို ငြင်းရဲတဲ့ သတ္တိ ပိုင်ရှင်ပါ။

သူများနိုင်ငံတွေကိုလည်းကြည့်ရင် ဘယ်တာဝန်ကြီးကတော့ဖြင့် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး နုတ်ထွက်တယ်၊ ဘယ်သူကတော့ ပြည်သူကို ဝန်ချတောင်းပန်တယ်၊ ဘယ်ဝန်ကြီးချုပ်ပေးထားတဲ့ ကတိကို မကျေပွန်လို့ နုတ်ထွက်တယ်ဆိုတဲ့ သတင်းတွေစုံနေအောင် ဖတ်ရတယ်။ လွန်ခဲ့တဲ့ တစ်နှစ် ကျော်က ဂျပန်ဝန်ကြီးချုပ် နုတ်ထွက်ခဲ့တာလည်း အဲဒီသဘောပါပဲ။ သူတက်လာစက "အိုကီနာဝါ ကျွန်းမှာ အမေရိကန်တွေ စခန်းချထားတဲ့ကိစ္စ" ဆောင်ရွက်မယ်လို့ ဂျပန်ပြည်သူတွေကို ကတိပေးခဲ့ပါ တယ်။ ၉ လကြာသည့်အထိ မဆောင်ရွက်နိုင်ခဲ့လို့ နုတ်ထွက်ခဲ့တာပါ။ ကိုယ်ပေးခဲ့တဲ့ ကတိကို သတ္တိ ရှိရှိ တာဝန်ယူတဲ့အနေဖြင့် နုတ်ထွက်ပြလိုက်တာပါ။

မြန်မာ့စာပေလောကမှ လေးစားရတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ ပြောင်မြောက်တဲ့ စကား တစ်ခွန်း မှတ်သားဖူးပါသည်။ ဂျပန်ခေတ်မှာ ဆရာမကြီးဟာ လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ စာတွေကို သယ်ပို့ပေးခဲ့ရပါတယ်။ အဲဒီအကြောင်းကို သိတဲ့လူက "ဆရာမကြီး အဲဒီတုန်းက ဂျပန်တွေ နှိပ်စက်မှာ၊ သတ်လို့သေမှာ မကြောက်ဘူးလား" လို့မေးပါတယ်။ ဆရာမကြီးရဲ့ မှတ်သားစရာ အဖြေက "သေမှာကို ကြောက်ပါတယ်၊ ဒါပေမဲ့ သေမှာထက် ခေတ်တစ်ခေတ်မှာ ကိုယ့်ရဲ့ပခုံးပေါ် ရောက်လာတဲ့ သမိုင်းပေးတာဝန်ကို မကျေမှာ ပိုကြောက်လို့ပါ" တဲ့။ ဆရာမကြီးရဲ့စကားဟာ တာဝန် သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ကျေလိုစိတ်တွေက ပေါက်ဖွားလာတဲ့ သတ္တိပါပဲ။

ယခုတလော သတင်းစာထဲမှာ အမြဲမြင်တွေ့နေရတဲ့ သတင်းကတော့ ပါကစ္စတန်က ကျောင်းသူလေး "မာလာယူဆွတ်ဇိုင်း" ရဲ့ သတင်းပါပဲ။ တာလီဘန်တွေ နှိပ်စက်မှု (အထူးသဖြင့် အမျိုးသမီးများ ပညာမသင်ကြားနိုင်အောင် ဆောင်ရွက်မှု) အကြောင်းကို အူရဒူဘာသာနဲ့ ဘီဘီစီက အသံလွှင့်ဌာန အတွက် ရေးသားခဲ့ပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ခေတ်တစ်ခေတ်ရဲ့ ပခုံးပေါ်ကျလာတဲ့ သမိုင်း ပေးတာဝန်ကို မကျေပွန်မှာကိုစိုးတဲ့ ခေတ်သစ် ကြောက်စိတ်မျိုး သူ့မှာ မရှိခဲ့လို့ပါ။ သူ့ဖခင်ဟာ ကျောင်းဆရာတစ်ဦးပါ။ သူ့သမီးထက် စာပိုတော်တဲ့ ကျောင်းသူတစ်ဦးကို ရေးပေးဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းသူက သတ်မယ်လို့ တာလီဘန်တွေ ခြိမ်းခြောက်တာကို ကြောက်ခဲ့လို့ မရေးဖြစ် ပါ။ သူ့သမီး မာလာကတော့ ဒေါ်ခင်မျိုးချစ်ရဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်သူ ကျောင်းသူပေမို့ ရေးခဲ့ပါတယ်။ သေနတ်ဖြင့် အပစ်ခံရပါတယ်။ သို့သော် သူရော၊ သူ့စိတ်ဓာတ်ရော မသေခဲ့ပါ။ တစ်ကမ္ဘာလုံးက ဂုဏ်ပြုခဲ့ပါတယ်။ သူ့ဖခင်ကျောင်းဆရာကြီးဆီက ရခဲ့တဲ့ ကောင်းမွန်တဲ့ ပညာရေးအမွေပါ။

အားလုံးကို ချုပ်လိုက်လျှင် "ကျွန်တော်တို့ရဲ့ ယနေ့ ပညာရေးဟာ သမိုင်းက ပေးအပ်လာတဲ့ တာဝန် ကိုယ့်ပခုံးပေါ်ရောက်လာရင် သတ္တိရှိရှိ ထမ်းဆောင်နိုင်တဲ့ သူတွေနှင့် မထမ်းဆောင်နိုင်တဲ့ သူတွေနှင့် မထမ်းဆောင်နိုင်မှာကို သေမှာထက်ကြောက်တဲ့ သတ္တိရှိသူတွေ မွေးပေးဖို့" အထူးလိုပါပြီ။ ယနေ့ ခေတ်မှာ ပြည်သူကောင်းကျိုးသယ်ပိုးရန် တာဝန်ယူကြသူ အားလုံးရှိရမည့် သတ္တိကတော့ မိမိကိုယ်ကို ခေတ်ဟောင်း၊ စနစ်ဟောင်း အရေခွံခွာချနိုင်တဲ့ သတ္တိပါ။ နိုင်ငံတိုးတက်ရေးကို ဟန့်တားနေတဲ့ စိတ်ဓာတ်ဟောင်းကို ပြောင်းလဲနိုင်စွမ်း ရှိမှသာ ခေတ်ပြောင်း၊ စနစ်ပြောင်းရဲ့ ပခုံးပေါ်ကျရောက်လာ တဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ဘဝရောက်မှာ။ တာဝန်မကျေမှာကြောက်တဲ့ သတ္တိ မရှိရင်တော့ သတ္တိရှိတဲ့သူကို နေရာဖယ်ပေးဖို့လည်း အထူးလိုအပ်ပါလိမ့်မယ်။ ဖယ်ပေးနိုင်စွမ်းသတ္တိ ရှိတာကိုက အောင်နိုင်ခြင်းပါ။ ရှုံးနိမ့်ခြင်းမဟုတ်ပါ။ မြန်မာ့ပညာရေး ညံ့ခဲ့သလား။ ကောင်းခဲ့ သလားဆိုတာ အဲဒါက အဖြေပါပဲ။ မထမ်းဆောင်နိုင်ရင် မထမ်းဆောင်နိုင်ကြောင်း ပြည်သူ့ရှေ့မှာ ပြောရဲတဲ့၊ နုတ်ထွက်ရဲတဲ့ သတ္တိရှိသူတွေ ဒုနဲ့ဒေးနဲ့ ပေါ်ထွန်းလာမှသာ ကောင်းမွန်တဲ့ပညာရေးက လေ့ကျင့်ပေးလိုက်တဲ့ နိုင်ငံကြီးသား၊ အမွန်မြတ်တွေပါ။ အဲဒီစိတ်ထားမျိုး မရှိဘဲ ကိုယ့်အတ္တ အကျိုးကြောင့် မပြောရဲ၊ မဆိုရဲတာလည်း တာဝန်ကို ရှောင်လွှဲတာပါ။ တာဝန်မကျေပွန်တာပါ။ သမိုင်းတရားခံဘဝ ရောက်တာပါပဲ။ ဒါဟာ ခပ်ညံ့ညံ့ပညာရေးက လေ့ကျင့်ပေးလိုက်တဲ့ သားကောင် တွေပါ။ အဲဒီလို နိုင်ငံသားတွေ မများရေးဟာ ပညာရေးရဲ့ အဓိကတာဝန်ပါ။

ကျွန်တော်တို့ပညာရေးက ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ပခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ကို မကျေပွန်မှာစိုးတဲ့ ခေတ်သစ်ကြောက်စိတ်လို့ခေါ်တဲ့ သတ္တိမျိုးရယ်၊ မလုပ်တတ်တာကိုငြင်းရဲတဲ့ အိုင်းစတိုင်းလို သတ္တိမျိုးမွေးပေးနိုင်မှ အဆင့်အတန်းရှိပြီး အောင်မြင်တဲ့ ပညာရေးပါ။ ယနေ့ခေတ်ကို က "သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ" ဆိုတဲ့ "သူများရဲ့ ပုံရိပ်မှီသတ္တိ" မျိုး မွေးပေးရမည့် ခေတ်မဟုတ် ပါ။ "သင်ကောင်းရန် ကျွန်ုပ်က အရင်ဆုံး ကောင်းပြပါ့မယ်" ဆိုတဲ့ ကိုယ်ကစပြီး အရင် တာဝန်ယူ၊ တာဝန်ကျေစေရမည်ဆိုတဲ့ သတ္တိမျိုး မွေးပေးရမယ့် ခေတ်ပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသား အားလုံးထဲမှာမှ ပညာရေးမှာ တာဝန်ရှိသူတွေနှင့် ပညာရေးဝန်ထမ်းတွေက အရင်ကောင်းပြရမည့် အချိန်ပါ။ ကျွန်တော်တို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ သတ္တိမျိုးမွေးကိုမွေးရပါမယ်။ မမွေးနိုင်ဘူးဆိုရင် တော့ ပညာရေးရဲ့ သမိုင်းတရားခံဘဝ မရောက်ဖို့တော့ အိုင်းစတိုင်း (မလုပ်တတ်တာ ငြင်းရဲတဲ့) နှင့် ဘုရင့်နောင် (မလုပ်သင့်တာ၊ မလုပ်အပ်တာသိပြီး မလုပ်ရဲတဲ့) တို့လို သတ္တိမျိုးရှိဖို့ လိုပါပြီ။ ဒါမှသာ ကျွန်တော်တို့ လေ့ကျင့်ပေးလိုက်တဲ့ မျိုးဆက်သစ်တွေဟာ "တော်"၊ "ကောင်း" ပြီး ပရအကျိုးသယ်ပိုး လိုတဲ့ "ခေတ်သစ်သတ္တိနှင့် ခေတ်သစ်ကြောက်စိတ်" ပြည့်ဝတဲ့ နိုင်ငံကြီးသားတွေ ဖြစ်ကြမှာ။ အဲဒီလို နိုင်ငံကြီးသားတွေ ပြည့်လျှမ်းမှ "ငြိမ်းချမ်းသာယာမှု"၊ "လွတ်လပ်မှု"၊ "တရားမျှတမှု"၊ "တန်းတူအခွင့် အရေးရှိမှု" တွေ ခညောင်းတဲ့ မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်မှာ။



ဒေါက်တာမောင်သင်း

The Politics Journal

No.2, 31. Jan.2013



NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language