12 Dec 2012

စာဖတ်ခြင်း နှင့် ပိုမိုတိုးတက်သော ဘဝ



စာမတတ်သူသည် တံခါးပေါက်မပါသော အိမ်နဲ့ တူ၏ ။အပြင်သို့ ဘာမှ မမြင်ရ။
စာတတ်ပြီး စာမဖတ်သူသည် တံခါးပေါက်ရှိပါလျှက် မဖွင့်သောအိမ်နဲ့ တူ၏ ။ 
 အသိပညာတံခါးပိတ်လျှက် ရှိ၏ ။ စာဖတ်ခြင်းသည် လူတို့ အတွက်
ကျယ်ပြန့် သော ဗဟုသုတ ၊ အကြားအမြင်ရစေ၏ ။ 
စဉ်းစားဆင်ခြင်နိုင်သော ဥာဏ်ပညာကိုလည်း ဖြစ်စေ၏ ။
                                                                        ( လယ်တွင်းသား စောချစ် )


ရှေးလူကြီးများ၏ ဆိုရိုးစကား အရ "စာမတတ်သူ ၊ စာမဖတ်သူသည် မျက်စိကန်း နေသူဖြစ်သည် '' ဟု ပြောဆိုခဲ့သည်ကို မှတ်သားခဲ့ရ ဖူးပါသည် ။ထိုအပြင့် ''စာအုပ် ၊ စာပေ လူမိတ်ဆွေ '' ဆိုတဲ့ မြန်မာစကားပုံ နှင့်အညီ မိမိတို့အား အရာရာကို သွန်သင်ဆုံးမပေးနေသည့်အရာမှာ စာအုပ်ကောင်းများပင် ဖြစ်ပါသည် ။ '' ဖတ်ပြန်သော်ကား ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေတိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည့် '' ဆိုသည့် ရှင်မဟာရဌသာရ၏ ဆုံးမစာပါ အတိုင်း ပညာမရှိသော ဇနီးသည် ၊ မလိမ္မာသော သားသမီးများပင် စာပေစကားကို နေ့တိုင်းကြားဖန်များလာပါက ဗဟုသုတများ ပြည့်စုံလာကာ လိမ္မာရေးခြား ရှိလာမည်ဖြစ်သည် ။

ကျွန်တော်တို့လူငယ်တွေ တစ်နေ့တစ်နေ့အားလပ်ချိန်တွေကို စာဖတ်ခြင်းဖြင့် အကျိုးရှိစွာ အသုံးပြုစေချင်ပါတယ် ။ မည်သူမဆိုယနေ့ ညအိပ်ယာဝင်ချိန်သည် ယနေ့မနက် အိပ်ယာထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ်ပညာ ပိုရှိနေရမည်။ သို့မဟုတ်ပါက လူသားတစ်ဦးအနေနှင့် အကြီးမား ဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည် ဟု လီယိုဗတ်စကာဂလီယာ က ပြောခဲ့ဖူးသည်။ မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။

ဒီအတွက် မည်သို့လုပ်မည်နည်း ................. ?????

တစ်နည်းသာရှိသည် " စာဖတ်ပါ " ။ နေ့စဉ်ဖတ်ပါ ။ စာဖတ်သည် ဆိုရာ၌ ငြင်းခုံဝေဖန်ရန်၊ တစ်ဖက်လူ မှားကြောင်း သက်သေသက္ကာယ ပြရန် သက်သက် အတွက် မဖတ်နှင့်။ ပြောသမျှယုံကြည်ရန်၊ သူဆိုတိုင်း လက်ခံရန်ဖတ်ခြင်းမျိုးလည်း မဖြစ်စေနှင့်။ အလားတူ ပြောစရာဆိုစရာ ရရုံအတွက်မျှလည်း မဖတ်နှင့်။ အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။ စာဖတ်ခြင်းသည် လူအားပြည့်ဝစေ၏၊ ဆွေးနွေး ပြောဆိုခြင်းသည် အသင့်ပြင်ဆင်ပြီးဖြစ်စေ၏၊ ရေးမှတ်ခြင်းက တိကျစေပေသည်။ စာအုပ်အမျိုးမျိုးတို့အနက် သမိုင်းကျမ်းတို့သည် ဖတ်သူအား အမြင်ကျယ်စေသည်။ ကဗျာစာဆိုတို့ကမူ ကွန့်မြူးသော ဥာဏ်ဖြင့် ထူးကဲရှုမြင်တတ်စေသည်။ သင်္ချာကား လျင်မြန်သော ဥာဏ်ကို ပေးသည်။ သဘာဝသိပ္ပံသည် ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေပြီး ဒဿနက တည်ကြည်
လေးနက်စေသည်။

ယုတ္တိဗေဒနှင့် ၀စနာလင်္ကာရ(အာဝဇ္ဇန်း) ပညာများကမူ သူတပါးနှင့် ရင်ဆိုင်ယှဉ်ပြိုင် ပြောဆိုနိုင်ပေသည်။ ဖတ်သောစာတို့သည် ဖတ်သူ၏ စရိုက် လက္ခဏာများ အဖြစ်သို့ ကူးပြောင်းကြမြဲဖြစ်၏။ ထိုကြောင့် မည်သည့်စာပေအမျိုးအစားကိုမဆို ဖတ်သင့်ပါတယ် ။အကောင်းနဲ့အဆိုးဆိုတာ အမြဲတွဲလျက်ရှိတာကြောင့် စာဖတ်တဲ့အခါမှာလည်း စာအုပ်ထဲက အကြောင်းအရာများဟာ မိမိရဲ့ အတွေးအခေါ်ကို အဆိပ်အတောက် မဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်။ စာဖတ်တဲ့သက်တမ်း ကြာလာတဲ့အခါမှာ ဘယ်လိုစာအုပ်မျိုးက ဖတ်ရှုသင့်သလဲ ၊ ဘယ်လို စာအုပ်မျိုးက မဖတ်ရှုသင့်ဘူးလဲဆိုတာကို စာဖတ်သူဟာ သူ့ အလိုလို သိမြင်လာပါတယ်။ စာဖတ်ခြင်းဖြင့် ဝေါဟာရများ ကြွယ်ဝလာသလို ဘာသာစကားကိုလည်း ကျွမ်းကျင်လာပါတယ်။ စာဖတ်တယ်။ ပြီးလျှင် တွေးတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။

နောက်ဆုံးမှာတော့ ပေးထားတဲ့အချက်အလက်များကို အသုံးပြုပြီးတော့ ဆက်လက်လုပ်ဆောင်သွားတယ်။ ဒီအခြေခံအသိပညာကတော့ ဘာသာရပ်တိုင်းမှာ အတူတူပင်ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ ဘယ်ဘာသာရပ်ကိုမဆို လေ့လာသင်ယူနေတဲ့သူများအတွက် အကျိုးကျေးဇူးများပါတယ်။ ထို့အပြင် စာဖတ်ခြင်းဖြင့် စာရေးခြင်းစွမ်းရည်ကိုလည်း တိုးတက်လာစေပါတယ်။ စာဖတ်နေစဉ်မှာ မိမိနဲ့ မကျွမ်းဝင်တဲ့ စာအုပ်ပါအကြောင်းအရာများကို တွေးတောမိတတ်ပါတယ်။ ထိုသို့ တွေးတောခြင်းဟာ ဦးနှောက်ရဲ့ မီးခိုရောင်ဆဲလ်များကိုပါ ပိုမို အသုံးပြုစေတဲ့အတွက် စာဖတ်သူဟာ ပိုမို ထက်မြက်တဲ့သူ ဖြစ်လာပါတယ်။ စာဖတ်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့ အရည်အသွေး တိုးတက်ကောင်းမွန်စေ
တာတင်သာမကပဲ လုပ်ငန်းခွင်မှာလည်း တိုးတက်ကောင်းမွန်စေပါတယ်။ စာအုပ်များထဲမှ ယဉ်ကျေးမှု၊ ဘာသာ၊ စီးပွားရေးများအပြင် အခြားအကြောင်းအရာများစွာကို လေ့လာ သိရှိနိုင်ပါတယ်။

မိမိနဲ့ အတွေးအမြင် ရှုထောင့်မတူညီတဲ့ အာဘော်ကို စာအုပ်ထဲမှာ ဖတ်ရှုရတဲ့အခါမှာ စာရေးဆရာနဲ့ မိမိနဲ့အကြားမှာဒီမတူညီတဲ့ အမြင်ရှုထောင့် ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို စဉ်းစား ဆင်ခြင်မိစေ ပါတယ်။ အဲဒီလို မိမိနဲ့ မတူညီတဲ့ဖက် တစ်ခုကနေ တွေးတော စဉ်းစားမိတဲ့အခါမှာ မိမိရဲ့ စိတ်ဟာလည်း အခြားသူများကို နားလည်လာပြီး ပိုမို ပွင့်လင်းလာပါတယ်။ အခြားသူတစ်ဦးရဲ့ ဖြစ်တည်နေမှုကိုလည်း လေးစား လာတတ်ပါတယ်။ မဂ္ဂဇင်းများ၊ ခေတ်လွန်များ၊ ဘဝသရုပ်ဖော် ဝထ္ထုများ ဘယ်စာကို မဆို ဖတ်ဖို့ပဲ အရေးကြီးပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ခြင်းဖြင့် စာရေးဆရာက ရှုထောင့်တစ်မျိုးမှ တင်ပြထားသော် လည်း စာဖတ်သူက လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ပြီး လွတ်လွတ်လပ်လပ် စိတ်ကူး မျှော်မြင်နိုင်ပါ တယ်။ စာဖတ်ခြင်းဖြင့် ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ် မြင့်မားလာပါတယ်။

စာများများ ဖတ်လေလေ၊ လူအများက မေးတဲ့ မေးခွန်းတွေကို မိမိက ပိုမို ဖြေလာနိုင်လေလေ ဖြစ်လာပြီး နောက်လူအများ မဖြေရှင်းနိုင်သော ပြဿနာများ၊ အမေးပုစ္ဆာများကို မိမိက ဖြေရှင်းလာနိုင် ပါတယ်။ အဲဒီအတွက် မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ရှုတယ်ဆိုရင် စာအုပ်ထဲက ဇာတ်ကောင်များ၊ ဇာတ်လမ်း ဇာတ်ကွက်များကို မှတ်မိတဲ့အလေ့ ဖြစ်လာပြီးနောက် မှတ်နိုင်စွမ်း မှတ်ဥာဏ်ကလည်း ပိုမို ကောင်းမွန်လာပါတယ်။ စာဖတ်တဲ့သူမှာ အများတကာကို ဝေမျှစရာ အကြောင်းအရာများစွာ ရှိနေတတ်ပါတယ်။ စာများများဖတ်လေလေ ဝေမျှစရာတွေက မကုန်နိုင်လေပါပဲ။ နောက်ဆုံး ဘာမှ အကျိုးကျေးဇူး မရှိဘူးပဲ ထားပါဦးတော့။

ဘဝရဲ့ နေ့ရက်တွေမှာ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အချိန်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ အကျိုးကျေးဇူးများ လွန်းတဲ့အတွက် အားလပ်ချိန်မှာ စာဖတ်ခြင်း အလေ့အထဟာ မွေးမြူသင့်တဲ့ အကျင့်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

''ဗာဟုဿဉ္စ၊ သိပ္ပဉ္စ'' ဗဟုသုတအကြားအမြင်များခြင်း၊ အတတ်ပညာရှိခြင်း၊ တတ်မြောက်ခြင်းသည် 'မင်္ဂလာ' မည်ကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သကဲ့သို့ပင် စာအုပ်စာပေများစွာ ဖတ်ခြင်းဖြင့် မိမိတို့ဘဝကို ပိုမိုတိုးတတ်ကောင်းမွန်သော ဘ၀ကို တည်ဆောက်နိုင်ကြလိမ့်မည်ဟု ကျွန်တော်ထင်မြင် ယူဆပါသောကြောင့် ကျွန်တော်တို့လူငယ်တိုင်း စာဖတ်ကြပါ လို့ နှိုးဆော်တိုက်တွန်းလိုက်ပါရစေခင်ဗျာ ။

ကိုးကားသော လင့်များ - http://theinzawygn.blogspot.com/
ကိုပဲလေး ဘလော့မှ ကူယူးဖော်ပြသည်။။။။။။။။။

12 Nov 2012

သာသနိကမြေ လှူဒါန်းခြင်း

သာသနာတော်နှစ် ၂၅၅၆ ခုနှစ် ကောဇာ သက္ကရာဇ် ၁၃၇၄ခုနှစ်  သီတင်းကျွတ်လပြည့်ကျော်(၇)ရက် အင်္ဂါနေ့(၆၊၁၁၊၂၀၁၂)နေ့တွင် ဖခင်ကြီး ဦးကြင်+မိခင်ကြီး ဒေါ်ခင်ဌေးမြင့်တို့အား အမှူးထား၍ ကိုခင်မောင်ဦး နှင့်မိသားစု (55,Brook street #apt 7,acton MA 01720,USA)တို့မှ  အင်းစိန်မြို့၊ပိန္နဲကုန်းရပ်၊သီရိလမ်းရှိ မိမိပိုင် စက်ရုံအား ကျောင်းအဖြစ် သီတင်းသုံး သာသနာပြုနိုင်ရန်လှူဒါန်းပါသည်။
ယင်းမြေအား သီရိရတနာ ပညာဗိမာန်ကျောင်းတိုက်ဟု နာမည်တပ်ခဲ့သည်။ ရေစက်ချ လှူဒါန်းပွဲ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဟင်္သာတ noble ပရဟိတဆရာတော်မှ ဆောင်ရွက်ပြီး နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဌဟင်္သာတမိုးကောင်းဆရာတော်ကြီးမှ ရေစက်ချတရားဟောတော်မူသည်။
 အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးအလှူရှင်ဦးခင်မောင်ဦးမှမိဘများဆန္ဒကို
ဖြည့်သောအားဖြင့် မိမိပိုင်မြေပေါ်၌ သာသနာပြုလုပ်ဆောင်နိုင်ရန်လှူဒါန်းခြင်းဖြစ်ပါသည်။။
 အလှူပစ္စည်းဖြစ်သည့် စက်ရုံမြေအား အလှူခံယူတော်မူကြသော ဟင်္သာတ noble ပရဟိတဆရာတော်
ဦးဉာဏာလင်္ကာရ နှင့် လယ်တီစံ-မဟာစည် ကမ္မဌာနာစရိယ အရှင်ခေမာသိရီလင်္ကာရ တို့အားလည်း အထူးကျေးဇူးတင်ကြောင်လျှောက်ထားခဲ့သည်။ ဆွေမျိုးမိတ်သင်္ဂဟ (၁၀၀)ခန့်တက်ရောက်ခဲ့ပြီး (၁၁)နာရီခန့်တွင် အခမ်းအနားပြီးဆုံးသည်။
 အလှူဖြစ်မြောက်ရန်အားတက်သရော်ကူညီကြသော ဒေါက်တာသူရိန်ထွန်း+ဒေါ်သန္တာစိုး(အိပ်မက်စိမ်းဖိနပ်ဆိုင် မိသားစု) နှင့်ဒေါ်ကြည်ကြည်စန်းနှင့်  ဦးသက်ဝင်းတို့အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။
မိုးကောင်းဆရာတော်ကြီး၊ ဖော့ကန် မင်္ဂလာသီရိ ဆရာတော် ဦးစန္ဒာသီရိဘိဝံသ၊ဦးဣန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒဒစာရနှင့် လယ်တီစံ ဆရာတော်များ ကြွရောက် ချီးမြောက်တော်မူကြသည်။
                                                                                               သီရိရတနာ
                                    

1 Nov 2012

ရဟန်းတော်များ၏ ပညာရေး

ပညာရေးသည် သင်ပေးတာအဓိကလား၊ သင်ယူတာအဓိကလား၊ 
မြန်မာနိုင်ငံ၏ လက်ရှိပညာရေး စနစ်သည် စာမေးပွဲကို ဗဟိုပြုထားသည်။ 
အစိုးရကလည်း စာမေးပွဲကိုဗဟိုပြု၊ 
ဆရာ၊ဆရာမ ကျောင်းသူ ကျောင်းသားမိဘများကလည်းစာမေးပွဲကိုဗဟိုပြု၊ 
စာသင်ခန်းသည် ကျောင်းသူ ကျောင်းသားများ၏ သင်ယူရာဌာနမဟုတ်တော့ဘဲ စာမေးပွဲဖြေရန်လေ့ကျင့်ပေးသောဌာနအဖြစ် ပြောင်းလဲသွားကြောင်း၊
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်ကျောင်းသားများကို 
ဘဝတစ်သက်တာ အသုံးဝင်မည့် ဗဟုသုတနှင့် နည်းပညာများကို ပေးစွမ်းနိုင်ရုံမကစဉ်းစားဆင်ခြင်နိုင်သော ဉာဏ်ကို ပေးသည့် ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီပညာရေးစနစ်ကို ကျင့်သုံးကြသောနိုင်ငံများသည် 
'တက်ကြွစွာသင်ယူခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း' 
(Active Learning and Critical Thinking) 
သင်ကြားနည်းစနစ်ကို အသုံးပြုကြကြောင်း 
ဒီလှိုင်းစာစောင်တွင် ဖော်ပြခဲ့သော 
'ဒီမိုကရေစီနှင့် ပညာရေးပြောင်းလဲမှု ကျောင်းသားတွေ ဘယ်လိုသင်မလဲ' 
ဆောင်းပါးတွင် ဒေါက်တာသိန်းလွင် (ပညာရေး) က တင်ပြသွားပါသည်။ 
အထက်ပါ စကားစုသည် ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ကြသော ဘာသာကြီးလေးခု ရှိပါသည်။ 
ထိုအထဲတွင် ဗုဒ္ဓဘာ သာဝင်ဦးရေသည် ၆ဝ ရာခိုင်နှုန်းရှိပါသည်။ 
ရဟန်းတော်ဦးရေနှင့် သီလရှင်၊ အဘိုးအဘွားဦးရေတို့ သည် ခုနှစ်သိန်းခန့်ရှိပါသည်။ ထိုအရေအတွက်ဦးရေတို့ကို ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့က 
ကျွေး မွေးပြုစုစောင့်ရှောက်ထားပါသည်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကဆရာတော်တစ်ပါးက 
ရဟန်း၊ သီလရှင်၊ ဘိုးဘွားတို့နေ့စဉ် ကျွေးမွေးထားရသည့် ကုန်ကျစရိတ်မှာ (တစ်နေ့တာ) စစ်ကိုင်းတံတားကြီးတစ်စင်းစာမျှလောက်အထိ ရှိကြောင်း သြဝါဒပေးဖူးပါသည်။ ဟုတ်မည်ထင်ပါသည်။

ကောင်းပြီ။ ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကနေ ကျွေးမွေး၊ 
နေရာထိုင်ခင်း၊ အဆောက်အအုံတွေပေး၍ အကိုးကွယ်ခံ အဓိကရဟန်းတော်များနဲ့ သီလရှင်များသည် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကို ဘယ်လို အထောက်အပံ့တွေပေးနေပါသလဲဆိုတာ ဆန်းစစ်ဖို့လိုပါသည်။ 
အကိုးကွယ်ခံ သက်သက်နဲ့နေသွား မည်ဆိုလျှင် 
ကြာလာရင် ပြတိုက်ထဲသွားကြည့်ရမည်ဖြစ်သည်။

ခေတ်သစ်စနစ်သစ်ပြောင်းလဲနေသည့် ဒီမိုကရေစီခေတ်မှာ 
သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေကိုလည်း 
စည်းစနစ်ကျနစွာ စိစစ်ဖို့ လိုလိမ့်မည်ဟု ထင်သည်။ 
ဒါမှသာ အထက်တန်းကျကျ မျက်နှာပန်းလှ လှ ကမ္ဘာ့အလယ်မှာ 
ဗုဒ္ဓဘာသာရယ်လို့ ဝံ့ကြွားနိုင်မည်ဖြစ်ပါသည်။ 
အဲသလိုမှမဟုတ်ဘဲ ဝတ်ချင်သ လိုဝတ်၊ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်သလို ထွက်ဆိုရင်၊ လမ်းဘေးတကာ ဈေးတကာသပိတ်ပိုက်ပြီး အလှူခံနေမည်ဆိုရင် 
ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာဝင်တွေ မျက်နှာငယ်ရမည်ဖြစ်ပါသည်။

နောက်ပြီး အရည်အချင်းပြည့်သည့် သာသနာ့ ဝန်ထမ်းရဟန်းတော်များကို အခွင့်အရေးတစ်ရပ်ပေးရင် မကောင်းပေဖူးလားဟု တွေးမိသည်။ 
ဥပမာ-နိုင်ငံတော်ကဖြစ်စေ၊ လူမှုရေးအဖွဲ့အစည်းကဖြစ်စေ၊ 
ပစ္စည်းလေးပါး ပြည့်စုံအောင် ထောာက်ပံ့ပေးသင့်သည်။ 
ပြည်သူလူထုအပေါ် အမြဲတမ်းမှီခိုနေရမည် ဆိုရင်လည်း သဘာဝမကျပေ။ 
ပြည်သူလူထုမှာ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ လုံးပတ်ချာနေရ၍ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ရဟန်းတော်တွေက ဗုဒ္ဓဘာသာဝင်ပြည်သူလူထုကို ဘာတွေလုပ်ပေးနေသလဲဆိုတာ အရေးကြီးသည်။ 
တိုက်ပိတ်ပြီး ရဟန်းတော် အချင်းချင်း စာပေသင်ကြားပို့ချခြင်းဖြင့်လည်း ခရီး မတွင်နိုင်ပေ။ ယနေ့ကာလတွင် B.A၊ M.A၊ Ph.D ဘွဲ့ရ ရဟန်းတော်တွေပေါသော်လည်း 
၎င်းရဟန်း တော်များသည် ဒကာ၊ ဒကာမတွေထံ အလှူခံရင်း ရုန်းကန်နေကြရပါသည်။
သာသနာ့ဝန်ထမ်း ရဟန်းတော်များအနေဖြင့် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့ကို 
တစ်စိတ်တစ်ပိုင်း အနေနဲ့ အားကိုးသင့်၊ အားကိုးထိုက်အောင် လုပ်ငန်းတစ်ခုခုလုပ်ဆောင်ပေးနိုင်ရမည်။
ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်တို့ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးသည်
ပြတိုက်တွင်သွားထားရမည့် ပညာရေးစနစ်ဖြစ် ပါသည်။
 ကမ္ဘာတွင်ဝင့်ကြွားနိုင်အောင် များစွာကြိုးစားဖို့လိုပါသည်။
ဥပမာ-၂ဝဝ၄ ကမ္ဘာအေးမဟာပါသာဏ လိုဏ်ဂူတွင်ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံအစည်း အဝေးကိုကြည့်ရင် 
သာသနဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကိုသိနိုင်ပါသည်။ 
ထိုညီလာခံအ စည်းအဝေးပွဲတွင် 
မည်သည့် တိပိဋကဓရတစ်ပုံဆောင်၊ နှစ်ပုံဆောင်၊ သုံးပုံဆောင်တွေမှ 
အင်္ဂလိပ်လို ဝင်ရောက်ဆွေးနွေးသူ မရှိသလောက်နည်းခဲ့သည်။ ရေငုံနှုတ်ပိတ်နေကြသည်များသည်။ 
ထိုအစည်းအဝေးပွဲကို သင်ခန်းစာယူ၍ ယခုအခါ တိပိဋကဓရ ဆရာတော်တစ်ပါးသည် အောက်စ်ဖို့တက္ကသိုလ်တွင် မခံချင်စိတ်ဖြင့် အင်္ဂလိပ်စာသင်ယူနေသည်။ ပညာသင်သည်ဆိုသည်မှာ ကြီးငယ်အချိန်မရွေးပါ။ 
သို့ သော်လည်း လူ့ဘဝသည်အချိန်တိုတောင်းလှပါသည်
ထိုသို့ခေတ်ရှေ့ရေးကို ကြိုတင်မြင်တော်မူ၍ 
မင်းကွန်းတိပိဋကဆရာတော်ကြီးဦးစီး၍ မန္တလေး၊ ရန်ကုန်တို့တွင် 
နိုင်ငံတော်ပရိယတ္တိ သာသန တက္ကသိုလ်ဆိုပြီးနှစ်ခု တည်ထောင်ခဲ့ပါသည်။ 
နောက်ပေါ် ထွန်းတော်မူလာသည့် တိပိဋကဓရဆရာတော်များ လုပ်ဆောင်ချက်များက မင်းကွန်းဆရာတော်ကြီး နှင့်ယှဉ်လျှင် 
အကောင်အထည် ဖော်နိုင်မှုအားနည်းသည်ဟုမြင်ပါသည်။ 
မင်းကွန်းဆရာတော်ကြီး၏ ခြေလှမ်းကို လိုက်မနင်းနိုင်ရင်
မင်းကွန်းဆရာတော်ကြီး၏ ဂုဏ်သိက္ခာကိုတက်စေမှာမဟုတ်ပါ။

နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်သည် မန္တလေး၊ ရန်ကုန်နှစ်ခုသာရှိ၍ 
ထပ်မံတိုးဖွဲ့ ဖွင့်လှစ်ရန် လိုပါသည်။ ဓမ္မာစရိယ သုံးကျမ်းအောင်ပြီးကာမှ 
တက်ရသည့် I.T.B.M-U ခေါ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ဆိုပြီး တက္ကသိုလ်လည်းရှိပါသည်။ ထိုတက္ကသိုလ်ကတော့ 
ပြည်ပရဟန်းတော်များကို အဓိကရည်ရွယ်၍ ဖွင့်ထားခြင်းဖြစ်ပါသည်။ 
အမေရိကန်၊ ဂျပန်၊ အရှေ့တောင်အာရှမှ ကြွလာသည့် ရဟန်းတော်များနှင့်
မြန်မာရဟန်းတော် အနည်းငယ်တို့ တက်ရောက်နေကြပါသည်။
မန္တလေး၊ ရန်ကုန်တက္ကသိုလ်နှစ်ခုတွင် တက်ရောက်ရမည့် ရဟန်းတော်များသည် 
ပထမကြီးတန်း အောင်၊ အင်္ဂလိပ်စာ ၁ဝ တန်း၊ တက္ကသိုလ် ဝင်တန်းအဆင့်ရှိရမည်ဖြစ်ပါသည်။ တစ်နှစ်ကိုတက္ကသိုလ် နှစ်ခုပေါင်း ၆ဝ ကျော်ကျော်လောက်သာ ဝင်ခွင့်ပေးထားပါသည်။ 
တစ်နှစ်ကို ပထမကြီး တန်းအောင် သံဃာအရေအတွက်က ၅,ဝဝဝ ကျော်နှင့် 
ဓမ္မာစရိယကျမ်းပြီး အရေအတွက်က ၂၅ဝ ကျော်တို့ဖြစ်ပါ သည်။ 
အောင်သည့် အရေအတွက်နဲ့ တက္ကသိုလ်တို့မှာ လုံးဝမျှတမှုမရှိပါ။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကို အခုအချိန်ပြောင်းလဲပြီး 
ခေတ်မီမီ စီမံမည်ဆိုရင် နောက်မကျသေးပါ။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ 
ပညာရေးတွင် ပါဠိပထမပြန်ကစ၍ အင်္ဂလိပ်၊ သင်္ချာတို့ကိုတွဲ၍ သင်သင့်ပါသည်။ 
ယနေ့ မ-ဟ-န ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ထေရဝါဒသြဝါဒစရိယဆရာတော်ကြီး ဦးသျှောင်ဆရာတော်ကြီးနှစ်ပါးတို့မှာ လောကီ (B.A) ဘွဲ့ အသီးသီး 
ရရှိတော်မူ ထားကြသည့် ဆရာတော်ကြီး များဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူလူထုတို့အတွက် တစ်ထောင့်တစ်နေရာက 
အကျိုးရှိစေရန် သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပ
ညာရေးကို အဆင့်မြင့် ပညာရေးအဖြစ် ပြောင်းလဲသင့်ပါကြောင်း ….။
7 DAY NEWS JOURNAL
http://www.dhammagarden.com/http://www.maukkha.org/ မှ ကူးယူဖော်ပြပါသည်။

25 Oct 2012

ထိုအပြုံး



ပြင်သစ်စာရေးဆရာအန်တွိုင်းဆန်တက်ဇူပေရီ၏ “မင်းသားလေး”( The Little Prince) ၀တ္ထုကိုစာသမားတော်တော်များများသိကြပါသည်။ ကလေးများအတွက် နှစ်ခြိုက်ဖွယ် ပုံပြင် တစ်ပုဒ်ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသောစာအုပ် တစ်အုပ်လည်းဖြစ်ကြောင်းဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။

“မင်းသားလေး” ကိုသိသော်လည်းဆန်တက်ဆူပေရီ၏ အခြားဝတ္ထုတို-ရှည်များကိုကားသိသူနည်းလှပါသည်။ ဆန်တက်ဆူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်းနာဇီတို့နှင့်တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကလည်းသူသည် စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအားဆန့်ကျင်သည့်ဘက်က ၀င်ေ၇ာက်တိုက်ခိုက်ခဲ့ပြီးယင်းစစ်ပွဲကာလသူ့အတွေ့အကြုံတစ်ရပ်ကိုမူတည် ၍ “ထိုအပြုံး”(the smile)အမည်ရှိ ၀တ္ထုတစ်ပုဒ်ေ၇းခဲ့သည်။၎င်းဝတ္ထုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။ “ထိုအပြုံး”ကိုသူသည် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့်ေ၇းသည်လား၊ ၀တ္ထုတစ်ပုဒ်အဖြစ် ဖန်တီင်္းခဲ့ခြင်းလား ကျွန်တော် မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော်ယူခဲ့ပါသည်။
၎င်းစာ၌ ဆန်တက်ဇူပေရီက…
သူ့အားရန်သူတို့ဖမ်းမိသွားပြီးအချုပ်ခန်းတစ်ခုထဲထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံ၇သောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပုံများအရနောက်နေ့မျာတော့ သူ့အားသတ်မှာမုချ ဟုသူယူဆခဲ့ကြောင်းရေးပါသည်။
သည့်နောက် သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလို ပြန်ပြောပါမည်။ “ငါ့ကိုသတ်တော့မှာမုချဟု ကျွန်တော်သိနေပြီ။ လူကအကြီးအကျယ်တုန်လှုပ်ချောက်ချားကာခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာသည်။ အိတ်တွေထဲလျောက်နိုက်ကာစီးကရက် တစ်လိပ်တလေများသူတို့ရှာတုန်းကမတွေ့ဘဲကျန်ရစ်လေမည်လားဟုစမ်းကြည့်မိသည်။ ကံအားလျော်စွာတစ်လိပ်ရသည်။ သို့သော် လက်တွေအကြီးအကျယ်တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာတပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ယူသွားသဖြင့် မရှိတော့။
“ကျွန်တော့အားစောင့်ကြပ်နေသူကိုသံတိုင်ကြားမှနေ၍ ကြည့်မိသည်။ သူကကျွန်တော်နှင့် မျက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့် ဘယ်သူမျက်လုံးချင်းဆိုင်ချင်မည်လဲ။ “မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ” ကျွန်တော် လှမ်း၍ ပြောလိုက်သည်။ သူကျွန်တော့်ကိုလှမ်းကြည့်ပြီးပခုံးတစ်ချက်တွန့်ကာစီးကရက်မီးညှိပေးရန် လျှောက်လာသည်။
သူအနားကပ်ပြီးမီးညှိပေးနေစဉ် အမှတ်မထင် သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော် ပြုံးပြလိုက်ုသည်။ ဘာကြောင့်ပြုံးပြမိသလဲ ကျွန်တော့်ဘာသာမသိ။ ကျွန်တော်စိတ်ဂနာမငြိမ်ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် လူတစ်ယောက်နှင့် တစ်ယောက် အဲသည်လောက် နီးကပ်နေသည့် အခါမျိုးမှာ ပြုံးမပြဘဲမနေနိုင်တာလားမပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲသည် အခိုက်အတန့်မှာသူ့နှလုံးသားနှင့် ကျွန်တော့်နှလုံးသားကြား၊ တစ်နည်းပြောရသော် ကျွန်တော်တို့ လူသားဝိညာဉ်နှစ်ခုကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိလိုက်သည့်အခါမှာ ဖြစ်သလိုမီးပွားတစ်ခုခုန်ကုးသွားသည်ဟုထင်လိုက်ရသည်။ သူ့မှာနဂိုမူလက ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော် ကျွန်တော့်အပြုံးကသံတိုင်များကြားမှနေ၍ သူ့ထံခုန်ကူးသွားပြီးသည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌ လည်းအပြုံးတစ်ခုပေါ်လာသည်။ သူက ကျွန်တော့်စီးကရက်ကိုမီးညှိပေးပြီးနောက် အနားမှ ခွာ၍မသွားသေးဘဲ ကျွန်တော့်မျက်လုံးများကိုစူးစိုက်စွာပင်ကြည့်ကာ ပြုံး၍နေသည်။
ကျွန်တော်လည်းသူ့ကိုဆက်၍ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့်တစ်ယောက်မဟုတ်တော့၊ သူ့ကိုလူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ။ 

ကျွန်တော့်ကိုသူကြည့ှ်ရှုနေပုံ၌လည်းအဓိပ္ပယ်သစ်တွေပါလာပြီ။ “ခင်ဗျားမှာသားသမီးရှိလား” သူကမေးသည်။
“ရှိပါတယ် ခင်ဗျ၊ ဟောဒီမှာဟောဒီမှာ”
ကျွန်တော် ပျာပျာသလဲပိုက်ဆံအိတ်ကိုဖွင့်ကာ ကျွန်တော့်မိသားစုဓါတ်ပုံကိုထုတ်ယူပြီးသူ့အားပြသည်။ သူလည်းသူ့ကလေးများဓါတ်ပုံတွေ ထုတ်လာကာသည်ကလေးတွေနှင့် ပတ်သတ်ပြီးသု့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည်များကိုပြောပြနေသည်။ တဖြည်းဖြည်း ကျွန်တော့်မျက်လုံးထဲမှာမျက်ရည်တွေအိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာစိုးရိမ်ထိတ်လန့်လှကြောင်း၊ သည်ကလေးတွေကြီးပြင်းအောင် စောင့်ေ၇ှာက်နိုင်ခွင့်မရှိတော့မှာပူပန်နေသည့်အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေကိုနားထောင်ရင်းသူ့မျက်လုံးမှာလည်း မျက်ရည်တွေရစ်ဝဲလာသည်။
သည့်နောက်မူဘာစကားတစ်ခွန်းမျှမပြောဘဲသူကရုတ်တရက် ကျွန်တော့်အချုပ်ခန်းတံခါးသော့ကိုဖွင့်ကာ ကျွန်တော့်ကိုအပြင်ထုတ်သည်။ အချုပ်ထောင်အပြင်ဘက်ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြားတိတ်တဆိတ်စွာပင် ဖြတ်သန်းခေါ်ဆောင်လာပြီး မြို့စွန်နားရောက်သည့်အခါ ကျွန်တော့်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် နှုတ်ဆက်စကားတွေဘာတွေလည်းပြောမနေတော့ဘဲ မြို့ဘက်ဆီသူပြန်လှည့်သွားသည်။
“ကျွန်တော့်အသက်ကိုအပြုံးတစ်ခုကကယ်ဆယ်လိုက်ခြင်းပေတည်း။”
မှန်သည်။ ဟန်ဆောင်မှူကင်းသော ကြိုတင်ကြံရွယ်ချက်မပါသော ပင်ကိုသဘာဝအပြုံး(သို့မဟုတ်) လူနှစ်ဦးအကြားအရိုးသားအပွင့်လင်းဆုံးပေါင်းကူးဆက်သွယ်မှု။

ဆန်တက်ဇူပေရီ၏ သည်ဝတ္ထုလေးကိုအလုပ်ခွင်မျာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တစ်တွေမှာဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူးဂုဏ်ထူး၊ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများကဘယ်လိုမြင်စေချင်သည် ဟူသောကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာအထပ်ထပ်ဖုံးကာကိုယ့်ကိုကိုယ် ကွယ်ကာထားကြသည်.။ သို့သော် ဘာတွေဘယ်လိုဖုံးဖုံးအောက်ဆုံးမှာတော့ တကယ့်လူပုဂ္ဂိုလ် အစစ်အမှန်ကရှိနေသည်ဆိုတာသိကြမြင်ကြစေလို၍ ပဲဖြစ်သည်။
အဲသည် အတွင်းပိုင်းအနက်ရှိုင်းထဲကအရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။ ကျွန်တော့်ကိုယ်တွင်းကအဲသည် ၀ိညာဉ်ဟုပဲ ကျွန်တော်အမည်ပေးလိုက်သောအစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းကအလားတူအစိတ်အပိုင်းတို့ အပြန်အလှန်သိကျွမ်းသွားကြပြီဆိုလျှင် ကျွန်တော်တို့ ဘယ်နည်းနှင့်မျှ ရန်သူတွေမဖြစ်နိုင်ကြတော့။ တစ်ယောက်ကိုတစ်ယောက် မမုန်းတီးနိင်၊ မနာလိုဝန်တိုမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်းမရှိနိုင်တော့။
ယခုတော့ ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစားတည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ်ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် အစစ်အမှန်မတွေ့ဆုံနိုင်ကြဘဲရှိနေသည်။ ဆန်တက်ဇူပေရီ၏ ၀တ္ထုက ၀ိညာဉ်နှစ်ခု အပြန်အလှန် တွေ့ထိသိမြင်သွားကြသည့် ထူးခြားသောအခိုက်အတန့်လေးအကြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်းအဲသည်လိုအခိုက်အတန့်လေးတချို့တော့ ကြုံဖူးပါသည်။ ဥပမာတစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကိုရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုးဆိုပ်ါစို့။
နို့စို့အရွယ်ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်းအလားတူဖြစ်မိတတ်သည်။ သည်လိုကလေးငယ်မျိုးကိုတွေ့ရသည့်အခါ ကျွန်တော်တို့ ဘာကြောင့်ပြုံးပြမိတတ်ကြသလဲ။
အပေါ်ယံလွှာတစ်ခုမျှ ကွယ်ကာထားခြင်းမရှိသူတစ်ဦးကိုတွေ့မြင်လိုက်ရ၍လား။ သူ၏အပြုံးဟန်ဆောင်မှူအကင်းဆုံးအပြုံး၊ အစစ်မှန်ဆုံးအပြုံးဖြစ်ကြောင်း ကျွန်တော်တို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူအချင်းချင်းသိကျွမ်းခင်မင်ကာနှစ်လိုအားရစွာပြုံးလိုက်မိခြင်းလား…။

ဖေမြင့်
မူရင်း။ ။Hanoch McCarty ၏ The Smile

24 Oct 2012

ဥယျာဉ်မှူးကောင်းတစ်ဦး၏ ခွန်အား


ပထမဆုံးအကြိမ် မိဘကို ခေါ်တွေ့တဲ့နေ့ကပေါ့...မူကြိုဆရာက ပြောတယ် "ခင်ဗျားရဲ့ သားက ပုံမှန်မဟုတ်ဘူး...သူများကလေးတွေလို မဟုတ်ဘူး...ထိုင်ခုံမှာ ၃ မိနစ်ပြည့်အောင်တောင်ထိုင်ပြီး စာသင်လို့မရဘူး...ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါလား"

အိမ်အပြန်လမ်းမှာ...သားဖြစ်သူက အမေကို ဆရာက ဘာပြောလဲလို့ မေးတယ်...အမေက မျက်နှာမကောင်းဘူး..ဘာလို့လဲဆိုတော့ သူ့သားက အတန်းထဲမှာ အယောက် ၃၀ ရှိတဲ့ အထဲမှာ အညံ့ဆုံးဖြစ်နေလို့လေ...
ဒါပေမဲ့ မိခင်ဖြစ်သူက ပြောတယ်... "ဆရာကပြောတယ်.. သားလေး အရင်တုန်းကဆို ၁ မိနစ်ပဲစာဖတ်နိုင်တယ်...အခုဆိုရင် ၃ မိနစ်တောင် ထိုင်ပြီး စာဖတ်နိုင်တယ်တဲ့...တခြားကလေးအမေတွေက မေမေ့ကို သိပ်အားကျနေတာပဲသားရယ်...ဘာလို့လဲဆိုတော့ သားလေးက အတန်းထဲမှာ အခြေအနေတိုးတက်လာလို့လေ"
အဲဒီညမှာ...သားဖြစ်သူက ခါတိုင်းနဲ့ မတူ ၀မ်းသာပြီး မိခင်ဖြစ်သူက ခွံကျွေးစရာတောင်မလိုပဲ ထမင်းကို ၂ ပန်းကန်တောင်စားတယ်... အမေက အရမ်းဝမ်းသာတာပေါ့...
ဒီလိုနဲ့ မူလတန်းကျောင်းစတက်တော့...မိဘတွေကို တွေ့ဖို့ ခေါ်ခံရပြန်တယ်...
ဆရာက "အတန်းထဲမှာ အယောက် ၅၀ ရှိတယ်...ဒီတစ်ခါ သင်္ချာစာမေးပွဲမှာ ခင်ဗျားသားက အဆင့် ၄၀ ရတယ်...ကျွန်တော်ထင်တာတော့ ခင်ဗျားသားမှာ ဦးနှောက်ဖွံ့ဖြိုးမှု လိုအပ်နေတယ်လို့ထင်တယ်...ဆရာဝန်နဲ့ ပြကြည့်ရင်ကောင်းမယ်ထင်တယ်..."
အိမ်အပြန်လမ်းမှာ မိခင်က ငိုယိုပြီးလာခဲ့တယ်..
အိမ်ရောက်တော့ မျက်ရည်သုတ်ပြီး အပြုံးမပျက် စားပွဲမှာထိုင်နေတဲ့သားကို ပြောတယ်... "ဆရာက သားကို အရမ်းယုံတယ် သားလေးရဲ့...သူကပြောတယ်... သားက မညံ့ဘူးတဲ့...သေချာကြိုးစားရင်..သားဘေးက ခုံမှာ ထိုင်တဲ့ ကောင်လေးထက် အဆင့်သာနိုင်တယ်တဲ့...အဲဒီကလေးက အခု အဆင့် ၂၁ ရတယ်လေ..."
အဲဒီလိုလဲ ပြောပြီးရော...အမေဖြစ်သူက...သားဖြစ်သူရဲ့ မျက်လုံးထဲမှာ အရောင်လက်လာပြီး မျက်နှာမှာ လန်းဆန်းလာတယ် ဆိုတာကို သတိထားမိတယ်...
နောက်တော့ တဖြည်းဖြည်းနဲ့ မိခင်ဖြစ်သူကို အံ့သြစေလောက်အောင် တိုးတက်မှုတွေရလာခဲ့တယ်...အတန်းချိန်ကိုလဲ ခါတိုင်းထက် ပိုလေးစားလာခဲ့တယ်...
ဒီလိုနဲ့ အလယ်တန်းရောက်တော့ ဆရာက တခါ ခေါ်တွေ့ပြန်တယ်...
မိခင်ဖြစ်သူက သားရဲ့ နာမည် ခေါ်မှာကို စောင့်စားရင်းနဲ့ တော်တော်ကြာသွားတယ်...
ဒါနဲ့ သူမက ဆရာ့ကို သွားမေးတယ်... ဆရာကပြောတယ်"ခင်ဗျားသားရဲ့ အခုအခြေအနေအတိုင်းဆိုရင်...အထက်တန်းရောက်ဖို့တောင် လွယ်မှာမဟုတ်ဘူးထင်တယ်.."
သူမလဲ ထိတ်လန့်စွာနဲ့ ကျောင်းအပြင်ကို ထွက်လာခဲ့တယ်...ကျောင်းပေါက်ဝမှာ သားက စောင့်နေတယ်...
လမ်းမှာ မိခင်ဖြစ်သူက သူမရဲ့ သားကို ပုခုံးလေးကိုင်ပြီး...ပြောတယ်..."အတန်းပိုင်ဆရာက သားလေးကို အရမ်းအားရတယ်တဲ့...သူကပြောတယ်...သားသေချာကြိုးစားရင်...အထက်တန်းတက်ဖို့အခွင့်အရေးရမှာတဲ့လေ"
ဒီလိုနဲ့ အထက်တန်းအောင်သွားတဲ့အခါ...တက္ကသိုလ်ကနေ ကျောင်းလျှောက်လွှာနဲ့ ပတ်သက်ပြီး သူမရဲ့ သားကို ကျောင်းကိုလာခဲ့ဖို့ ခေါ်တယ်...
အမေဖြစ်သူက တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မဲ့ သားအတွက်ဂုဏ်ယူမဆုံးဘူးလေ...ပြီးတော့လဲ သားကို သူမ ဘယ်လောက်ယုံကြည်ကြောင်း ပြောလိုက်တယ်...
ဒီလိုနဲ့ သားဖြစ်သူက တက္ကသိုလ်က ပြန်လာတော့...ကျောင်းက ပေးလိုက်တဲ့ ဝင်ခွင့်ထောက်ခံစာ စာရွက်လိပ်လေးကို သူမလက်ထဲပေးလိုက်တယ်...ပြီးတော့ အော်ငိုပြီး မိခင်ကို ပွေ့ဖက်ရင်း ပြောလိုက်ပါတယ်..."မေမေ...တကယ်တော့ သားက မတော်ပါဘူး မေမရေယ်...ဒါပေမဲ့လေ...မေမေက သားကို ချီးကျူးအားပေးနိုင်ဆုံးသူပါပဲ..."
-----------------------------------------------------
ဒီစာလေးကို ဖတ်ပြီး...အားပေးစကားတခွန်းက လူတစ်ယောက်ရဲ့ အမြင်နဲ့ အပြုအမူကို ပြောင်းလဲသွားစေနိုင်သလို လူတစ်ယောက်ရဲ့ ကံကြမ္မာကိုပါ ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ မျက်မြင်သက်သေပါပဲ...
တနည်းအားဖြင့် တိုက်ခိုက်တဲ့ စကားတစ်ခွန်းက အဲဒီလူရဲ့ စိတ်နဲ့ ကိုယ်ကို ကြေမွစေနိုင်ပြီး အနာဂတ်ကို ဖျက်ဆီးနိုင်ပါတယ်....ဥယျာဉ်မှူးကောင်းတစ်ယောက်ဟာ ကိုယ်စိုက်တဲ့အပင်ကို ရှင်သန်ဖို့ မြေသြဇာကောင်းကျွေးရသလို...မိဘတွေကလဲ သားသမီးတိုးတက်ဖို့အတွက်...သူတို့လေးတွေ အမှားလုပ်မိသည့်အခါ သို့တည်းမဟုတ် အားနည်းချက်ရှိသည့်အခါ...အပြစ်မြင်ခြင်းထက် အားပေးစကားတွေနဲ့ ခွန်အားပေးဖို့ အမှန်တကယ် လိုအပ်လှပါတယ်...
ကျေနပ်နိုင်ကြပါစေ...
(ဇေယျာ)
မူရင်း။ ။ 孩子的自信源自父母的信任与支持
20/10/2012, Saturday, 9:30 pm

by စာပေခရီးသွားခြေလှမ်းများ on Saturday, October 20, 2012 at 3:47am ·

18 Oct 2012

English-နားထောင်ခြင်းစွမ်းရည်ကိုလေ့ကျင့်နည်း

အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူသူတိုင်းအတွက် နားထောင်ခြင်းစွမ်းရည် (Listening Skill) သည်မရှိမဖြစ် အရေးကြီးပါသည်။ အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူလိုသူတိုင်း
နားထောင်ခြင်း(Listening)ကို ပထမဆုံးကြုံတွေ့ ရမည်ဖြစ်ပြီး ၎င်းနောက်မှသာပြောခြင်း(Speaking)၊ ဖတ်ခြင်း(Reading)၊ ရေးခြင်း(Writing) တို့ကိုတစ်ဆင့်ပြီးတစ်ဆင့်ဆက်လက်လေ့ကျင့်သင်ယူရမည်။ ယခုတစ်ပတ်တွင် Listening Skill နှင့်ပတ်သက်သည့် ဗဟုသုတ (Knowledge)၊လေ့ကျင့်နည်း (How to practice)များကိုမျှဝေလိုပါသည်။
နားထောင်ခြင်းစွမ်းရည်(Listening Skill) သည် လေ့ကျင့်ရာတွင် တိုးတက်မှုအတွက် အချိန်ယူရန်လိုအပ်သည်။ "အင်္ဂလိပ်ဘာသာစကားကိုချဉ်းကပ်ခြင်း (Approaching the English Language)"ဆောင်းပါးတွင်ဖော်ပြခဲ့သော "အသံထွက်(pronunciation)၊ဖိသံ(stress)၊ linking sound"စသည့် အသံ၏သဘောတရားများကို နားလည်ရန်လိုအပ်ပါသည်။ မတူညီသောလူမျိုးများသည် အသံထွက်တစ်ခုတည်းကိုပင် မတူညီသောလေယူလေသိမ်းများဖြင့် ပြောဆိုကြသောကြောင့် စကားလုံးများအဆင်သင့်ရှိသော်လည်း အကြောင်းအရာတစ်ခုကို နားထောင်သောအခါ (သို့မဟုတ်) ရုပ်ရှင်ဇာတ်လမ်းများကြည့်ရှုသောအခါ ချက်ချင်းနားလည်ရန် မလွယ်ကူပါ။
ထို့ကြောင့် အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူလေ့ကျင့်လိုသူများအတွက် အင်္ဂလိပ်လိုပြောသော ပတ်ဝန်းကျင် လိုအပ်ပါသည်။ သို့သော် မြန်မာကျောင်းသား၊ကျောင်းသူလေ့လာသင်ယူသူများအတွက် ၎င်းပတ်ဝန်းကျင်ကို အမြဲတမ်းရရှိရန်မလွယ်ကူသောကြောင့်Tape, CD, DVD, Movie, Radio, MP3 စသည်များဖြင့်လေ့ကျင့်ကာ အင်္ဂလိပ်ဘာသာဖြင့်ထုံမွှမ်းထားသောပတ်ဝန်းကျင်ကို ကိုယ်တိုင် ဖန်တီးလေ့ကျင့်သင့်သည်။
နားထောင်ခြင်း (Listening) ဆိုသည်မှာ - နားတွင်ကြားရသောအကြောင်းအရာတစ်ခုကိုအာရုံစူးစိုက်ကာအဓိပ္ပာယ်များနားလည်ရန်ကြိုးစားခြင်းကို နားထောင်ခြင်း(Listening) ဟုခေါ်နိုင်သည်။ နားထောင်ခြင်း(Listening) သည် ကြားခြင်း(Hearing) သက်သက်မဟုတ်ပါ၊ ကြားခြင်း(Hearing) ဆိုသည် အသံ(sound) ကိုလက်ခံပေးသော ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်(physical process) တစ်ခုသာဖြစ်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံရာတွင် တဖက်သား၏စကားကို ကြားနေသော်လည်းနားမလည်လျှင်၊ ကိုယ်ကပြောနေသည်ကို တဖက်သားက ကြားနေသော်လည်း နားမလည်လျှင် ပြောဆိုဆက်ဆံမှု (communication)သည် အဓိပ္ပာယ်ရှိမည်မဟုတ်ပါ။ နားထောင်ခြင်း(Listening)သည် နားတွင်ကြားရသောအကြောင်းအရာတစ်ခုကို နားလည်ရန်၊ တုံ့ပြန်အသုံးပြုရန် ကြိုးစားခြင်းဟုဆိုနိုင်ပါသည်။
1. Listening to follow directions or instructions အကြောင်းအရာတစ်ရပ်ရပ်ကိုလိုက်နာရန် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကိုနားထောင်ခြင်း
2. Listening for information သတင်းအချက်အလက်တစ်ခုခုရရှိရန် မိုးလေဝသခန့်မှန်းချက်၊ ကြေငြာချက် စသည်တို့ကိုနားထောင်ခြင်း
3. Listening for enjoyment ရုပ်မြင်သံကြား၊ တီဗွီ၊ဗွီဒီယို၊ရေဒီယိုများ မှ သီချင်း၊ပြဇာတ်၊ဇာတ်လမ်းတို၊သီချင်းစသည်တို့ကိုနားထောင်ခြင်း
4. Listening to discriminate speech sounds ပြောစကားများကိုခွဲခြမ်းစိတ်ဖြာကာအတုယူလေ့ကျင့်ရန် နားထောင်ခြင်း
5. Listening to communicate အပြန်အလှန် ပြောဆိုဆက်သွယ်ရန် နားထောင်ခြင်း
စသည်ဖြင့် လေ့လာသင်ယူမှု အခြေအနေအမျိုးမျိုးကြောင့် နားထောင်သောရည်ရွယ်ချက်များ (purpose of listening) အမျိုးမျိုးကွဲပြားခြားနားပါလိမ့်မည်။ နားထောင်ရန် အကြောင်းအရာရွေးချယ်သောအခါ နားထောင်သူ၏အဆင့်(level) နှင့်ကိုက်ညီရမည်ဖြစ်ပြီးလိုအပ်သောရည်ရွယ်ချက်နှင့်လည်း ကိုက်ညီရမည်၊ရွေးချယ်ထားသောအကြောင်းအရာများသည် ဆက်လက် နားထောင်လိုစိတ်ဖြစ်ပေါ်စေသော အကြောင်းအရာများဖြစ်ရန်လည်း အရေးကြီးသည်၊ ဆိုလိုသည်မှာအကြောင်းအရာတစ်ခုကိုနားထောင်ပြီးအကြောင်းအမျိုးမျိုးကြောင့် ဆက်လက် နားထောင်လိုစိတ်မရှိတော့သော အကြောင်းအရာများကို မရွေးသင့်ပါ။ အကြောင်းအရာတစ်ခုသည် နားထောင်သူ၏အဆင့်(level) နှင့် အကြောင်းအရာကိုက်ညီမှသာလျှင်(ထပ်ခါထပ်ခါ နားထောင်ချင် မှသာလျှင်) အကြိမ်ကြိမ်အထပ်ထပ် နားထောင်လေ့ကျင့်ပြီးတစ်နေ့ထက် တစ်နေ့တိုးတက်လာပါလိမ့်မည်။ မိုးလေဝသသတင်း (Weather Reports) ၊ ကြေငြာချက်များ (Announcements)၊အပြန်အလှန်ပြောစကားများ (Dialogues)၊ စီးပွားရေးလုပ်ငန်းကြော်ငြာများ (Commercial Advertisements)၊ ဇာတ်လမ်းတိုများ(Stories) စသည်ဖြင့် အကြောင်းအရာအမျိုးမျိုးကိုရွေးချယ်နိုင်သည်။ - ပထမဦးစွာမိမိနှင့်ကိုက်ညီမည့် အကြောင်းအရာကိုရွေးချယ်ပါ၊ စတင်လေ့လာသူ(Beginner) များအတွက် ၂ - ၃ မိနစ်ခန့်သာ ကြာမြင့်သောအကြောင်းအရာများကိုရွေးချယ်သင့်ပြီး အတော်အတန်လေ့လာထားသူ(Intermediate) များအတွက် ၃ - ၅ ခန့်ကြာမြင့်သောအကြောင်းအရာများ ကိုရွေးချယ်ပါ။ ရွေးချယ်ထားသောအကြောင်းအရာများသည် စာသားအဆင်သင့်ပါရှိရန်လိုအပ်သည်၊ သို့မှသာ နားလည်မှု(understanding) အတိုင်းအတာကိုပြန်လည်စစ်ဆေးနိုင်မည်။
- စတင်လေ့ကျင့်သောအခါ စာသားကိုမကြည့်ပဲအကြောင်းအရာတစ်ခုလုံး အစအဆုံးတစ်ကြိမ် ဂရုစိုက် နားထောင်ပါ၊ နားထောင်စဉ်တွင် ဘာသာပြန်ရန်မကြိုးစားပဲနားလည်ရန်သာကြိုးစားပါ၊ ၎င်းအတိုင်း (၃) ကြိမ်ခန့်ဆက်တိုက်နားထောင်ပါ။
- အကြမ်းအားဖြင့်နားလည်သောအခါ စကားစုတစ်ခုတိုင်းတွင် ခဏရပ်ပြီးလိုက်ဆိုပါ၊ လိုက်ဆိုသည့် စကားလုံး(သို့မဟုတ်) စကားစုကိုဘာသာမပြန်ပါနှင့်၊ နားကကြားသည့်အတိုင်းသာအတတ်နိုင်ဆုံးပီသအောင်ကြိုးစားပါ။
- စကားလုံးတစ်လုံး၊ စကားစုတစ်ခုကိုအတိုင်းအတာတစ်ခုအထိနားလည်လျှင် ဝါကျတစ်ကြောင်းစီကို အထက်ပါနည်းအတိုင်းလိုက်ဆိုလေ့ကျင့်ပြီးဝါကျတစ်ကြောင်းစီကို မှတ်မိသမျှချရေးကြည့်ပါ။ ၃ - ၅ ကြိမ်ခန့် လေ့ကျင့်လျှင် လေ့ကျင့်နေသောအကြောင်းအရာ၏ စာကြမ်းတစ်ခုရလာမည်။
- အကြောင်းအရာတစ်ခုလုံးကိုရရှိလာသောစာကြမ်းဖြင့် အစအဆုံးထပ်နားထောင်ပြီးလိုအပ်သည်များကိုထပ်မံဖြည့်စွက်ပါ။
- မူရင်းစာသားဖြင့် ရရှိထားသောစာကြမ်းကိုတိုက်ပြီးစစ်ဆေးကြည့်ပါ။ နားလည်မှု(understanding) အတိုင်းအတာကိုတွေ့ရလိမ့်မည်။ အချို့သောစကားလုံးများသည် နားကကြားသည်နှင့် အမှန်တကယ်ပါရှိသည်မှာ ကွဲလွဲနိုင်သည်၊ အချို့သောစကားလုံးများမှာမူရင်းစာသားကိုဖတ်ကြည့်သောအခါ သိသော်လည်း အထက်တွင်ဖော်ပြခဲ့သောအသံ၏သဘောတရားတွင် အားနည်းချက်များရှိသောကြောင့် နားထောင်စဉ် နားလည်ရန် အခက်အခဲရှိသည်ကိုတွေ့ရမည်။ စကားလုံးအသစ်များကိုအဘိဓာန်တွင်ရှာဖွေကြည့်ရှုပါ။
- ဆက်လက်ပြီးမူရင်းစာသားဖြင့် တစ်ကြိမ်ထပ်မံနားထောင်ပါ၊ နားထောင်နေစဉ် အသံထွက်များကိုအနီးစပ်ဆုံးတူညီရန် ကြိုးစားလိုက်ဆိုပြီး (၃) ကြိမ်ထက်မနည်းလေ့ကျင့်ပါ။
- နောက်ဆုံးအဆင့် အနေဖြင့် ပထမဆုံးလေ့ကျင့်စဉ်ကအတိုင်းစာသားကိုမကြည့်ပဲအစအဆုံးနားထောင်ပါ၊ စတင်စဉ်အချိန်ထက် ပိုမိုနားလည်လာသည်ကိုတွေ့ရလိမ့်မည်။ လေ့ကျင့်စဉ် အထူးအရေးကြီးသည်မှာ လုံးဝဘာသာမပြန်ပါနှင့်၊ အသံ၏သဘောတရားကိုဂရုစိုက်ကာနားလည်ရန်သာကြိုးစားပါ။
- အောင်မြင်စွာလေ့ကျင့်ပြီးဆုံးသောအခါ ပစ်မထားပဲမှတ်မိနေစေရန် တစ်ပတ်ခန့်အကြာတွင် ပြန်လည်နားထောင်ပါ၊ ရရှိလာသောနားလည်မှု(understanding) မှ စကားလုံး(word)၊ဝေါဟာရ(vocabulary)၊ ဝါကျ(sentence) များကိုယ်တိုင်တည်ဆောက်ပြီးပတ်ဝန်းကျင်တွင် အလျှင်းသင့်သလိုအသုံးပြုပါ။
အထက်ဖော်ပြပါနည်းများအတိုင်း တစ်နေ့အကြောင်းအရာတစ်ခုနှုန်းဖြင့် နေ့စဉ် ဆက်လက်လေ့ကျင့်ပါ၊ အောင်မြင်မှုတစ်ခုကိုနေ့ချင်းညချင်းမရနိုင်သလို ကျွမ်းကျင်မှု (skill) ကိုလည်းတစ်ရက်တည်း၊ တစ်နေ့တည်းမရနိုင်သောကြောင့် အဖန်တလဲလဲလေ့ကျင့်ရန်လိုအပ်သည်။ မည်သည့်ကိစ္စတွင်မဆို" သိ-ရှိ-နားလည်-လက်ခံ-လိုက်နာ-ကျင့်သုံး "ဟူသည့်အစီအစဉ်ကိုသတိထားပါ။ ကိစ္စတစ်ခုခုကိုသိလည်းသိပါသည်၊ ၎င်းနှင့်ပတ်သက်သော ဗဟုသုတလည်းရှိပါသည်၊ နားလည်းနားလည်ပါသည်၊ လက်လည်းလက်ခံပါသည်၊ အရေးကြီးသည်မှာလိုက်နာ-ကျင့်သုံး ရန်သာဖြစ်ပါသည်။ ဤအကြောင်းအရာကိုဖတ်ရှုပြီးရလိုက်သည်မှာအသိ(Knowledge) သာဖြစ်ပြီးအမှန်တကယ် ကျွမ်းကျင်တတ်မြောက်မှု(Skill)ရရှိရန် အကြိမ်ကြိမ်လေ့ကျင့်မှု(practice) အထူးလိုအပ်ပါသည်။ သီအိုရီကိုသိရှိယုံမျှဖြင့် မလုံလောက်ပါ၊ ဥပမာ- ရေကူးနည်းကိုသိသော်လည်းရေကူးရန်မဖြစ်နိုင်သောကြောင့် ရေထဲဆင်းပြီးအမှန်တကယ် လေ့ကျင့်မှာသာလျှင် ရေးကူးတတ်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ " practice makes perfect " ဟူသောစကား အတိုင်းလေ့ကျင့်ကျွမ်းကျင်အောင်ပွဲဆင် နိုင်ကြပါစေကြောင်း ရည်ရွယ် ရေးသားလိုက်ပါသည်။
Ref: SPOKEN – CONVERSATIONAL ENGLISH; A Resource Book for Teachers of English

Education Digest Journal အတွဲ-(၁)၊အမှတ်-(၃၈)

စာအုပ်တန်း


ကျွန်တော်သည် ခပ်လှမ်းလှမ်းမှ ရပ်၍ စာအုပ်တန်းကို ငေးကြည့်နေမိလေသည်။ ငယ်ငယ်တုန်းကတော့ စာအုပ်တန်းမှန်သမျှကို ရောက်သည်။ မြက်ပင်ကို ဆိတ်ဝါးသလို စာအုပ်တွေကို တအုပ်ပြီးတအုပ် ကောက်လှန်ပြီး မြည်းစမ်းကြည့်သည်။ ဘာရယ်လို့ မဟုတ်။ ရှေ့နားက စာကို ကောက်ဖတ်လိုက်၊ အလယ်နားလောက်ကို ကောက်လှန်လိုက်၊ အမြီးပိုင်းကို ကျော်ကြည့်လိုက်၊ စိတ်မဝင်စားလျှင် ထိုစာအုပ်ကို ချပြီး နောက်တအုပ်ကို ကောက်လှန် ပြန်သည်။ သည်လိုဖြင့် စာအုပ်တန်းတလျှောက်တွင် တဆိုင်ပြီးတဆိုင် စာအုပ်ပုံတွေကြား ထဲတွင် တအုပ်ပြီးတအုပ် ကောက်မြည်းကြည့်သွားသည်။ ဆိတ်တကောင် လျှောက်သွားပြီး မြက်ပင်ကလေးတဆုပ်ကို တဖြုတ်ဖြုတ်ကောက်ဝါးလိုက်၊ တဖန် တနေရာသို့ လျှောက်သွားပြီး မြက်တဆုပ်ကို ကောက်ဝါးလိုက်ဖြင့် မြက်ခင်းကျယ်ကြီးတခုလုံး နေရာအနှံ့လျှောက်သွားနေ သော်လည်း စား၍မဝနိုင်သလို စာအုပ်တောထဲတွင် ကျွန်တော်လျှာက်သွားခဲ့သည်။ စာအုပ်တန်းသို့ ရောက်တိုင်း ကျွန်တော်သည် မြက်ခင်းပြင်ကျယ်ကြီးတွင် ဆိတ်မြက်စားသလို မဝနိုင်၊ မတင်းတိမ်နိုင်ဘဲ စာအုပ်တွေ့သမျှ ကောက်မြည်းကြည့်သည်။ မကြိုက်လျှင် နောက်တအုပ်ကို ကောက်မြည်းသည်။ ကြိုက်လျှင် ဝယ်လာခဲ့သည်။
ငယ်ငယ်တုန်းကတော့ အချိန်လည်း ရသည်။ မျက်စိအမြင်အားလည်း ကောင်းသေးသည်။ ယခုတော့ ငယ်ငယ်တုန်းကလို စာအုပ်တွေ့သမျှကို မဝါးနိုင်တော့ပြီ။ စာအုပ်တန်းကိုရောက်လျှင် စာအုပ်တွေ့သမျှကို လှန်ချိန်မရတော့။ မျက်စိအားကလည်း နည်းလာပြီ။ စာအုပ်ဆိုင်တန်းများတွင် ခင်းထားသော ရောင်စုံပြိုးပြက်နေသည့် စာအုပ်များကို သာ မြင်ရသည်။ သို့ရာတွင် ခပ်လှမ်းလှမ်းက စာအုပ်များကိုမူ ခေါင်းစဉ်များကို ဖတ်၍ မသဲကွဲတော့။ စာအုပ်တိုင်း စာအုပ်တိုင်းကို ကပ်ကြည့်နေ၍လည်း မဖြစ်။ ဆိုင်ရှင့်မျက်နှာကို လည်း ကြည့်ရသေးသည်။ စာအုပ်မြင်သမျှအား ကောက်ကိုင်နေသည်ကို ကြိုက်ပုံမရ။ ထို့ကြောင့် စာအုပ်တန်းရောက်လျှင် ကျွန်တော်သည် ငယ်ငယ်တုန်းကလို စာအုပ်များကို တအုပ်ပြီး တအုပ် မမြည်းနိုင်တော့။ အဝေးမှ လှမ်းကြည့်ရုံသာ တတ်နိုင်တော့သည်။ သို့ရာတွင် ခေါင်းစဉ်တွေကို သဲကွဲခြင်း မရှိ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက စာအုပ်တန်းသည် သည်လောက်လည်း စာအုပ်အမျိုး အမည် မစုံ။ သည်လောက်လည်း အရေအတွက်မများ။ ထိုစဉ်က စာအုပ်ဆိုင်ကြီးဆို၍ ဆူးလေဘုရားလမ်းက စမတ်အင်မူကာဒမ်၊ ပန်းဆိုးတန်းက စီးတီးဘွတ်ကလပ်၊ ကုန်သည်လမ်းက သည်အက်ဂျူကေရှင်းနယ် ဘွတ်စတောနှင့် စပတ်လမ်း(ဗိုလ်အောင်ကျော် လမ်း) က စတင်းဒတ်လစ်ထရေးချားဟောက်စ် လောက်ပဲရှိသည်။ ထိုဆိုင်ကြီးများက စာအုပ်သစ်တွေကို တင်ကြသည်။ သို့ရာတွင် စာအုပ်သစ်တိုင်းကို ကျွန်တော်မဝယ်နိုင်။ တခါက ကျွန်တော်သည် ဆမ္မားဆက်မွန်၏ စာအုပ်ကို မဝယ်နိုင်သဖြင့် စမတ်အင်မူကာဒမ်သို့ နေ့စဉ် သွား၍ဖတ်သည်။ နောက်တော့ အစောင့်ကုလားကသိ၍ စာအုပ်ကို သိမ်းထားလိုက် သဖြင့် မဖတ်ရတော့။ ထိုစာအုပ်ကိုမေးတော့ ဝယ်သွားပြီ မရှိတော့ဟု ပြောလိုက်သည်။ အမှန်ကတော့ မဝယ်သေး။ ကျွန်တော့်ရှေ့မှာပင် လူတယောက် ထိုစာအုပ်ကို လာဝယ်ရာ စပွဲအံဆွဲထဲတွင် သိမ်းထားရာမှ ထုတ်ရောင်းလိုက်သည်ကို မြင်ရသည်။
နောက်တော့ စမတ်အင်မူကာဒမ်၏မြေးက ကျွန်တော့်အား ကျောင်းသားမှန်း သိသွားကာ မဝယ်နိုင်သည့်တိုင် စာအုပ်လာဖတ်မှန်းသိလျှင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုသည်။ သူ့တပည့် ကုလားများအားလည်း ကျွန်တော်စာအုပ်လာဖတ်လျှင် ဖတ်ခွင့်ပေးလိုက်ပါဟု ပြောထားသည်။
"တို့ဆိုင်က တို့အဖိုးတွေ လက်ထက်ကတည်းက ဖွင့်လာတဲ့ဆိုင်။ မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပိုက်ပြီးကတည်းက ဖွင့်တာ။ တို့အဖိုးက စာအုပ်ဝါသနာပါတယ်။ ဒါကြောင့်မို့ ဒီစာအုပ်ဆိုင်ကို ဖွင့်ထားတာ။ မင်းတို့ ကျောင်းသားတွေ ဖတ်ချင်တဲ့ စာအုပ်ရှိရင်လဲ ပြောကြ၊ ငါမှာပေးမယ်၊ ပိုက်ဆံမရှိရင်လဲ ငါ့ဆိုင်မှာ လာဖတ်နိုင်တယ်" ဟု ခွင့်ပေးသည်။ နောင်တွင် သူနှင့်ကျွန်တော်သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခဲ့ကြလေသည်။
သူသည် တခါတခါတွင် ကျွန်တော်လိုချင်သော စာအုပ်ကို သူ့နိုင်ငံခြားငွေထဲမှ ထုတ်၍ မှာပေးတတ်သည်။ မှာလိုက်လျှင် ဘယ်လောက်မှ မကြာ။ တပတ်အတွင်း စာအုပ်ရောက်လာ သည်။ မှတ်မှတ်ရရ အင်္ဂလိပ်စာရေးဆရာ ရာဖောက်စ်ရေးသည့် 'ဝတ္ထုနှင့်ပြည်သူ' ဆိုသော စာအုပ်ကို သူမှာပေးသဖြင့် ကျွန်တော်ဖတ်ရခြင်း ဖြစ်သည်။ တခြားစာအုပ်တွေလည်း အများကြီး။
ကျွန်တော်သည် ထိုစာအုပ်ဆိုင်ကို ဘယ်မျှ စွဲလန်းနေသည်ဆိုလျှင် ထိုစာအုပ်ဆိုင် (ဆူးလေဘုရားလမ်း ဆေးနှင့်ဆေးပစ္စည်းဆိုင်နေရာကလေး) ကို ယခုတိုင် အိပ်မက်ထဲတွင် မကြာခဏ မြင်မက်တတ်ပါသည်။
ပန်းဆိုးတန်းရှိ စီးတီးဘွတ်ကလပ်မှာ သူ့ထက်အခင်းအကျင်း ကျယ်ပြီး သူ့ထက်စာအုပ် ပိုစုံသည်။ သူ့ဆိုင်မှာ ကျောင်းသုံးစာအုပ်ပါ ရောင်းသဖြင့် ပိုပြီး စုံခြင်းဖြစ်သည်။ အပြင်စာအုပ် မှာမူ စမတ်အင်မူကာဒမ်လောက် စုံလင်ခြင်းမရှိ။ ကုန်သည်လမ်းရှိ သည်အက်ဂျူကေးရှင်းနယ် ဘွတ်စတောနှင့် ဗိုလ်အောင်ကျော်လမ်းရှိ စတင်းဒတ်လစ်ထရေးချားဟောက်စ်တို့မှာ စွယ်စုံ ကျမ်းကြီးများ၊ ဘာသာသာရပ်ဆိုင်ရာ စာအုပ်ကြီးများကို ရောင်းလေ့ရှိကြသည်။
စာအုပ်ဆိုင်ကြီးများ အနီးသို့ မကပ်နိုင်သည့်အခါတွင် ကျွန်တော်သည် လမ်းဘေး စာအုပ်တန်းသို့ လျှောက်သွားနေတတ်သည်။ ဆူးလေဘုရားလမ်း၊ မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း) တလျှောက်မှာ စာအုပ်ဟောင်းရောင်းသည့် ဆိုင်ကလေးတွေ အများကြီး ရှိသည်။ အချို့လည်း ဆိုင်ခန်းကလေးတွေနှင့် ရောင်းကြသည်။ အချို့ကလည်း ပလက်ဖောင်း ပေါ်တွင် ဗန်းကလေးခင်းပြီး ရောင်းကြသည်။ သို့ရာတွင် ယခုခေတ်စာအုပ်တန်းလို တစုတဝေးတည်းမဟုတ်။
ဟိုနားတွင်တဆိုင်၊သည်နားတွင်တဆိုင်၊ ပျောက်တိပြောက်ကျား။ ရေကျော်တဝိုက်တွင် နည်းနည်းပါးပါးရှိသည်။ ထိုမှလွန်လျှင် ဗိုလ်အောင်ကျော်လမ်းထောင့်နား တဝိုက်တွင် နှစ်ဆိုင်သုံးဆိုင်။ ထိုမှလွန်လျှင် ပန်းဆိုးနားတွင် သုံးလေးဆိုင်၊ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် လေးငါးဆိုင်၊ ထို့နောက် ကွန်တီနင်တယ်အောက်မှာ ခပ်စိတ်စိတ် တွေ့လာရသည်။
အနောက်ဘက်သို့ လျှောက်လာလျှင် မောင်ထော်လေးလမ်း ထောင့်နားတွင် နည်းနည်းပါးပါး၊ ရွှေဘုံသာလမ်းနားတွင် နည်းနည်းပါးပါး။
ညနေတိုင်း စာအုပ်တန်းသို့ ကျွန်တော်ရောက်သွားလျှင် နဖူးပြောင်ပြောင်၊ ကတုံး ဆံတောက်ပါးပါး၊ မျက်လုံးပြူးပြူး၊ အသားညိုညို ခပ်ဖိုင့်ဖိုင့်၊ အရပ်ပြတ်ပြတ် လူကြီးတယောက်ကို ကျွန်တော်အမြဲလိုလို တွေ့ရတတ်သည်။ ထီးကောက်ကြီးတချောင်းကို လက်မောင်းတွင် ချိတ်ထားပြီး စာအုပ်တအုပ်၊ နှစ်အုပ်ကို လက်တွင်အမြဲ ကိုင်ထားတတ်သည်။ ဆေးပြင်းလိပ်ကြီးကလည်း ဘယ်တော့မှ ချွတ်သည်မရှိ။ အမြဲခဲထားတတ်လေသည်။
သူသည် ကျွန်တော့်ကိုတွေ့လျှင် အမြဲပြုံး၍ နှုတ်ဆက်တတ်သည်။ တခါတလေတွင် ကွန်တီနင်တယ်အောက်က စာအုပ်ဆိုင်တွေ ရှေ့မှာ တွေ့တတ်သည်။ ရွှေဘုံသာလမ်းဒေါင့်က ဆိုင်လေးတဆိုင်တွင် တွေ့တတ်သည်။ တခါသော် ကျွန်တော်သည် ဗိုလ်ချုပ်လမ်းနှင့် ၂၇ လမ်းထောင့်က စာအုပ်ဆိုင်ကလေးတဆိုင်တွင် ထိုင်၍ စာအုပ်တအုပ်ကို ကြည့်နေသည်။ စာအုပ်က လက်တဝါးသာသာမျှ ရှိသည့် စာအုပ်ကလေး။ အောက်စဖို့ တက္ကသိုလ် စာအုပ်တိုက်မှ ထုတ်သည့် အက်ဒွင်အာနိုး၏ 'အာရှတိုက်၏ အလင်းရောင်' ဆိုသည့် စာအုပ်။
စာအုပ်ဆိုင်ကလေးမှာ ကုလားကြီးတယောက် ရောင်းနေသည့် စာအုပ်ဆိုင် ဖြစ်သည်။ ပလက်ဖောင်းပေါ်တွင် အဝတ်ကလေးခင်း၍ စာအုပ်ကလေး ဆယ့်လေးငါးအုပ်ကို ရောင်းနေသည့် ဆိုင်ကလေးဖြစ်သည်။ ကျွန်တော်က အာနိုး၏ စာအုပ်ကို ဟိုလှန်သည်လှန် လုပ်နေသည်။ ဗုဒ္ဓ၏ ဖြစ်တော်စဉ်ကို ကဗျာဖြင့်ဖွဲ့ထားသည့် စာအုပ်ဖြစ်သည်။
ထိုစဉ် 'ကိုရင်လေး ဘာစာအုပ်တွေများ ဖတ်နေသလဲ' ဟု မေးလိုက်သဖြင့် လှည့်ကြည့်လိုက်သောအခါတွင် ဆေးပြင်းလိပ်ကို အမြဲခဲထားတတ်သည့် ထိုလူကြီး ဖြစ်နေသည်။
ကျွန်တော်က စာအုပ်အမည်ကို ပြောလိုက်သောအခါတွင် ထိုလူကြီးသည် အနားသို့ ကပ်လာကာ ဆေးပြင်းလိပ်ကို ပါးစပ်မှ ချွတ်လိုက်ပြီး လေသံကလေးဖြင့် 'ဒီစာအုပ်က သိတ်ကောင်းတဲ့စာအုပ် ကိုရင်လေးရ။ နိမိတ်ကြီးလေးပါးကို မြင်ပြီး တောထွက်တော်မူတဲ့ ညကျတော့... ယသော်ဓရာ၊ ယခု ငါသွားသော ခရီးသည် ခရီးတကာတို့အနက် အဝေးဆုံးခရီး ဖြစ်၏... လို့ဆိုပြီး ယသော်ဓရာကို နှုတ်ဆက်တဲ့အခန်းဟာ ဖတ်ရင်း ကြက်သီးမွေးညင်း ထလောက်တယ်' ဟုဆိုကာ အာနိုး၏ ကဗျာထဲမှ စာသားများကို ရွတ်ပြနေသည်။
ထိုလူကြီးသည် လေအေးကလေးဖြင့် အမျှင်မပြတ် ပြောနေသည်။ နားထောင်လို့ ကောင်းသည်။ ဟာသပါသည်။ တောမတ်စ်ဂရေး၏ တမ်းချင်းများအကြောင်း၊ ဘော့စဝဲနှင့် ဂျွန်ဆင်တို့အကြောင်း၊ အော်လီဗာဂိုးလ်စမစ်အကြောင်း၊ ဓားပိန်ယိမ်းဆရာ ဦးမောင်ကြီးနှင့် တောင်လုံးပြန် ဆရာခတို့၏ ပြဇာတ်အကြောင်း၊ ပီမိုးနင်းအကြောင်း။
ထိုလူကြီးမှာ အခြားသူ မဟုတ်ပါ။ ဆရာကြီး ဇေယျဖြစ်သည်။ ကျွန်တော်သည် 'မြတ်လေးရွှေဓါးဗိုလ်' ဝတ္ထုများမှအစ ရှေးအင်္ဂလိပ်ခေတ် 'ရွှေပြည်တော်' သတင်းစားထဲတွင် ပါသည့် ဇေယျ၏ ဝတ္ထုတိုကလေးများနှင့် 'ယင်းတိုက်နုချိန်' စသည့် ဝတ္ထုတိုကလေး များအလယ်၊ စာပေဆောင်းပါးများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများအဆုံး အားလုံး လောက် ဖတ်ခဲ့ဖူးပါသည်။ တခါတွင် ကျွန်တော်သည် ရန်ကုန်မြို့က စာအုပ်ဟောင်းရောင်း သည့် လမ်းဘေးစာအုပ်ဆိုင်ကလေးများအကြောင်း ရေးထားသည့် ဆောင်းပါးတိုကလေး တစောင်ကို ဖတ်မိပါသည်။
သူ့ဆောင်းပါးကလေးကို ဖတ်မိသည့်အခါတွင်မှ ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ် ဟောင်းဆိုင်ကလေးများ ပေါ်လာသည့်ကိစ္စတွင် ဇေယျ၏ ကျေးဇူးမကင်းကြောင်းကို ကျွန်တော် ပြန်စဉ်းစားမိပါသည်။ ဇေယျက စာအုပ်ရောင်းသည့် ကုလားများအား ပဲခူးကလပ်၊ ဂျင်မခါနာကလပ်၊ မေရိုးမေရင်းကလပ်၊ ကန်တော်ကြီးဘုတ်ကလပ် စသည့် မျက်နှာဖြူကလပ် များနှင့် မျက်နှာဖြူအိမ်များတွင် အင်္ဂလိပ်စာနယ်ဇင်းများကို ဖတ်ပြီးလျှင် လွှင့်ပစ်ထားတတ် ကြောင်း၊ ယင်းတို့ကို နောက်ဖေးတန်းလျားမှ ထမင်းချက်များ၊ ဘဏ္ဍာစိုးများနှင့်ပေါင်းပြီး ထိုစာအုပ်များကို ယူ၍ ရောင်းသင့်ကြောင်းဖြင့် အကြံပေးဖူးသည်။ ဤသို့ဖြင့် ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ် အဟောင်းဆိုင်ကလေးများ ပေါ်လာခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။
ဇေယျသည် စာအုပ်ချစ်သူတဦး ဖြစ်သည်။ နောင်ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးဝန် ဖြစ်လာသည့်အခါတွင်လည်း ဇေယျသည် ထီးကောက်ကို လက်မောင်းတွင် ချိတ်ပြီး၊ စာအုပ်တန်းကို လမ်းသလားမြဲ ဖြစ်ပါသည်။ ဒူးနာပြီး ကောင်းစွာလမ်းမလျှောက်နိုင်တော့မှပင် ရပ်တော့သည်။
စာအုပ်တန်းသို့ ရောက်သွားခြင်းသည် ဘုရားပွဲလူအုပ်ကြီး တအုပ်ထဲသို့ ရောက်သွား သည်နှင့် တူသည်ဟု ကျွန်တော်ထင်ပါသည်။ ညစ်ပတ်နံစော်နေသော လူများ၊ ပျော်ရွှင်နေ သော လူများ၊ အလစ်သုတ်ရန် စောင့်ဆိုင်းနေသော လူများ၊ မုန်းစရာကောင်းသော လူများ၊ အဖိုးတန်သောလူများ၊ တန်ဖိုးမရှိသောလူများ စသဖြင့် ဘုရားပွဲတခုတွင် လူမျိုးစုံတွေ့ နိုင်သကဲ့သို့ စာအုပ်တန်းတခုတွင် အဖိုးတန်သော စာအုပ်များ၊ အဖိုးမတန်သော စာအုပ်များ၊ စိတ်ညစ်ညူးဖွယ် စာအုပ်များ၊ ကြည်နူးစရာကောင်းသော စာအုပ်များ၊ အသုံးဝင်သော စာအုပ်များ၊ အသုံးမဝင်သော စာအုပ်များ၊ ကိုယ်လိုချင်သော စာအုပ်များ စသဖြင့် အမျိုးစုံကို တွေ့နိုင်ပါသည်။
အင်္ဂလိပ်စာရေးဆရာ ဂရေဟမ်ဂရင်းက 'စာအုပ်ဈေး' ဆိုသော သူ၏ ရသစာတမ်း တစောင်၌ 'စာအုပ်ဈေးသည် အသုံးဝင်သော အချက်အလက် အတိုအထွာများကို ကောက်ယူစုဆောင်းနိုင်သည့် နေရာဖြစ်သည်။ ဥပမာအားဖြင့်- စာအုပ်တန်း၌ 'ပတ်ဝန်းကျင်' သန့်ရှင်းရေး စာအုပ်ထုတ်ဝေရေးကုမ္ပဏီမှ ထုတ်ဝေသော 'ရေမြောင်းများသန့်ရှင်းနည်းစာအုပ်'၊ 'တောနယ်သို့ သွားရောက်သူများအတွက် နတ်ဗေဒင်မေးနည်း' 'ရေအောက် ကြေးနန်းကြိုး ဆက်သွယ်ခြင်းပညာ'၊ 'ရှီကာဂိုရဲဘက်တို့ တွေ့ရသောပြဿနာများ' စသည့်စာအုပ်များဖြစ် သည်ဟု ရေးခဲ့ဖူးပါသည်။
မှန်ပါသည်။ စာအုပ်တန်းတွင် ကျွန်တော်တို့ လိုချင်သော စာအုပ်များကိုလည်း ရနိုင်၍ ကျွန်တော်တို့ လုံးဝစိတ်ဝင်စားခြင်း မရှိသော သစ်တန်တွက်နည်း၊ ဆေးမြီးတိုကုထုံးကျမ်း၊ ဆပ်ပြာချက်နည်း၊ နှင်းဆီကိုင်းဆက် စိုက်ပျိုးနည်း စသည့် စာအုပ်များကိုလည်း တွေ့ရတတ်ပါ သည်။သို့ရာတွင် ကျွန်တော်တို့ စိတ်မဝင်စားသော စာအုပ်ပုံများထဲတွင် တခါတရံ ကျွန်တော်တို့ ကလေးဘဝကို ပြန်၍လွမ်းစေသည့် စာအုပ်များကိုလည်း တွေ့ရတတ်ပါသည်။
တလောက ကျွန်တော်သည် စာအုပ်အဟောင်းဆိုင်တဆိုင် ရှေ့တွင် ထိုင်ရင်း ကျွန်တော်ဖတ်ချင်နေသည့် စာအုပ်သုံးလေးအုပ်ကို တွေ့သဖြင့် ဝမ်းသာသွားကာ ဈေးမဆစ်ဘဲ ဝယ်လာခဲ့ပါသည်။ ထိုစာအုပ်များမှာ ကျွန်တော်တို့ ငယ်ငယ်က ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းတို့တွင် သင်သည့် ဒေါင်းတံဆိပ်မြန်မာဖတ်စာများနှင့် ဦးဖေမောင်တင်၏ မူလတန်း မြန်မာဖတ်စာသစ်စာအုပ်များ ဖြစ်ပါသည်။
စာအုပ်တန်းသို့ သွားရသည်မှာ ကလေးဘဝကို ပြန်သွားရသကဲ့သို့ ပျော်စရာ၊ လွမ်းစရာ ကောင်းပါသည်။
ယခု ကျွန်တော့်မျက်စိ အားနည်းလာသည့်အတွက် စာအုပ်တန်းကို မှန်မှန်မသွားနိုင် တော့ပြီ။ ကျွန်တော်သည် စာအုပ်တန်းကို အဝေးမှသာ ငေးကြည့်နေမိလေသည်။

by Mya Than Tint on Tuesday, February 28, 2012 at 11:19pm ·

မြသန်းတင့်
၁၉၈၉၊ စက်တင်ဘာ၊ ပွင့်စွယ်တော်မဂ္ဂဇင်း
မြသန်းတင့်-လမင်းကိုထရံပေါက်မှကြည့်ခြင်း၊ ပထမအကြိမ်၊ နိုဝင်ဘာ၊ ၂၀၀၀

13 Oct 2012

ဟာသဉာဏ်ဝင် စိတ်ပျော်ရွှင် (အပြုံးလေးတွေဆောင်ပါ။)


  ကမ္ဘာ လောကကြီးမှာ လူတွေဟာ ရယ်စရာ ကြုံရင် ရယ်မော တတ်ကြပါတယ်။
“ရယ်ရင် အသက်ရှည်တယ်” လို့လည်း ဆိုထားတယ် မဟုတ်လား။ He, who Laughs,
Lasts လို့ အင်္ဂလိပ်ဘာသာ စကားမှာ ရှိတယ်လေ။ 

“စိတ်ပျိုရင် ကိုယ်နု” ဆိုတဲ့ မြန်မာစကား ကလည်း လူတွေ စိတ်ပျော်ရွှင်
လန်းဆန်းအောင် နေတတ်ဖို့ အားပေးနေတယ်။ “စိတ်ထောင်းကိုယ်ကြေ” ဆိုရင်တော့
ဘ၀က သက်သာလှမယ် ...မထင်ပါဘူး။ ငရုတ်သီး ကိုသာ ထောင်းပြီး၊ စိတ်ကို မထု
မထောင်းမိအောင် ကြိုးစား နေထိုင် တတ်ဖို့တော့ လိုမယ်နော်။
ဘုရားရှင် တိုင်းရဲ့ အဆုံးအမ စကားကလည်း စိတ်ကို သန့်စင်အောင်၊
ကြည်လင်အောင်၊ လန်းဆန်းအောင်၊ ရွှင်ပျနေအောင် ထားတတ်ဖို့ လှုံ့ဆော် သွန်သင်
ပေးတယ်လေ။ “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား” တဲ့။
အရာရာကို ယထာဘူတ သဘော (Realism) နဲ့ ရှုမြင်ပြီး၊ အကောင်းမြင်( Optimism)
ဓာတ်ခံနဲ့ ရယ်ရွှင်တတ်ဖို့ အားဖြည့်ပေး နေတာပဲပေါ့။
လူရယ်လို့ ဖြစ်လာကတည်းက မွေးမွေးချင်း အငိုနဲ့ စတယ်။ ဘယ်ကလေးမှ မွေးတာနဲ့
မရယ်ကြဘူး။ မငိုလို့တောင် သားဖွားခန်းမှာ နား(စ)မကြီး (Nurse) က
ရေနဲ့ပက်၊ ကျောကုန်းကို ဖြန်းခနဲ ရိုက်လိုက် ပါသေးတယ်။ အဆုတ်ပွင့်
အလုပ်လုပ်အောင် စေတနာနဲ့ပါ။
ဥမမည် စာမမြောက် ပူတူတူးလေး ဘ၀မှာ ငိုခဲ့ကြတာ တွေက“ဆာ”လို့ (Hungry)
ဖြစ်စေ၊ “နာ”လို့ (Painful) ဖြစ်စေ၊ တစ်ခုခုကြောင့် ဖြစ်မှာပါပဲ။
ဖေးမကူညီ စောင့်ရှောက်တတ်တဲ့ လူ့အဖွဲ့အစည်းထဲ ရောက်လာတဲ့ အခါ“ဆာ”တာတွေ
“ပြေ”လာတယ်။ “နာ”တာတွေ “ကျေ”လာတတ် တယ်လေ။ ဒီလိုနဲ့ လူ့ဘ၀ အဆန်ခရီး
နှင်ကြတဲ့ အခါမှာတော့ လောကဓံ တရားရဲ့ ရိုက်ပုတ်ခြင်း ဒဏ်ချက်တွေကြောင့်၊
ကလေးတွေလို တစ်ခါပြန်ပြီး “ဆာ”ရင် (လောဘကြောင့်) ငိုရတယ်။ “နာ”ရင်
(ဒေါသကြောင့်) ငိုကြရ ပြန်ပါတယ်။
လူ့ဘ၀ကြီးမှာ လောဘ၊ ဒေါသ၊ သောက၊ ပရိဒေ၀ အပူမီး တွေနဲ့ အမြဲတမ်း ဖက်တွယ်နေ
ထိုင်သွားရရင် မတန်ပါဘူး။ ဒါတွေကို လျော့ပါးသွားအောင် လုပ်ဆောင်နိုင်မယ့်
နည်းလမ်း တစ်ခုကတော့ “ပျော်ပျော်နေ သေခဲ” (Happy- go- Lucky) ဆိုတဲ့ စကား
အတိုင်းပါပဲ။ အစ ကတည်းမှာ “ဟာသဉာဏ်” (Sense of Humour) မွေးပြီး
နေထိုင်တတ်ရင် သက်သာရာ ရတဲ့အပြင် ပတ်ဝန်းကျင် နဲ့လည်း သဟဇာတ
ဖြစ်လွယ်ပါတယ်။ ဒါကြောင့် လူတိုင်းမှာ ဟာသဉာဏ် ရှိသင့် ရွှင်သင့်တာပေါ့။
နေ့စဉ် ဘ၀ကို ဖြတ်သန်းရင်း တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အချိန်မှာ ကိုယ်နေ
ခဲ့ရတဲ့ တစ်ရက်တာ လေးဟာ ထိုက်တန် ပါရဲ့လား။ အကျိုးရှိ ရဲ့လားဆိုတာ တွေးဆ
ဆင်ခြင်သင့် ပါတယ်။ ဘ၀ကို တန်ဖိုးရှိ၊ မရှိ၊ အကဲခတ် စဉ်းစားကြည့်မယ်
ဆိုရင်တော့ ဒီကနေ့ ငါဘာတွေ တွေးခဲ့၊ ပြောခဲ့၊ လုပ်ခဲ့ ပါသလဲ။
တစ်နည်းအားဖြင့် ကုသိုလ် (Merit)၊ ဥစ္စာ(Tealth)၊ ပညာ (Knowledge/Tisdom)
တစ်ခုခု ရနိုင်ခဲ့ရဲ့ လားဆိုပြီး ဝေဖန်ဆန်းစစ် ကြည့်နိုင်ပါတယ်။
ဘ၀ဆိုတာ အကျိုးရှိမှ နေပျော်တယ် မဟုတ်လား။ ဒါကြောင့် ဘ၀အတွက် အကျိုးများ
အဖိုးတန်စေတဲ့ ကုသိုလ်၊ ဥစ္စာ၊ ပညာတွေ ရဖို့ ပထမ ဦးဆုံး အရေးကြီး တာက
ကျန်းမာရေး (Health) ကောင်းဖို့ပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုရာမှာ
စိတ်ကျန်းမာရေး(Mental Health) ရော ရုပ်ကျန်းမာရေး (Physical Health)
ကိုပါ ဆိုလိုတာပါ။ ဒီနှစ်မျိုးလုံး ကောင်းမွန်မှသာ ကျန်းမာရေး
ကောင်းခြင်း(Good Health) မည်မှာပေါ့။ ဒီလို ကောင်းမွန်တဲ့ ကျန်းမာရေးကို
အခြေခံ ခြေကုပ်ယူပြီး နေ့စဉ် ဆိုသလို ကုသိုလ်ပြု၊ ဥစ္စာရှာ၊ ပညာ
ဆည်းပူးနိုင်မှာ ဖြစ်ပါတယ်။
အဲဒီ အထဲက တစ်ခုခု ရရင် ကောင်းပါတယ်။ နှစ်ခုရရင် ပိုကောင်းပါတယ်။
သုံးခုစလုံး ရနိုင်မယ် ဆိုရင်တော့ အတိုင်းထက် အလွန် တံခွန်နဲ့
ကုက္ကားပဲပေါ့။ အကောင်းဆုံး ပဲလေ။ ဘ၀ တစ်ခုရဲ့ ပစ္စုပ္ပန် တည့်တည့်ကျတဲ့
တစ်ခဏချင်း တဒင်္ဂ အချိန်လေးတွေ ဆက်စပ်နေတဲ့ တစ်နေ့တာ ခံစားချက် ပဲနော်။
ဘယ်လိုများ ခံစားလိုက်ရ ပါသလဲ။ ပျော်ရွှင်မှု (Happiness) ပဲပေါ့။
တကယ်တော့ ပျော်ရွှင်မှု ဆိုတာ လူတိုင်းရဲ့ ဘ၀ အောင်မြင်မှု(Success) ပါပဲ။
အောင်မြင်မှု ဆိုတာ ငွေ(Money) မဟုတ်ပါဘူး။ အာဏာ (Power) မဟုတ်ပါဘူး။
ရာထူး ဌာနန္တရ (Position) မဟုတ်ပါဘူး။ ထင်ပေါ်ကျော် ကြားမှု (Fame)  လည်း
မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ဖြတ်သန်း ခဲ့ရတဲ့ ဘ၀ တစ်နေ့တာလေးတွေမှာ
ရသင့်ရထိုက် ယူသင့်ယူထိုက်တဲ့ ကုသိုလ်၊ ဥစ္စာ၊ ပညာတွေကို ရနိုင်အောင်
ကြိုးစားရင်း အေးချမ်း ပျော်ရွှင်စွာနဲ့ အောင် မြင်မှု အသီးသီးကို
စက္ကန့်မလပ် အဆက်မပြတ် အောင်ပန်း ဆွတ်ခူးနိုင်ကြပါတယ်။
ကျန်းမာရေး ကောင်းမွန်ခြင်းကို အခြေခံ အုတ်မြစ်ချပြီး ဘ၀အတွက်
ရသင့်ရထိုက်တာတွေကို ရယူကာ ပျော်ရွှင်စွာနဲ့ အောင်မြင်မှု ပန်းတိုင်ကို
အရောက် လှမ်းနိုင်ပုံ လေးကို ပုံပြ အညွှန်းလေးနဲ့ မျက်မြင် လေ့လာကြည့်ရ
အောင်နော်-
အခုလို အောင်မြင်မှု စခန်းသာကို ပျော်ရွှင်စွာ လှမ်းချီရာမှာ ဟာသဥာဏ်
ရွှင်မြူး သူတွေက ဦးစွာ ပထမ ဆိုက်ရောက် တတ်ကြပါတယ်။ ဒါကြောင့် “ဟာသ”
(Humour) နဲ့ သက်ဆိုင်တဲ့ အင်္ဂလိပ် စကားလုံး အသုံး အနှုန်းတွေကို ဝေါဟာရ
မှော်ရုံတောမှာ ရှာဖွေ လေ့လာရင်း ဘ၀ အမောတွေ ပြေပျောက်စေဖို့ အားထုတ်
ကြည့်ကြမယ်လေ။
ရယ်အောင်ပြုံးအောင် လှုံ့ဆော်ပေးတဲ့ ဟာသ ပြက်လုံးကို Joke  လို့ ခေါ်တယ်။
အသံထွက်က ဂျိုး(ခ) လို့ ထွက်ရပါတယ်။ “ဂျုတ်” မဟုတ်ပါဘူး။ ဟာသလုပ်တဲ့
လူရွှင် တ်ာက Joker ဒါမှ မဟုတ် Clown  လို့ ခေါ်တယ်။ ဟာသဥာဏ် ရွှင်သူ၊ ဟာသ
ဆရာကို Humorist လို့ ခေါ်တယ်။ Humorous က ဟာသမြောက်သော၊ ရယ်စရာ
ကောင်းသော။ Humourless က မျက်နှာသေသော၊ ထုံတေတေ နိုင်သော ဖြစ်ပါတယ်။
ဒါနဲ့ ငယ်ငယ်တုန်းက အငြိမ့်ပြိုင်ပွဲ တွေထဲမှာ လူရွှင်တော် (တချို့က
လူပြက်လို့ ခေါ်တယ်) တွေ ပြက်လုံး ထုတ်ခဲ့တဲ့ အင်္ဂလိပ်စာ ပျက်ဟာသ စကား
တချို့ကို ပြန်လည် သတိရမိပါတယ်။ ဘာတဲ့-
‘Once upon a time’,  လေကြီးမိုးကြီး ၀ုန်းဒိုင်း။ The Prince  is ယက်ကန်
ယက်ကန် seven days in the  သမုဒ္ဒရာ”
အတည်လိုလို နောက်ပြောင် သလိုလို ပြောတော့ ရယ်ခဲ့ ရပါတယ်။ မြန်မာတွေ
အချင်းချင်း တွေ့ကြတဲ့ အခါ နောက်ပြောင်ပြောဆို တတ်ကြတဲ့ မြန်မာစကား
အင်္ဂလိပ်စာ ပျက်တွေ ရှိပါသေး တယ်။ ဒီလို-
Green wind blowing (လေစိမ်းတွေ တိုက် နေတယ်)၊
Don't break this hole (ဒီအပေါက်မျိုး မချိုးနဲ့)၊
Snake, snake, see the leg  (မြွေမြွေချင်း ခြေမြင်)
Water follow, Fish Follow. (ရေလိုက် ငါးလိုက်)၊
Cat, mountain, mountain  (ကြောင်တောင်တောင်)၊
This man and this man (ဒီလူနဲ့ ဒီလူပဲဟာ)
ဒါတွေဟာ အင်္ဂလိပ် စကားလုံး အသုံးအနှုန်း အမှန်တွေ မဟုတ်ပါဘူး။ လုပ်ကြံ
ဖန်တီးပြီး သက်သက်နောက်ပြောင် ပြောဆို ထားတာပါ။ မှန်တာ မမှန်တာ အပထား။
ကလေး ဘ၀က ရယ်ခဲ့ရတာ အမြတ်ပဲပေါ့။
ဒီနေရာမှာ ရယ်နည်း ပြုံးနည်းတွေ ကလည်း အမျိုးမျိုး ရှိပါသေးတယ်။
ပန်းပွင့်လာတာ အဖူးက စတာပါ။ ရယ်မောခြင်းရဲ့ အစက အပြုံးပါပဲ။ Smile က
ပြုံးတာ၊ Grim က ပြုံးဖြဲဖြဲ လုပ်တာ။ Smirk က လှောင်ပြုံး ပြုံးတာပါ။
Laugh ကတော့ ရယ်မောတာ၊ Giggle/ Chuckle က တခစ်ခစ် ရယ်တာ၊ Snicker က
ကျိတ်ရယ်တာ၊ Titter က ခပ်အုပ်အုပ် ရယ်တာ၊ Chartle က ဟက်ဟက်ပက်ပက် ရယ်တာ၊
Cackle က မနှစ်မြို့ဖွယ် စူးစူးဝါးဝါး ရယ်တာ ဖြစ်ပါတယ်။
ကျယ်ကျယ်လောင်လောင် ရယ်တာကို Laugh out loud, ရုတ်တရက် ရယ်ချ လိုက်တာကို
Burst out laughing  ရယ်သံမောသံ သောသောညံ နေတာကို Roar with Laughter,
အော်ဟစ်ရယ်မော ပစ်လိုက်တာကို howl with Laughter, စီခနဲ အော်ဟစ် ရယ်မော
လိုက်တာကိုတော့ Shrick with Laughter လို့ ခေါ်ကြပါတယ်။
ဘ၀မှာ ပြုံးနိုင် ရယ်နိုင်တယ် ဆိုရင် အကောင်းဆုံး ပဲပေါ့။ ဘ၀ရဲ့
လက်ဆောင်မွန် ပါပဲ။ ပြုံးတာ ရယ်တာကြောင့် ခန္ဓာ ကိုယ်ထဲမှာ
ဓာတ်ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်ပေါ်တယ်။ အစာကျေ စေတယ်။ ဦးနှောက်
ကြည်လင်စေတယ်။ ရယ်သောသူ အသက်ရှည်ဆိုတာ မကြာခဏ ကြားဖူးကြတယ် မဟုတ်လား။
ဒါအဟုတ်ပဲ။
Laugh and the world laughs with you. Cry and you cry alone.
ရယ်မောလိုက်ပါ။ ကမ္ဘာကြီးက သင်နဲ့ အတူ လိုက်ပြီး ရယ်ပါလိမ့်မယ်။
ငိုရင်တော့၊ သင်တစ်ယောက် တည်းပဲ ငိုရ လိမ့်မယ်တဲ့။ ကောင်းလိုက်တဲ့
အဆိုအမိန့်။
ရယ်စရာ ဟာသပြက်လုံး တွေကို ခေတ်အဆက်ဆက် ဖန်တီးခဲ့၊ ပြောဆိုခဲ့ ကြပါတယ်။
အငြိမ့်တွေ၊ ဇာတ်သဘင်တွေ၊ ပြဇာတ်တွေ၊ ရုပ်ရှင်တွေ၊ စာပေတွေ ထဲမှာပါ။
ဟာသပြက်လုံး ဆိုတာ ပါးစပ်နဲ့ ပြောရပြက်ရ တာပါ။ ကိုယ်လက်အင်္ဂါ လှုပ်ရှားမှုက
အဓိက မဟုတ်ပါဘူး။
လူရွှင်တော်တွေ တစ်ယောက်ရဲ့ ခေါင်းကို တစ်ယောက်က စက္ကူလိပ်နဲ့ တဖပ်ဖပ်
ရိုက်စရာ မလိုပါဘူး။ လင်ဗန်းနဲ့ တစ်ဖြန်းဖြန်း ထုစရာ မလိုပါဘူး။
ရိုင်းပျပါတယ်။ အ၀တ် အစားတွေ ထည်လဲနဲ့ ပေါက်တတ်ကရ ၀တ်ပြ နေစရာ မလိုပါဘူး။
လူရွှင်တော် ဆိုတာ ဉာဏ်နဲ့၊ အတွေးနဲ့၊ နှုတ်နဲ့၊ စကားနဲ့ ဟာသပြက်လုံး
တွေကို ဖန်တီးတီထွင် ရတာပါ။
တစ်ခါက မြန်မာ့ ရုပ်မြင်သံကြား အစီ အစဉ်မှာ ယိုးဒယားပြန် အမာစိန်ရဲ့
အငြိမ့် ခန်းလေးကို သွားသတိရ မိပါတယ်။ တွဲဖက်ပါ ၀င်ကြတဲ့ လူရွှင်တော်ကြီးက
နှစ်ဦးတည်းပါ။ မြို့တော် ဦးပေါစံနဲ့ ဦးရွှေငါး။ ထိုင်ရာ မထ၊ တိုက်ပုံ
မချွတ်၊ ခေါင်းပေါင်း မဖြုတ်စတမ်း ပြက်လုံးထုတ် ဟာသ လုပ်ပြသွားတာ စံနမူနာ
ယူစရာ ပါပဲ။ သူတို့ရဲ့ ပြက်လုံးလေး တစ်ကွက်ကို ခံစား ကြည့်ပါဦး-
ဦးပေါစံ။    ။ ဦးရွှေငါးရေ၊ ကျွန်တော်တို့ ဒီတစ်ခါ ကျေးငှက် သာရကာတွေ
ပါတဲ့ သီချင်းလေးတွေ စပ်ကြ ဆိုကြ ရအောင်ဗျာ။
ဦးရွှေငါး။    ။ ကောင်းပါ့ဗျာ ဦးပေါစံရဲ့။ ခင်ဗျားကပဲ စပြီးဆိုဗျာ။
ဦးပေါစံ။    ။ (ထိုင်နေလျက်) ရွှေကျီးညို လာရင်...(အစချီ သီချင်းကို
ဆိုပြတယ်။ ပြီးတော့...) ချိန်ခါဆည်းဆာ မြစ်ဧရာဝယ်၊ ပျံကာဝဲကာ
ငှက်စင်ရော်ရယ်...(သီချင်းကို ဆက်ဆို ပြန်ပါတယ်။ ပြီးတော့မှ...)
ကဲ..ဦးရွှေငါးရေ၊ ခင်ဗျား အလှည့်ပဲ။ ကျေးငှက် သာရကာပါတဲ့ သီချင်း
ဆိုပေတော့ဗျို့။
ဦးရွှေငါး။ ။ အေးပါဗျာ ဆိုပါ့မယ်။ ကဲ- သေချာနားထောင် ပေတော့။
(မတ်တတ်ရပ်လျှက် သီချင်းတစ်ပုဒ် သီဆိုပြတယ်။) မနေ့က တွေ့တဲ့သူနဲ့ ဒီနေ့
တွေ့တဲ့သူ မတူ ပါဘူးကွယ်...”
ဦးပေါစံ။ ။ ဘယ်မှာ ကျေးငှက် သာရကာ ပါလို့လဲ ဦးရွှေငါးရဲ့။
ဦးရွှေငါး။ ။ သေချာ ဂရုစိုက်ပြီး နားထောင်ပါ ဆိုနေမှ။ ကဲ- နားထောင်ဦး။
မနေ့က တွေ့တဲ့သူနဲ့ ဒီနေ့တွေ့ တဲ့သူ မတူ ပါဘူးကွယ်...။
ဦးပေါစံ။ ။ ဟင်း၊ ဘယ်မှာ ကျေးငှက် သာရကာ ပါလို့လဲဗျ။
ဦးရွှေငါး။ ။ ပါတာပေါ့ဗျာ။
ဦးပေါစံ။ ။ ဒါဆိုအဲဒါ ဘာသီချင်း လဲဗျ။
ဦးရွှေငါး။ ။ ကြက်သီချင်း လေဗျာ၊ သိပြီလား။
ဦးပေါစံ။ ။ အေး၊ ဟုတ်သားပဲဗျာ။
ရုပ်မြင် သံကြားကြည့် ပရိသတ်က တစိမ့်စိမ့် တွေးပြီးမှ၊ တစ်ဖြည်းဖြည်းနဲ့
ပြုံးကြ ရပါတယ်။ ဒါမျိုး ဟာသပြက် လုံးကို In -Joke လို့ ခေါ်ပါတယ်။
လူတချို့သာ ခံစား နားလည်နိုင်မယ့် ဟာသပြက်လုံး မျိုးပါ။ ဒီလိုသမား
စဉ်ပြက် လုံးတွေက ကြားရသူကို ဣရေ ယဉ်ယဉ်ကျေးကျေး ပြုံးနိုင်ရယ်
နိုင်စေပါတယ်။ ရယ်ရရင် ပြီးရောဆိုပြီး ပရိသတ် သည်းခြေကြိုက်
ခါးအောက်ပိုင်း၊ ချက်အောက်ပိုင်း ပြက်လုံးတွေ ကိုလောက် ပြောတတ်၊
ပြက်တတ်မယ် ဆိုရင်တော့ မီးချောင်း နှစ်ချောင်းနဲ့ လေးတိုင်စင်
လမ်းဘေးအဆင့် ရောက်သွား နိုင်ပါတယ်။ ဒါမျိုးက လူကြီး မပြောနဲ့ အရယ်
သန်ကြတဲ့ လူငယ်ဆယ် ကျော်သက်တွေတောင် နားရှက် မျက်နှာရှက် နှာခေါင်းရှုံ့
ကြရပါတယ်။
ဒီကနေ့ တစ်ခေတ်ဆန်းပြီး ဟာသအနု ပညာတွေ ပေါများ လာပါတယ်။ (ပေါတာတွေ
များလာတယ် ဆိုရင်တော့ သိပ်မကောင်း လှပါဘူး) အထူးသဖြင့် စာပေနဲ့ ရုပ်ရှင်
လောကမှာ ဖြစ်ပါတယ်။ ဟာသ မဂ္ဂဇင်းတွေ၊ ဟာသ စာအုပ်တွေက ပလူပျံလို့။ ရုပ်ရှင်
ဆိုရင်လည်း တစ်နှစ်ထွက်ရှိ သမျှ ဇာတ်ကားတွေရဲ့ အများစုက ဟာသဇာတ်
ကားတွေချည်း။ တကယ်တော့ သဘာဝ ကျကျ ရယ်စရာ ဖြစ်ရဲ့လား (ဓာတ်ခဲ
ရုပ်ရှင်ဇာတ်ကား လိုလေ)။ အောက်ကလိအာ လက်မြှောက် ကလိထိုးနဲ့ စင်ပေါ်မှာ
အငြိမ့် မင်းသမီးရဲ့ ထိုင်မသိမ်း ထဘီလှန်လို လှန်နဲ့။ စိတ်ညစ် စရာပါပဲ။
တကယ်တော့ ဟာသဆိုတာ ရသကိုးပါး ထဲမှာ အရှားပါးဆုံး ရသ တစ်ခုပါ။
ထုတ်လုပ်တိုင်း၊ ဖန်တီးတိုင်း၊ ပြောဆိုတိုင်း။ လုပ်ပြတိုင်း၊ ရေးပြတိုင်း
ဟာသဖြစ်တာ မဟုတ်ပါဘူး။ ဟာသ အမျိုးအစား တွေကို အင်္ဂလိပ် အက္ခရာ စဉ်လေးနဲ့
ခွဲခြားလေ့လာ ကြည့်ရအောင်နော်။ Amusing ဆိုတာ ရယ်ရွှင်စေသော ဆိုတဲ့
နာမ၀ိသေသန တစ်ခု။ Association က အတွေး၊ ခံစားချက်နဲ့ စိတ်ကူးတွေ ကြားမှာ
ရယ်ရွှင်ဖွယ်ရာ စိတ်ပိုင်း ဆက်နွှယ်မှုပါ။ Black Humour က လေးနက်တဲ့
ဝမ်းနည်းဖွယ်ရာ တစ်စုံ တစ်ရာကို ရွှင်မြူးစေတဲ့ နည်းလမ်းနဲ့ ကြည့်ရှုတာ၊
ပြုမူတာပါ။ Comedian  ကတော့ ထင်ပေါ် ကျော်ကြားတဲ့ သူတွေရဲ့ အပြုအမူ
အပြောအဆို တွေကို တုပပြီး ပြက်လုံးတွေ၊ ပုံပြင်တွေ ထုတ်ကာ လူတွေကို
ရယ်မောအောင် လုပ်ရတဲ့သူ ဖြစ်ပါတယ်။
Comedy က ရယ်စရာ ဇာတ်ကြောင်းပါ။ Crack ဆိုတာ ဟာသပြက်လုံး တွေကို
ပြောတာပါ။ Double Enterdre  ဆိုတာ အနက် အဓိပ္ပာယ် ကောက်ယူမှု နှစ်ခွ
ဖြစ်စေတဲ့ စကားလုံး စကားစု တွေပဲ ဖြစ်ပါတယ်။ Droll ကတော့ သမားရိုးကျ
မဟုတ်တဲ့ နည်းနဲ့ ရွှင်မြူး စေသောတဲ့။ Dry Humour ဆိုတော့ အသံကျယ်ကျယ်
လောင်လောင် ထင်ထင်ရှားရှား မဟုတ်ဘဲ လိမ္မာ ပါးနပ်စွာ အလွန် ရယ်မောရတဲ့
ဟာသအမျိုး အစားပါ။ Exaggeration က သဘာဝ ကျတာ ထက်လွန်ပြီး ဟာသသဘော
သက်ရောက်လာအောင် ပုံကြီးချဲ့ ပြောဆိုမှု ဖြစ်ပါတယ်။
ဒါနဲ့ ကြားဖြတ်ပြီး နိုင်ငံခြား တိုင်းပြည် တစ်ခုကို ခေတ္တအလုပ်
သွားလုပ်ရင်း၊ အဲဒီက ဌာနေ နိုင်ငံသား တစ်ဦးနဲ့ ကျွန်တော်တို့
ကိုရွှေမြန်မာ တို့ တိရစ္ဆာန် ဥယျာဉ်ထဲမှာ တွေ့ဆုံ ခဲ့ကြတယ်။ သူတို့
စကားပြောဆို နေကြပုံက ဒီလိုပါ-
ရွှေမြန်မာ။    ။ ဟေ့လူ၊ ဒါက ဘာကောင်လဲဗျ။
နိုင်ငံခြားသား။ ။ ဒါက ကမ္ဘာအကြီးဆုံး လိပ်မျိုးဗျ။ အင်မတန် ရှားပါးတယ်။
ရွှေမြန်မာ။ ။ အင်း၊ ကျုပ်တို့ဆီ မှာတော့ ပေါမှပေါပဲ။
နိုင်ငံခြားသား။ ။ သြော်- ဟုတ်လား။ ပြောစမ်းပါဦး။
ရွှေမြန်မာ။ ။ ဒါမျိုးကောင်တွေ ကျုပ်တို့ အိမ်မှာတောင် ရှိသေးတယ်။
နိုင်ငံခြားသား ။  ။ တယ်ဟုတ်ပါလား။ မွေးထား တာလားဗျ။
ရွှေမြန်မာ ။ ။ ဘယ်ဟုတ်ရ မှာလဲ။ အလိုလို ရောက်လာတာ။
နိုင်ငံခြားသား ။ ။ ဒါဆို ခင်ဗျားတို့ ဆီမှာ မြန်မာဘာသာ စကားနဲ့ ဘာခေါ်လဲဗျ။
ရွှေမြန်မာ ။ ။ “ကြမ်းပိုး”လို့ ခေါ်တယ်လေ။
သြော်- ကြွားလည်း ကြွားနိုင်ပါပေ့ ကိုရွှေမြန်မာရယ်။
ဆက်လက်ပြီး ဟာသဆိုင်ရာ ဝေါဟာရ လေးတွေကို လေ့လာ ကြပါဦး။ Facetious ဆိုတာ
လျော်ကန် သင့်မြတ်တယ်လို့ သဘော မထားတဲ့ အရာကို ရယ်သွမ်းသွေးပြီး ဟာသလုပ်
ပြောဆိုတာ ဖြစ်ပါတယ်။ Funny က ရယ်စရာ ကောင်းသောဆိုတဲ့ နာမ၀ိသေသနပါ။ Gag
ကတော့ ကျွမ်းကျင်ဟာသ ပညာရှင်က ပြောဆိုတဲ့ ဟာသပြက်လုံး ဖြစ်ပါတယ်။ Gallows
Humour ဆိုတာ ကတော့ သေခြင်း တရားလို၊ ရောဂါဘယ ဖြစ်ပွား မှုမျိုးလို
စိတ်မချမ်းမြေ့ ဖွယ်ရာတွေကို ရယ်စရာ အဖြစ် လုပ်ပြောတာပါ။
Hilarious ကတော့ တသောသော ရယ်မော ရွှင်ပျ စေသောလို့ အဓိပ္ပာယ် ရပါတယ်။
Hyperbole ဆိုတာ မြန်မာလို ပြောတော့ အတိဿယ ၀ုတိ္တ အလင်္ကာပါ။ Incongruity က
မလျှော်ကန်တဲ့ အပြုအမူ၊ အတွေး အခေါ်တွေကို တွဲသုံးတဲ့ ဟာသမြောက် ပရိယာယ်
လှည့်ကွက်တွေပါ။ Irony ကတော့ ဇောက်ထိုး စကားလို့ ခေါ်ပါတယ်။ Jest က
ပြက်လုံး၊ ဟာသတွေပဲ ဖြစ်ပါတယ်။ Malaprops ကတော့ အပြစ် ကင်းစင်တဲ့
ဇာတ်ကောင်က ဘာသာ စကားမှာ မှားယွင်းစွာ အသုံး ပြုခြင်းပါပဲ။ Non sequitur
က ယုတ္တ မတန်တဲ့ ကောက်ချက်ပါ။ ဏကည ဆိုတာ သံတူကြောင်းကွဲ စကားလုံးနဲ့
အဓိပ္ပါယ် နှစ်ခွထွက်တဲ့ ဟာသမြောက် အသုံး အနှုန်းပဲပေါ့။ စကားဖန် လို့လည်း
ခေါ်ပါတယ်။
Runninggag ကတော့ ရှေ့က ပြောပြီးတဲ့ ပြက်လုံး စာသားကို ထပ်တလဲလဲ
ပြန်သုံးတာပါ။ Satire က လှောင်ပြောင်တဲ့ သရော်စာပါ။ Surprise  ဆိုတာကတော့
မျှော်လင့် မထားဘဲ အလစ်အငိုက် ဖမ်းတဲ့ အသစ် အဆန်းပဲ ဖြစ်ပါတယ်။ Telegraph
ကတော့ ပြောစရာ ဇာတ်လမ်းဆုံးတဲ့တိုင်အောင် အစပျိုး စကားတွေ ပြောလွန်း
အားကြီးတာပါ။
Hnderstatement က လျှော့ပြောတာ၊ ဖော့ပြောတာ ဖြစ်ပါတယ်။ နောက်ဆုံး Tit
ကတော့ ဟာသဉာဏ်၊ ဇ၀နဉာဏ် ရှိသူတွေကို ခေါ်တာပါပဲ။
ဒါနဲ့ လောကလူမှု အဖြစ် သနစ်တွေကို ဝေဖန်သမှု ပြုကြပုံတွေ မျိုးစုံထဲက
သရော်စာ ဆိုတဲ့ Satire ကို ခေတ်အဆက်ဆက် ရေးသား ခဲ့ကြရာမှာ မြန်မာပြည်မှာ
အင်္ဂလိပ် ကိုလိုနီ ခေတ်က လာရောက် အမှုထမ်း ခဲ့ဖူးတဲ့ ဗြိတိသျှ အရာရှိ
တစ်ဖြစ်လဲ၊ ကမ္ဘာကျော် စာရေး ဆရာကြီး George Prwel ရဲ့ Animal Farm ၀တ္ထုဟာ
နာမည်ကြီး ထင်ရှား လှပါတယ်။ မြန်မာပြည် နောက်ခံနဲ့ သရော်စာ ၀တ္ထုတို
တစ်ပုဒ်ကတော့ Sooting An Elephant ဖြစ်ပါတယ်။
မြန်မာစာပေ လောကမှာလည်း ထင်ရှားတဲ့ သရော်စာ ရေးသူတွေ ရှိကြပါတယ်။
ပေါ်လွင်သူ တွေကို အနည်းငယ် ဖော်ပြ ရမယ်ဆိုရင် ဆရာ မောင်သော်က၊
“မောင်သစ်”ကလောင် အမည်နဲ့ ရေးတဲ့ ဦးကိုယု၊ ၀တ္ထုတွေ၊ ကဗျာတွေ၊ အက်ဆေးတွေ
ထဲမှာ ထည့်ညှပ် ရေးသားတတ်တဲ့ ဆရာမင်းလူ၊ ဓနုဖြူ ကျော်ထွန်း၊ အသက်တစ်
ထောင်ကွေး၊ ဂုရုကွေး အဖြစ် တစ်သက်တာလုံး သရော်စာတွေ စိုက်လိုက်မတ်တတ်
ရေးသွားခဲ့တဲ့ ဆရာကြီး အီကြာကွေးတို့ ဖြစ်ပါတယ်။
ပညာဆည်းပူး နေကြတဲ့ ဆယ်ကျော်သက် ဖူးငုံတို့ တစ်တွေသိဖို့ ဟာသဉာဏ်
အကြောင်း ပြောပြ ပါဦးမယ်။ အခြေခံ ပညာ ကျောင်းတွေမှာ ထင် ထင်ရှားရှား
ရေးသားထားတဲ့ ဆောင်ပုဒ် တစ်ခုကို တွေ့ရမှာပါ။ “ကျောင်းနေပျော်၍
စာတော်ရမည်”တဲ့။ ကောင်းလိုက်တဲ့ စာသား။ သဘော တရားဆိုတာ အကောင်အထည်
ဖော်နိုင်ရင် ကောင်းတာပေါ့။ ဦးစွာ ပထမ ဆရာတစ်ဦး အနေနဲ့ စာသင်ခန်း ထဲမှာ
ဘယ်ဘာသာ ရပ်ကို သင်သင်၊ သင်ခန်းစာနဲ့ နှီးနွှယ်ပြီး ဟာသဉာဏ်ထုတ်
သင်ကြားတတ်ရင် သိပ်ကောင်းပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သင်တန်းစာ အသစ်၊ မှတ်သားစရာ အသစ်ကို ဆည်းပူးရမယ့်
စာသင်သား တပည့်တွေဟာ တက်ကြွလန်းဆန်း သိချင် တတ်ချင်စိတ် အပြည့်အဝ
ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ စာကို မပင် မပန်းဘဲ အာရုံ
စူးစိုက်နိုင်တဲ့ စိတ်ဖြစ်ပေါ် နေမှာ ဖြစ်ပါတယ်။
စိတ်ပညာ သဘောအရ လူကို တက်ကြွနိုး ကြားစေတာ ဟာသဥာဏ်လည်း တစ်ခုအပါ အ၀င်
ဖြစ်ပါတယ်။ ရယ်ရွှင်စေတဲ့ သင်ကြားရေး ဆိုင်ရာ အထောက်အကူ ပြုအရာ (Humorous
Learning Material) တွေမှာ ကောင်းမွန်တဲ့ အကျိုး ကျေးဇူးတွေ များစွာ
ရှိပါတယ်။
ပထမ အချက်က ဟာသဉာဏ်ရွှင် သင်ထောက်ကူ တွေဟာ အားကောင်းတဲ့ ရွှင်မြူး
နေစေမှုကြောင့် စိတ်ဓာတ်တက်ကြွ နိုးကြားမှုကို တိုးပွား လာစေပါတယ်။ ဒုတိယ
ကတော့ ဟာသဉာဏ်ရွှင် သင်ထောက်ကူ တွေဟာ မှတ်မိ လွယ်စေပြီး၊ အရေးကြီး
သင်ခန်းစာ တွေကို လွယ်လင့်တကူ မှတ်မိနားလည် စေနိုင်ပါတယ်။ တတိယ အနေနဲ့
ကတော့ တခြားသူတွေ နဲ့လည်း ဟာသသဘော တွေကို ပြန်လည်ဝေမျှ ခံစား စေချင်တဲ့
သဘာဝ စိတ်ဆန္ဒ တွေကို ဖြစ်ပေါ်လာစေ နိုင်ပါတယ်။
ဟာသဉာဏ် ရွှင်ရွှင်နဲ့ သင်ကြား ပို့ချနိုင်တဲ့ ဆရာ၊ ဆရာမတွေ ဆိုရင်
တပည့်တွေက ပိုပြီး ခင်မင်လေးစား ကြပါတယ်။ ကြောက်ရင် စာမမေးရဲ တော့ပါဘူး။
“ပုဂ်္ဂိုလ်ခင်တော့ တရားမင်”ဆိုတဲ့အတိုင်း ဒီလိုဆရာ၊ ဆရာမ မျိုးတွေကို
ကျောင်းသား၊ ကျောင်းသူတွေက ပိုပြီးချစ်ကြ ကြည်ညိုကြတော့ သူတို့သင်ကြား
ပေးလိုက်တဲ့ သင်ခန်းစာ ဘာသာရပ် တွေကိုပါ ပိုပြီး စိတ်ဝင်စား အာရုံစိုက်
လာကြတယ်။ ပိုပြီးလည်း မှတ်မိနားလည် လာကြတယ်။ နားလည်လို့လည်း ပျော်ရွှင်
နေကြတယ်လေ။ ဉာဏ်ရွှင်ရင် စာဝင်ပါတယ်။ ဥာဏ်ကစားရင် စာသွားပါတယ်။
ဉာဏ်လတ်ရင် စာတတ်တယ်ပေါ့။
ဒါတင် မကသေး ပါဘူး။ အလုပ်ခွင် တွေမှာလည်း ဟာသဉာဏ် ရွှင်ရင် လူမှု ဆက်ဆံရေး
ကို အထောက်အကူ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု မွန်းကျပ်မှုတွေကို
ပြေပျောက်စေနိုင်ပါတယ်။ အမြင်ရှုထောင့်တွေကို ဖြည့်စွမ်းရှုမြင်နိုင်စေပါ
တယ်။ အာရုံစူးစိုက်မှုနဲ့ စွမ်းအားတွေကို မြှင့်တင် ပေးနိုင်ပါတယ်။
ဒါတွေကို သုတေသန လုပ်ပြီးသား ဖြစ်ပါတယ်။
တစ်ဆက်တည်း ဟာသနဲ့ သက်ဆိုင်တဲ့ အဆိုအမိန့် လေးတွေကို ငဲ့ကြည့်လိုက်ရင်
ဒီလို တွေ့ရမှာပါ-
Humour builds bridges between cultures.
ဟာသက ယဉ်ကျေးမှုတွေ အကြား တံတားထိုး ပေးတယ်။
Humour releases tension.
ဟာသက တင်းမာမှု တွေကို လျော့ပါး သက်သာစေတယ်။
Humour develops creative thinking.    ဟာသက တီထွင်ဖန်တီး တွေးခေါ်
တတ်မှုကို ဖော်ဆောင်ပေးတယ်။
Humour enchances motivation.
ဟာသက နိုးကြား တက်ကြွမှုကို မြှင့်တင်ပေးတယ်။
A joke is a very serious thing.   ဟာသ ပြက်လုံးဆိုတာ အလွန်ကို အရေးပါ
လေးနက်တဲ့ ကိစ္စတစ်ရပ် ပါလို့ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း Sir Winston
Churchill  က ပြောဖူးပါတယ်။
The most wasted day is that in which we have not laughed.
ကျွန်ုပ်တို့ မရယ်မောဖြစ် တဲ့နေ့ဟာ အချည်းနှီး အဖြစ်ဆုံး နေ့ပဲလို့
ပြင်သစ် စာရေးဆရာ Sebastian Chamfort  က ဆိုတယ်။
The Sound of laughter is the most civilised music in the world.
ရယ်မောသံဟာ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံး ဂီတသံ ပါပဲလို့ ဗြိတိသျှ စာရေးဆရာ
Peter Ustinov  က ပြောခဲ့တယ်။ Laughter is the best medicine.  ရယ်မောသံ
တွေဟာ အကောင်းဆုံး ဆေးဝါးတွေလို့ အဆိုအမိန့် တစ်ခုလည်း ရှိပါသေးတယ်။
နောက်ပြီး မြန်မာ ဆိုရိုးစကား တွေမှာ ထောင်တန်သည့် စကားရယ်ပေါ့။
ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရ။ လူမြူးလျှင် ဒဏ်ရ၊ နွားမြူးလျှင် ထွန်ရ။
လွမ်းစရာ ပေါ်လျှင် နာစရာနှင့် ဖျောက်။ ငိုချင် အူရွှင်။ ငိုအားထက်
ရယ်အားသန်။ ဇာတ်သမား လာလျှင် မှတ်သားစရာ ပါရမည်။ ဇာတ်သမား ပြန်လျှင်
မှတ်သားစရာ ကျန်ရမည်။ နာစရာ ရှိလျှင် လွမ်းစရာ နှင့်ဖြေ စသည်ဖြင့်
စသည်ဖြင့် ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဘ၀မှာ ရယ်မောခြင်း စွမ်းအင်ဟာ ကောင်းမွန် ပါတယ်ဆိုတာ
လူတိုင်း သိပြီးသားပါ။ ဒါကြောင့် ကမ္ဘာ့ လူသားတွေ ထာဝရ ပျော်ရွှင်ရယ်မော
နိုင်စေဖို့ အိနိ္ဒယ နိုင်ငံက ယောဂ ပညာရှင် Dr. Malen Kataria  က ၁၉၉၈
ခုနှစ်မှာ ကမ္ဘာ့ ရယ်သံများနေ့ (World Laughter Day)  ကို ဖန်တီးသတ်မှတ်
ပေးခဲ့ပါတယ်။ သူက တစ်ကမ္ဘာလုံး ဆိုင်ရာ ရယ်မောခြင်း ဆိုင်ရာ ယောဂ
လှုပ်ရှားမှုရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။
အခုဆိုရင် နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှာ ရယ်မောသူ အသင်းပေါင်း ၆၀၀၀
ကျော် ရှိနေပါပြီ။ ကမ္ဘာ့ ပထမဆုံး ရယ်မော သံများနေ့ (The First  World
Laughter Day)  ၁၉၉၈ ခုနှစ်က အိနိ္ဒယ နိုင်ငံ၊ မွန်ဘွန်းမြို့မှာ
စတင်ကျင်းပ ခဲ့ပါတယ်။ ရယ်မောသံ တွေက တစ်ဆင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို
မြှင့်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ဆက်လက်ပြီး
နှစ်စဉ်နှစ်တိုင်း မေလရဲ့ ပထမဆုံး တနင်္ဂနွေ နေ့ကို ကမ္ဘာ့ ရယ်မောသံများ
နေ့လို့ သတ်မှတ်ပြီး အခမ်း အနားတွေ ကျင်းပ လာကြပါတယ်။
ဒီပွဲတွေ ကျင်းပစဉ်မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွေ ပြုလုပ်
ကြပါတယ်။ နဖူးစည်း စာတန်းတွေ၊ လက်ကိုင် ကတ်ပြားတွေ ကိုင်ဆောင်
ထားကြပါတယ်။ စာသားတွေ ကတော့-
World Peace through Laughter.
ရယ်မောသံမှ တစ်ဆင့် ကမ္ဘာငြိမ်းချမ်း ရေးသို့။
The Whole World is An Extended Family.
တစ်ကမ္ဘာ လုံးဟာ တိုးချဲ့ မိသားစု တစ်ခုပါ။
Laugh and Make others Laugh.
ကိုယ်တိုင်လည်း ရယ်ပါ။ တခြား သူတွေကိုလည်း ရယ်အောင်လုပ်ပါ။
Join Laughter Club- it's FREE!
ရယ်မောသူ အသင်းသို့ ၀င်လိုက်ပါ။ အခမဲ့ ဖြစ်ပါတယ်။
ဒီလို စီတန်း လမ်းလျှောက် နေစဉ်မှာလည်း “ဟိုးဟိုး ဟားဟားဟား” (Ho, Ho,
Ha, Ha, Ha)  နဲ့ “သိပ်ကောင်း၊ အလွန်ကောင်း ဟုတ်ပါပေ့” (very good, very
good, Yeah) စတဲ့ ကြွေးကြော် အော်ဟစ်ပြီး လက်ခုပ်တီးကြ၊ ကခုန် ကြပါတယ်။
ပျော်စရာ ကြီးပါပဲ။ ပြီးတော့ ဥယျာဉ်၊ ပန်းခြံ၊ ရင်ပြင်၊ ကွက်လပ်၊
ကစားကွင်းလို နေရာမျိုး တွေမှာ ၁၀ မိနစ်ကြာ ဟားတိုက်ရယ် မောပွဲတွေ
ပြုလုပ် ကြပါတယ်။ အဆိုတွေ၊ အကတွေနဲ့ ရယ်မောခြင်း ပြိုင်ပွဲတွေ ကျင်းပရင်း
အကောင်းဆုံး ရယ်မော နိုင်သူတွေကို ဆုတွေ ချီးမြှင့် ကြပါတယ်။
လူ့ကမ္ဘာ ကြီးမှာ မရယ်နိုင်သူ တွေကတော့ အနည်းဆုံး ပြုံးတာလောက်တော့
လုပ်သင့်ကြ ပါတယ်။ အမြဲတမ်း ပြုံးနေကြပါ။ ကမ္ဘာကျော် မိတ္တဗလ ဋီကာကို ရေးသာ
ထုတ်ဝေခဲ့တဲ့ ဆရာ ကြီး Dale Carnegie   က သူ့ရဲ့ကျမ်းထဲမှာ မိတ်ဆွေရဖို့၊
ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ဖို့၊ လုပ်ငန်း အသီးသီး
အောင်မြင်နိုင်ဖို့ ကျင့်ဆောင်ရမယ့် လက်မွန်မဆွ ပထမ နည်းနာကတော့
“ပြုံးပါ’’ (Smile)  တဲ့။
လောကမှာ လူရယ်လို့ ဖြစ်လာရင် “ပုခက်နဲ့ ခေါင်းကြား (From the cradle to
the grave)  မှာ လျှောက်လှမ်း ကြရ စမြဲပါ။ လောကဓမ္မ သဘာဝ ကလည်း “ဇာတိ၊
ဇရာ၊ ဗျာဓိ၊ မရဏ”လို့ ပြဆိုပါတယ်။ ဘ၀မှာ ဧကန်မလွဲ ရင်ဆိုင် ကြရမှာက
“အနိစ္စ၊ ဒုက္ခ၊ အနတ္တ” သဘာဝ။
ဘ၀ ခရီးစဉ် တစ်ခုကို လျှောက်လှမ်း ကြရာမှာ “လမ်းသိသူ”က ခရီး ပေါက်တယ်။
သက်သာတယ်။ “လမ်းမသိသူ”က လမ်းပျောက်တယ်။ ခရီး မရောက်ဘဲ ခက်ခဲပင်ပန်း
လှပါတယ်။
လောကရေးရာ အမှုကိစ္စ တွေကို ဖြေရှင်းရာမှာ စိတ်တွေ လေးပင်နေရင်
လွဲချော်မှားယွင်း တတ်ပါတယ်။ စိတ်လက်ပေါ့ပါး နေမှသာ ကြည်လင် ပြတ်သားစွာ
ရှုမြင် သုံးသပ်နိုင်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန် နိုင်ပါတယ်။
ဒါကြောင့် လောကဓမ္မ၊ လောက သဘာဝ၊ လောက နိယာမ၊ လောက သစ္စာတွေကို
နှလုံးအိမ်မှာ သိမ်းပိုက်မိဖို့ ကြိုးစားရင်း ဘ၀ကို ထိုက်တန်အောင်
နေနိုင်ရ ပါလိမ့်မယ်။ ဒါမှသာ အဖိုးတန်တဲ့ ဘ၀မျိုးကို ရယူပိုင်ဆိုင်
နိုင်မှာ ဖြစ်ပါတယ်။
လူတိုင်းဟာ ကိုယ့်ရဲ့ ဘ၀ကို တန်ဖိုးရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်
ကြမှာပါ။ ဒီလို နေချင်ရင်တော့ ကိုယ့်ရဲ့ ရွှေမျက်နှာ တော်ပေါ်မှာ
“ပ”လေးလုံး ကို ဆောင်ထားကြပါ။ “ဂ”လေးလုံး ကိုတော့ ဝေးဝေး
ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။
ဆယ်ကျော်သက် ဖူးငုံလေးတို့ရေ- ဒါက ငယ်စဉ် ကတည်းက ရရှိ ထားသင့်တဲ့
အလေ့အကျင့် စရိုက် သဘာဝလေး တစ်ခုပါ။ ဘ၀မှာ ပျော်ချင်ရင်ပြုံး။ ပြုံးရင်
ပျော်ပါလိမ့်မယ်။ မပြုံးနိုင်ရင် နုံးသွားမှာနော။ ဒါကြောင့်-
မျက်ခုံးလေးပြုံး၊
မျက်လုံးလေးပြုံး၊
နှာခေါင်းလေးပြုံး၊
နှုတ်ခမ်းလေးပြုံး၊
မျက်နှာလေး ပြုံးပြီး၊
ကိုယ်စိတ်နှလုံး ရွှင်ပြုံး နိုင်ကြပါစေ။
ဆယ်ကျော်သက် ထက်မြက်ပါစေ။
Written by ဦးအေးချစ် EEAC
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)