29 Jun 2012

       စာပေအလိုအရ ရဟန်းနှစ်ပါးကို ဂန္ထဓူရနှင့် ဝိပဿနာဓူရဟုလည်းကောင်း၊ အရညဝါသီ ( တောနေရဟန်း) နှင့် ဂါမဝါသီ ( မြို့၊ ရွာနေ ရဟန်း) ဟုလည်းကောင်း ခွဲခြားထားနိုင်သည်။ အဓိပ္ပါယ်အားဖြင့် ဆင်ဆင်တူမည်ထင်ပါသည်။ သို့သော် ယနေ့လက်ရှိအနေအထားအရတော့ တော်တော်ကွဲပြားနေပြီဖြစ်သည်။ တစ်ချိန်ကမူ ဝိပဿနာဓူရ ရဟန်းက တောတွင်အနေများခဲ့ပုံရသော်လည်း ယနေ့ဝိပဿနာကား မြို့၌ပို၍ပင် ထွန်းကားနေတော့သည်။        ရှေးတုန်းကတော့ တောနေရဟန်းဂိုဏ်း သီးသန့် မြန်မာပြည်တွင်လည်း ရှိခဲ့ပုံရသည်။ ယနေ့တော့ မရှိတော့။ တစ်ပါးစ၊ နှစ်ပါးစ မိမိယုံကြည်ချက်နှင့်မိမိ တောရိပ်ခိုခြင်းသာ ရှိတော့သည်။ ဂိုဏ်းဂဏဟုမရှိတော့။ ထိုင်းနိုင်ငံ၌ ဤယဉ်ကျေးမှုရှိသေးသည်။ အဂျန်ချာတို့ ဦးဆောင်ခဲ့ဟန်တူသည်။ ဦးဆောင်ခဲ့သည်မဟုတ်စေကာမူ သူ့နောက်ပိုင်းမှ Forest Tradition က ပို၍ခေတ်စားလာသည်။ မည်သို့ဖြစ်စေ ဤကိစ္စက ဆောင်းပါးရေးလိုသောကိစ္စမဟုတ်ပါ။        လူမည်းခေါင်းဆောင် မာတင်လူသာကင်း၏ “My Dream ” ကဲ့သို့ သီဟနာဒ၏ အိပ်မက်ကိုရေးလိုခြင်းဖြစ်သည်။ သူ့ဒရင်း(မ်) လောက် ကမ္ဘာမကျော်လည်း ရှိစေ။ ကိုယ့်အိပ်မက်ကိုမူပြောချင်သည်။        ယနေ့ မြန်မာပြည်က ရွေးကောက်ပွဲ ဖီးဗားတက်နေသည်။ နှစ်ပေါင်းအတော်ကြာ မဲမပေးခဲ့ရသော မြန်မာလူထုများ မဲပေးခွင့်အနည်းငယ်ရလိုက်သဖြင့် ပျော်မဆုံး၊ မော်မဆုံး ဖြစ်နေကြသည်။ ပျော်လည်း ပျော်ထိုက်ပါ၏။ သို့သော် မဲပေးရသောအရသာကို အရွယ်ရောက်ပါလျက် မခံစားရရှာသော လူတန်းစားနှစ်ရပ်ရှိသည်။ ထိုနှစ်ရပ်ကား အရူးများနှင့် ရဟန်းတော်များပင်ဖြစ်သည်။ ဘယ်တုန်းကမှ အသိအမှတ်ပြုခြင်းမခံခဲ့ရသော ရွေးကောက်ပွဲကတည်းက ဤစကား ရေပန်းစားနေခဲ့သည်။ အရူးနှင့် ရဟန်း မဲပေးခွင့်မရှိဟု ဖြစ်သည်။        ယခုပြောလိုသောကိစ္စသည် ရဟန်းမဲပေးခွင့်ရှိရေး၊ မရှိရေး အိပ်မက်တစ်ခုသာ ဖြစ်ပါသည်

       ထို့ကြောင့် ရဟန်းသံဃာကို ဂိုဏ်းဂဏအနေဖြင့် မခွဲခြားဘဲ ( သုဓမ္မာ၊ ရွှေကျင်စသည်) ရဟန်း၏ အကျင့်နှင့်ပတ်သက်ပြီး တောနေရဟန်းဂိုဏ်းနှင့် မြို့နေ ရွာနေရဟန်းဂိုဏ်းဟု ခွဲခြားကြည့်လိုက်ခြင်းဖြစ်သည်။        သစ်ဥသစ်ဖုကိုသာ ဘုန်းပေးပြီး သမထ၊ ဝိပဿနာ မေတ္တာဘာဝနာဖြင့်သာ နေတော်မူကြသော ရဟန်းတော်များအတွက် မည့်သည့်အစိုးရတက်သည်၊ မည်သူအုပ်ချုပ်နေသည်ဆိုသောကိစ္စက အရေးမကြီးလှပေ။ ထို့ကြောင့် အရညဝါသီဂိုဏ်းကို မဲမပေးစေရ၊ ထိုသံဃာများကလည်း ဤမျှလောကီဆန်သောကိစ္စကို စိတ်ဝင်စားတော်မူကြလိမ့်မည်မဟုတ်ပေ။        ပြဿနာကား မြို့နေ၊ ရွာနေ ( ဂါမဝါသီ၊ နဂရဝါသီ) ရဟန်းတော်များ ဖြစ်သည်။ ထိုရဟန်းတော်များက လူကြားထဲ၌နေရသဖြင့် လူထုနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် လူထု၏ ဒုက္ခ၊ သုက္ခတို့ သူတို့ကိုထိခိုက်စေ၏။

ရွှေဝါရောင်အရေးအခင်းကပင် လူထု၏ဒုက္ခကြောင့် အုံကြွလာကြသော ရဟန်းတော်တို့၏ လှုပ်ရှားမှုတစ်ခုဖြစ်သည်။ လူထု၏ဘဝက အုပ်ချုပ်သောအစိုးရနှင့် ဆက်စပ်နေလျှင် ထိုရဟန်းတော်တို့နှင့် အစိုးရကလည်းသွယ်ဝိုက်၍ ဆက်စပ်နေတော့သည်။ သို့ဖြစ်လျှင် မြို့နေ၊ ရွာနေရဟန်းတော်များလည်း အုပ်ချုပ်မည့်အစိုးရကို ရွေးချယ်ပိုင်ခွင့်ရှိသင့်သည်။

       “ ရဟန်းနှင့် မဲပေးခြင်းဘာမှမဆိုင်” ဟု ပြောလိုက ပြောနိုင်၏။ သို့သော် ဘာသာရေးဝန်ထမ်းများ မဲပေးခွင့်မရှိသော ဒီမိုကရက်တစ်နိုင်ငံ မည်မျှရှိပါသနည်း။ ထေရဝါဒနိုင်ငံတို့တွင် သီရိလင်္ကာက ရှေ့အတော်ရောက်နေသောနိုင်ငံ ဖြစ်သည်။ ရဟန်းတစ်ပါးသည် ဆန္ဒရှိပါက မဲပေးရုံသာမက မဲပါအရွေးခံခွင့်ရှိသည်။ ရဟန်းပါလီမန်အမတ်ရှိသည်။ “ ဒါမျိုးကတော့ မကောင်းပါဘူး၊ ကြာရင် သာသနာကွယ်လိမ့်မယ်” ဟု ရဟန်းတစ်ပါး ပါလီမန်အမတ်ဖြစ်တာနဲ့ သာသနာကွယ်သည်အထိ ဆွဲတွေးသူများလည်း ရှိတတ်သည်။ မဆိုင်လှပါ။        မှန်တော့ မှန်ပါသည်။ ယနေ့ မြန်မာဗုဒ္ဓဘာသာများအနေဖြင့် ပါလီမန်အမတ်ဖြစ်နေသော ရဟန်းတစ်ပါးကို ဖူးတွေ့ရန် အတန်ငယ် ကသိကအောက်တော့ ဖြစ်နိုင်ပါသည်။ ကျင့်သားမရကြသေးသောကြောင့်သာ ဖြစ်သည်။ မည်သို့ဆိုစေ ရဟန်းတစ်ပါးအနေနှင့် နိုင်ငံရေးကိစ္စထဲ၌ သိသိသာသာ ပါဝင်နေခြင်းကတော့ မကောင်းပေ။ မဖြစ်သင့်ဟုလည်း ထင်သည်။ သို့သော် မဲပေးခြင်းနှင့် ဝင်ရောက်အရွေးခံခြင်းက လုံးဝမတူညီပေ။        ရဟန်းတော်များလည်း အစိုးရကို ရွေးချယ်ခွင့်ရှိနေသင့်သည်။        ယနေ့ ရဟန်းတော်များသည် အစိုးရပိုင်းကလုပ်ရမည့်တာဝန်တစ်ချို့ကို ဝင်ရောက်လုပ်ကိုင်နေကြရသည်။ အဓိကအားဖြင့် ပညာရေး။ ကျန်းမာရေး၊ လူမှုရေးကိစ္စများဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်က ပညာရေးနှင့်ပတ်သက်ပြီး ရဟန်းတော်များ မားမားမတ်မတ်ရပ်ခဲ့ပြီး ဘ/ကကျောင်းများ ဖွင့်လှစ်သင်ကြားခဲ့ကြသည်။ အဓိကအကြောင်းက ဘာသာရေး၊ စာပေနှင့် ယဉ်ကျေးမှု ပျောက်ကွယ်မည်ကို စိုးရိမ်တော်မူကြသောကြောင့် ဖြစ်သည်။ အမှန်မူ ကလေးပညာရေးဟူသည် အစိုးရက တာဝန်ယူလုပ်ဆောင်ရမည့်ကိစ္စ ဖြစ်သည်။ လူမျိုးခြားအစိုးရက မိမိတို့လိုသော ပညာရေးကို ပေးမည်မဟုတ်။ ထို့ကြောင့် ကိုယ်ပေးလိုသော ပညာရေကို ကိုယ်တိုင်သာပေးကြရပေတော့သည်။ ဆိုလိုသည်မှာ အစိုးရကမလုပ်၍ ကိုယ်တိုင်လုပ်နေကြရခြင်းသာ ဖြစ်သည်။ သို့ဖြစ်လျှင် ထိုအစိုးရပြောင်းလဲဖို့အတွက် ရဟန်းတော်များမှာလည်း သွယ်ဝိုက်၍ တာဝန်ရှိနေပြန်သည်။        ယနေ့ နိုင်ငံတော်ကား အဘက်ဘက်က ချွတ်ယွင်းလျက်ရှိသည်။ ထင်ရှားသောသာဓကမှာ မန္တလေးမှာ မီးလောင်တိုင်း ရဟန်းတော်များပိုတွေ့နေရတတ်ခြင်းပင် ဖြစ်သည်။ (ယခုတွေ့ရသေးသလားတော့ မသိပါ)။ ဤအလုပ်များသည် မီးသတ်သမားများ လုပ်ရမည့်အလုပ်ဖြစ်သည်။ သို့သော် ထိုမီးလောင်သော နေရာက မိမိ၏ ရဟန်းဒကာ၊ ဆွမ်းဒကာများ အိမ်တွေနှင့် နီးနေလျှင် ထိုရဟန်းမှာလည်း တာဝန်သွယ်ဝိုက်၍ ရှိသွားတော့သည်။ ထိုဒကာများ ဒုက္ခရောက်လျှင် ထိုရဟန်းလည်း ဒုက္ခရောက်တော့သည်သာ။ မည်သို့ဆိုစေ မီးသတ်ကား၊ မီးသတ်သမားများ၊ အစိုးရဆိုင်ရာဝန်ထမ်းများက ကျပ်ကျပ်မတ်မတ်လုပ်ပေးနေမည်ဆိုလျှင် ထိုရဟန်းဝင်ပါလာစရာ မလိုပေ။ သူတို့က ထိုသို့မလုပ်လျှင်တော့ ရဟန်းက ဝင်ပါလာပေလိမ့်မည်။ မီးလောင်နေသည်ကို ကျည်ဆံဖြင့် ငြှိမ်းသတ်၍မရပါ။ လူဆူလျှင် ကျည်ဆံဖြင့် ငြှိမ်းနိုင်သော်လည်း မီးလောင်လျှင်တော့ ကျည်ဆံဖြင့်မရတော့။ ထို့ကြောင့် ရဟန်းတော်များနှင့် အုပ်ချုပ်မည့်အစိုးရကလည်း သွယ်ဝိုက်၍ ဆက်စပ်နေပြန်တော့သည်။        ပို၍ တစိမ်းတရံဆန်သောကိစ္စက ရဟန်းနှင့် အလုပ်အကိုင်ရှာဖွေပေးရေး ( ဂျော့ဖ် ခရီရေးရှင်း) ကိစ္စဖြစ်သည်။ ရဟန်းတစ်ချို့က ဤကိစ္စများပင်ပါဝင်နေကြသည်။ လူတစ်ချို့ကို အလုပ်အကိုင်လေးဘာလေးရစေရန် စီမံပေးလာကြသည်။ တကယ်တမ်းဆိုရလျှင် နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ဦးရေလျှော့ချရေးသည် အစိုးရ၏တာဝန်တစ်ရပ်သာဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးကိစ္စဖြစ်သဖြင့် အစိုးရလုပ်မှလည်း ထိရောက်သည်။ အစိုးရကလုပ်မပေးနိုင်သည့်အခါ အစိုးရလုပ်ရမည့်အလုပ်တစ်ချို့ကို ရဟန်းတော်မျာလုပ်လာကြသည်။ ထိုသို့သော ရဟန်းတော်များအတွက် အစိုးရရွေးချယ်ပိုင်ခွင့် ရှိနေသင့်သည်။        ဒါကို ဝိနည်းတော်ထဲမှာ မပါဘူး- ဟု ဆိုနိုင်သည်။ သို့သော် ဝိနည်းတော်နှင့်မညီဟုလည်း ပြောရန်ခက်ပါသည်။ ဝိနည်းတော်၌ အစိုးရကို၊ အတိုက်အခံပါတီကို မဲပေးက အာပတ်သင့်စေဟု ဆိုမထားသောကြောင့် ဖြစ်သည်။        ဘုရားလက်ထက်ကတော့ မဲစနစ်ကို သံဃာထဲတွင်သာ ကျင့်သုံးခဲ့ဟန်တူသည်။ အစိုးရကိစ္စ၊ ရှင်ဘုရင်ကိစ္စကတော့ ဧကရာဇ်၊ ပဒေသရာဇ်များဖြစ်ကြသောကြောင့် မည်သူမျှ မဲပေးရန်မလိုတော့ပါ။ ထိုကိစ္စမျိုးမရှိခဲ့သည့်အတွက် ပြဿနာမရှိခဲ့။ ပြဿနာမရှိခြင်းကြောင့် သိက္ခာပုဒ်လည်း ပညတ်ရန်မလိုခဲ့ပေ။ ထို့ကြောင့် ဝိနည်းကိစ္စကို ပြောလို့မရတော့။ “ မသင့်တော်ဘူး ထင်ပါတယ်” ဟုသာ ခပ်ဝါးဝါး ပြောနိုင်တော့သည်။        လတ်တလော နှစ်(၂၀) နှင့် (၃၀) အကြား၌ နိုင်ငံခြားသာသနာပြုကိစ္စ တော်တော်ခေတ်စားလာကြ၏။ ( အရင်က ပီနန်ဆရာတော်တို့၊ ဆရာတော် ဦးသေဌိလတို့လို တစ်ပါးစ၊ နှစ်ပါးစသာရှိသည်။) မြန်မာရဟန်းတော်များ ပြည်ပကို တော်တော်ထွက်လာကြ၏။ အလုပ်အကိုင်ရှာဖွေရန်ထွက်လာသော မြန်မာများလည်း ဆတိုးမကများလာ၏။ ပရော်ဖက်ရှင်နယ်တွေပါ၏။ မဟုတ်တာတွေလည်းပါ၏။ ပရော်ဖက်ရှင်နယ်တွေက ပြဿနာမဟုတ်သော်လည်း ပရော်ဖက်မရှင်သူတို့ကား ဒုက္ခကြီးလှ၏။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုသည့် အလုပ်အကိုင်ရှာဖွေပေးသော အေးဂျင့်များ၊ ပြည်တွင်းဒုက္ခကိုသာသိပြီး ပြည်ပဒုက္ခကို မသိကြရှာသော ငမိုက်သား၊ ငမိုက်သူများ။ ကျွန်စနစ်မရှိဟုဆိုစေ၊ ကျွန်စနစ်ထက်ဆိုးသော ပညာပါပါဒုက္ခပေးတတ်သော စစ်အေးအရင်းရှင်များ၊ စသည်တို့ကြောင့် လူမှုရေးပြဿနာများက များလှ၏။        ထိုပြဿနာများကို မြန်မာနိုင်ငံဆိုင်ရာသံရုံးများက ဖြေရှင်းပေးရမည်ဖြစ်သည်။ ထိုသံရုံးက မရှင်းသောအခါ ထိုပြဿနာများက စာနာတတ်သော မြန်မာလူနည်းစုနှင့် ရဟန်းတော်များထံ ရောက်သွားတတ်သည်။ ( လွန်ခဲ့သော နှစ်နှစ်ခန့်က ဖြစ်သည်။) ဘုန်းကြီးအမှုရွာမပတ်ရပဲ ရွာမှုများ ဘုန်းကြီးတွေထံ ပတ်လေတော့သည်။ ထိုအခါ ရဟန်းတော်တစ်ချို့က အစိုးရလုပ်ရမည့်တာဝန်တို့ကို ဝင်လုပ်ရလေတော့သည်။        ထိုရဟန်းများမှလည်း အစိုးရကောင်းပေါ်ထွက်ရေးအတွက် တာဝန်ရှိပေသည်။ ဆိုလိုသည်မှာ မဲပေးခွင့်ရစေသင့်သည်။        ရှေးရိုးစွဲအမြင်ဖြင့် “မဖြစ်သင့်” ဟု ဆိုသော ပုဂ္ဂိုလ်များရှိနေပေလိမ့်မည်။ ထိုရှေးရိုးစွဲကြောင့် ဘယ်လောက်နောက်ကျကျန်ခဲ့ပြီလဲဟု တွေးရန်ရှိလာပြန်သည်။        ကြည့်ပါ။ အင်္ဂလိပ်စာကို တိရစ္ဆာနကထာ (မဂ်ဖိုလ်မှ ဖီလာဖြစ်သောစကား) ဟုဆိုကာ မသင်ခဲ့ကြ။ မသင်တော့ မစွံကြ။ သာသနာပြုရာမှာပင် နောက်ကောက်ကျကျန်ခဲ့ကြ၏။ ပိဋကတ်တော်များကို အင်္ဂလိပ်ပြန်ထားသော အင်္ဂလိပ်ဘာသာများကို တိရစ္ဆာနကထာဟု မည်သူပြော၍မှန်အံ့နည်း။ ဤသို့ဆိုလျှင် ပါဠိမှ မြန်မာမှုပြုထားသော မြန်မာပြန်ကျမ်းစာများကိုလည်း တိရစ္ဆာနကထာတွင် ထည့်ကြမှသင့်ပေလိမ့်မည်။ အကြောင်းကား မူရင်းပါဠိဘာသာဖြင့် မဟုတ်သောကြောင့်တည်း။        အချုပ်ဆိုရသော် မြို့နေရွာနေရဟန်းများသည် လူထုကြီးနှင့်ဆက်စပ်နေသည်။ ထို့ကြောင့် လူထုခံစား၊ စံစားနေရသော ဒုက္ခ၊ သုက္ခတို့လည်း သူတို့ကို ထိခိုက်စေသည်။ လူထုကြုံတွေ့နေရသော ဒုက္ခ၊ သုက္ခတို့သည် အများအားဖြင့် အုပ်ချုပ်သောအစိုးရနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ထိုရဟန်းတို့နှင့် အစိုးရပေါ်လစီတို့လည်း ထိစပ်နေပေတော့သည်။        ထို့ကြောင့် မှန်ကန်သောအစိုးရပေါ်ထွက်လာရေးအတွက် ရဟန်းတော်များမှာလည်း တာဝန်မကင်းပေ။ ထို့ကြောင့် “ သတ္တာနံ ဟိတာယ၊ သုခါယ” ကိုထောက်ကာ လူထုကြီးပွါးတိုးတက်ဖို့ဆိုလျှင် မဲပြားလေးတစ်ပြား ထည့်ရုံမျှဖြင့် အာပတ်ကြီးကြီးကျယ်ကျယ် သင့်မည်မဟုတ်ကြောင်း အိပ်မက်မက်မိသည်။        အမှန်ဆိုရမူ ချက်လက်မှတ်ကို အလှူခံရခြင်းထက် မဲပြားကိုကိုင်ခြင်းက အာပတ်သင့်ဖို့ ရာနှုံးပိုနည်းပါသည်။        သို့သော် သံဃာရတနာကို ဦးထိပ်ထားသောအားဖြင့် လူပုဂ္ဂိုလ်များ မဲမပေးမီ သုံးရက်ခန့်ကြိုတင်ပြီး ဆန္ဒရှိသော သံဃာတော်များကို မဲပေးခွင့်ပြုလိုက်လျှင် တံခွန်နှင့် ကုက္ကားဟု အိပ်မက်တစ်ခု မက်လိုက်မိပါတော့သတည်း။


သီဟနာဒ




အမရဒီပတင်ပြတဲ့သာသနာရေး အမြင်ဆောင်းပါးနဲ့ ဆရာ သီဟနာဒရဲ့ ဆောင်းပါး နှစ်ပုဒ်ကို စဉ်းစားရန်နှင့် ဝေဘန်သုံးသပ်နိုင်အောင် ကူးယူဖြန့်ချီလိုက်တယ်
ဝါရင့်နိုင်ငံရေးသမားကြီးတဦး၏ သာသနာရေးအမြင်
၁။
ဦးဘဘေ (သို့မဟုတ်) ဦးဘဖေ ----------။

သူမည်ကဲ့သို့လူ
မျိုးနည်း။
သူ၏နောက်ခံသမိုင်းရုပ်ပုံလွှာကို စဉ်းငယ်မျှခြေရာ ကောက်ကြည့်ကြပါစို့။
သူ့ကို ၁၈၈၃- ဧပြီ ၁၆ တနင်္လာနေ့မှာ မွေးသည်။ ကြို့ပင်ကောက်ဇာတိ-----။

၁၉၀၆ ခု-အသက်၂၃ မှာ ဘီအေ အောင်သည်။ Young Men’s Buddhist Associations (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း နှင့် သူရိယသတင်းစာကို စတင်တည်ထောင်ရာတွင်တဦးအပါအ၀င် ဖြစ်ခဲ့သည်။

၁၉၁၉ အော့ဖုန်းကော်မရှင်တွင် မြန်မာတို့၏နစ်နာချက်ကို တင်ပြရန် အင်္ဂလန်သွား မြန်မာ ကိုယ်စားလှယ်တော်သုံးဦး ဘေ-ပု-ရှိန် တွင် ဘေ-မှာဦးဘဘေဖြစ်သည်။

၁၉၂၀ တွင် မြန်မာပြည်ကို အိန္ဒိယနှင့်တန်းတူအုပ်ချုပ်ရေးပေးရန် အရေးဆိုကြသော အင်္ဂလန်သွားမြန်မာ ကိုယ်စားလှယ် သုံးဦး ဘေ-ပု-မောင် တွင် ဘေ-မှာ ဦးဘဘေပင်ဖြစ်သည်။

၁၉၂၀-ပြည်မြို့တွင် ကျင်းပသည့် ၈ ကြိမ်မြောက် YMBA အစည်းအဝေးတွင် အသင်းကြီးကို The General Council of Burmese Associations (GCBA) မြန်မာ့အသင်းချုပ်ကြီး ဟုပြောင်းလဲဖွဲ့စည်းသည်။

မြန်မာပြည်အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule) ကို တောင်းဆိုသည်။
ဗြိတိသျှအစိုးရက ယင်းတောင်းဆိုချက်ကို လက်မခံ၊ ဒိုင်အာခီ အုပ်ချုပ်ရေး (Dyarchy)စနစ်ချမှတ်ပြီးရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြင်ဆင်တော့သည်။

GCBA အတွင်း ရွေးကောက်ပွဲဝင်လိုသူအုပ်စု၊ ရွေးကောက်ပွဲကို သပိတ်မှောက်သည့်အုပ်စု ဟု ၂ စု ကွဲသည်။

ဦးဘဘေသည်ကား ရွေးကောက်ပွဲဝင်သည့်အုပ်စုခေါင်းဆောင်ဖြစ်၏။
ပြီးနောက် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဖြစ်လာသည်။
၁၃၀၀ပြည့် ရေနံမြေသပိတ်ကြီးတွင်လည်း ဦးဘဘေ ပါဝင်ခဲ့သည်။


တွဲရေး-ခွဲရေး ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် သစ်တောရေးရာဝန်ကြီး ဖြစ်ခဲ့သည်။

၁၉၃၆ တွင်ပြည်ထဲရေးဝန်ကြီးဖြစ် ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ယာယီကြားဖြတ် အစိုးရအဖွဲ့တွင် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဖြစ်ခဲ့ သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သီရိလင်္ကာနိုင်ငံ၊ ကန္နီမြို့သို့ သွားကာ ကန္နီစာချုပ်ချုပ်ခဲ့သည်။

မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အင်္ဂလန်သို့ သွားခဲ့သည်။

ငွေကြေးဆိုင်ရာ မသမာမှုများကြောင့် လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ် ကတည်းကပင် ဖ-ဆ-ပ-လ နှင့် ဘုရင်ခံအမှုဆောင်ကောင်စီဝင်ဝန်ကြီးအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။

ပါလီမန်ဒီမိုကရေစီခေတ်ဦးတွင် ဘီအိုစီရေနံကုမ္ပဏီကိုယ်စားလှယ်အဖြစ်ဆောင်ရွက်သည်။
ထိုအချိန်က တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖြစ်သည့် ဗိုလ်ချုပ်နေ၀င်းအား စစ်အာဏာ သိမ်းရန် သွေးထိုးပေးခဲ့သော်လည်း ဗိုလ်ချုပ်နေ၀င်းက လက်မခံဘဲ ဖဆပလအစိုးရအား ဖွင့်ပြောခဲ့သဖြင့် ဦးဘဘေ ထောင်ကျခဲ့သည်။

၁၉၇၂-ခု ဇန်န၀ါရီလ ၈ ရက် စနေနေ့၊ အသက် ၈၈ တွင် ကွယ်လွန်ခဲ့သည်။
သခင်ကိုယ်တော်မှိုင်း၏ " တောင်ကျရေ နွားနှစ် ကောင်မ၀သလိုပ၊ မောင်ဘဖေ ငါးထောင်မရတာကြောင့်" ဟူသော လေးချိုးစာသားမှာ ဦးဘဘေ အတွက် အမှတ်တရ သမိုင်းဝင် စကားဖြစ်နေ ပေတော့သည်။


၂။
မြန်မာ့နိုင်ငံရေးတွင် အထင်ကရရှိလှသော ဦးဘဘေ၏ သတင်းစာဆောင်းပါးပေါင်းချုပ်စာအုပ် ၁ အုပ်ကို အွန်လိုင်းမြန်မာစာကြည့်တိုက်များ၏ မျှဝေမှုကြောင့် လေ့လာဖတ်ရှုခွင့် ရခဲ့ပါသည်။

စာအုပ် အမည်မှာ "ခေါင်းဆောင်ကြီး ဦးဘဘေ၏ နိုင်ငံရေးရာအဖြာဖြာ-ဒုတိယတွဲ" ဖြစ်သည်။
ဟံသာဝတီ သတင်းစာပါဆောင်းပါးများကို စုပေါင်း၍ ၁၉၄၆ တွင် ဟံသာဝတီသတင်းစာတိုက်ကပင် စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။

ဆောင်းပါးပုဒ်ရေ ၂၈ ပါဝင်သည့်အနက် "သာသနာ့ဝန်"ဆောင်းပါးမှာ သာသနာရေး နှင့်ပတ်သက်သူတိုင်း လေ့လာသင့်သော ဆောင်းပါး တပုဒ်ဖြစ်သည်ဟု ယူဆမိပါသောကြောင့် မူရင်း ဆောင်းပါးကို တလုံးတပါဒမျှ မဖြတ် မတောက်ဘဲ စာလုံးပေါင်းသတ်ပုံကိုလည်း မူရင်းအတိုင်း ကူးယူ ဖော်ပြပေးလိုက်ပါသည်။

၃။
"မြန်မာပြည်သည် ဗုဒ္ဓဘာသာတိုင်းပြည်ဟု ဆိုကြ၏။ ၁၉၄၁-ခုနှစ်သန်ခေါင်စာရင်းအရ မြန်မာ ပြည်တွင် လူဦးရေ ၁၆,၈၂၃,၇၉၈ ယောက်ရှိသည်ဟု သိရသော်လည်း ၄င်းအနက်ဘာသာအားဖြင့် ခွဲ ခြားရေတွက်ချက်တို့ကိုကား စစ်ကြီးဖြစ်လာသဖြင့် မသိရတော့ပေ။
သို့ရာတွင် ၁၉၃၁-ခုနှစ် သန်းခေါင် စာရင်းအရမှာ မြန်မာပြည်တွင် လူဦးရေ ၁၄,၆၄၇,၇၅၆ ယောက်ရှိ၍ ၄င်းတို့ကို ဘာသာ အားဖြင့် ခွဲခြား သောအခါ အောက်ပါ အတိုင်း တွေ့ရ၏။

ဗုဒ္ဓဘာသာ ---------- ၁၂,၃၄၈,၀၃၇

နတ်ကိုးကွယ်သူ ------- ၇၆၃,၂၃၄

ဟိန္ဒူ -------------- ၅၇၀,၉၅၃

မူစလင် --------------- ၅၈၄,၈၃၉

ခရာစ်ယန် -------------- ၃၃၁,၁၀၆

သာသနာတော်ဖွံ့ဖြိုးရန်


အထက်ပါစာရင်းအရ မြန်မာပြည်သည် ဗုဒ္ဓဘာသာတိုင်းပြည်ဟု ဆိုခြင်းသည် မှန်ပေသည်။ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်သည့်အားလျော်စွာ၊ဗုဒ္ဓဘာသာဝင်တို့၏တာဝန်သည်အလွန်ပင်လေးပေသည်။
ဗုဒ္ဓဘာသာဝင်ဟူသည် ဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမကို ယုံကြည်လိုက်နာသူတို့ပင်ဖြစ်၏။

ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကြီးစင်ကြယ်ရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးတို့သည် ဗုဒ္ဓဘာသာဝင်တို့ ၏တာဝန်ဖြစ်၏။
ဤကဲ့သို့ သာသနာတော်ကြီးစင်ကြယ်တည်တံ့ စည်ပင် ထွန်းကား ပြန့်ပွားရန်အတွက် အသင်းအပင်းအမျိုးမျိုးဖွဲ့စည်းကာ ရွက်ဆောင်ကြပေသည်။

ဗုဒ္ဓဘာသာဝင်တို့၏တာဝန်


သာသနာတော်ကြီး စင်ကြယ် တည်တံ့ ပြန့်ပွားရေးအတွက် တာဝန်သည် မည်မျှလေးသည်ကို စဉ်းစားလျှင် အရေးကြီးသောအချက်ကြီး ၃ ချက်ကို တွေ့ရ၏။ ၄င်းတို့မှ--

၁- မိမိကိုယ်မိမိဗုဒ္ဓဘာသာဝင်ဟု အသိအမှတ်ပြုသည့်အတိုင်းဗုဒ္ဓဘာသာတရား၏ အခြေခံကို သိရန်လိုခြင်း။
၂- သာသနာတော်ဝန်ထမ်း ပုဂ္ဂိုလ်များနှင့် အသင်းများကို ထောက်ပံ့ခြင်း။

၃- သာသနာတော်နှင့်ပတ်သက်သော ထုံးစံဓလေ့များကို စောင့်ရှောက်ခြင်း။

တို့ဖြစ်၏။ အဆိုပါ အချက်ကြီး ၃- ချက်ကို တခုစီ စဉ်းစားရန်လို၏။

အခြေခံကိုသိရန်


မိမိကိုယ်ကိုမိမိက ဗုဒ္ဓဘာသာဝင်ပါဟု အသိအမှတ်ပြုသည့်အတိုင်း ဗုဒ္ဓဘာသာတရား၏အခြေ ခံကို သိရန်မှာ အလွန်ပင်အရေးကြီး၏။ အခြေခံကိုမသိဘဲ သူများလုပ်သလို လိုက်၍လုပ်နေခြင်းမျှသာ ဖြစ်လျှင် ဘာသာကိုသိပြီးနောက် နှစ်ခြိုက်၍လိုက်နာဆောင်ရွက်ခြင်းမဟုတ်၊ မိရိုးဖလာကြောင့် သို့မဟုတ် အရပ်ရိုသေမှုကြေင့်သာလျှင် လိုက်နာရွက်ဆောင်နေခြင်း ဖြစ်ပေတော့မည်။

ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ကူးပြောင်းသူများတွင် ကူးပြောင်းသော ဘာသာကို နှစ်ခြိုက်၍၄င်း၊ မိမိမူလဘာသာကို မသိ၍၄င်း၊ ဘာသာကူးပြောင်းခြင်းဖြင့်လက်ငင်းကျေးဇူးရှိ၍၄င်း အကြောင်းအမျိုးမျိုးပင် ရှိပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာအခြေခံတို့ကိုသိ၍ ဗုဒ္ဓဘာသာကို တကယ်နှစ်ခြိုက်သူဖြစ်က မည်သည့် အကြောင်းကြောင့်ပင် ဘာသာကူးပြောင်းခြင်းဖြစ်မည်မဟုတ်ပေ။

ထောက်ပံ့ကူညီရေး


ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာ၏ အခြေခံတရားကို ကောင်းစွာသိရှိရန် အလုပ်တာဝန်မှာ သာသနာတော်ဝန်ထမ်းပုဂ္ဂိုလ်များနှင့် သာသနာတော်ဆိုင်ရာအသင်းအပင်းများ၏ တာဝန်ဖြစ်၏။

ယင်းသို့ဖြစ်၍ သာသနာတော်ဝန်ထမ်းပုဂ္ဂိုလ်များနှင့် သာသနာတော်ဆိုင်ရာအသင်းများကိုထောက်ပံ့ ရန် လို၏။

၎င်းတာဝန်မှာ ဗုဒ္ဓဘာသာဝင်တို့၏တာဝန်ဖြစ်သည်။ ယခုအခါ သာသနာတော်ဝန်ထမ်းပုဂ္ဂိုလ် များက နိဗ္ဗာန်ရောက်ကြောင်းတရားများကို ဟောပြောကြ၏။

ဒါန၏အကျိုးကိုလည်း ဟောပြောကြ၏။

သာသနာရေးဆိုင်ရာအသင်းအပင်းများလည်း ၊ သင်္ဂြိုဟ် အဘိဓမ္မာ ၀ိပဿနာ အထက်တန်းတရားစုကို အားထုတ်ကြ၏။

ဤသို့ပြုလုပ်ဆောင်ရွက်နေကြသည်မှာ ကောင်းသည်ဖြစ်သော်လည်း လူသာမန်တို့ အဘို့ မထိရောက်ပေ၊ အထက်တန်းတရားကို မသိနားမလည်နိုင်သည်သာမက အောက်ခြေမှာပင် ၀ိုးရိုး ၀ါးရား ဖြစ်နေကြ၏။

ယင်းသို့ဖြစ်၍ လူနည်းစုအတွက်သာမဟုတ်၊လူများစုအတွက်ကိုလည်း စီမံသင့်၏။
"၀ိ "ရုံနှင့်တင်းတိမ်မနေဘဲ "သိ "အောင်လည်း လုပ်ကြစေလို၏။

အခြေခံတရားကို မသိသဖြင့်


အခြေခံတရားးစုတို့တွင် သေချာဂနစွာ နားမလည်ကြသဖြင့်၊တခြားဘာသာသို့ကူးပြောင်းသည် သာမက ယခုအခါ နိုင်ငံခြားမှ ရောက်လာသော ဟိုဝါဒ ဒီဝါဒတို့တွင်ပင် ကူးဝင်လျက်ရှိ၏။

ဤသို့ကူးဝင် ခြင်းသည် အခြေခံတရားကိုမှ သိအောင်စီမံမထား၍ ဖြစ်သည်။ အခြေခံတရားစုကို မသိသဖြင့် ဘာသာ ကူးပြောင်းခြင်း၊ ဟိုဝါဒ -ဒီဝါဒကိုလက်ခံခြင်းထက် ကိုယ်ကျင့်တရားပျက်ပြားလျက်ရှိသည်မှာ လွန်စွာ ဆိုးဝါလျက် ရှိသည်။

သီလမထိန်းသိမ်းခြင်းတွက် ရာဇ၀တ်မှုအမျိုးမျိုးဖြစ်ခြင်း၊ စီးပွားလစ်ဟင်းခြင်း၊ အမျိုးသားအရေးတို့တွင်မတွင်ကျယ်ခြင်း စသော မလိုအပ်သည့်အချက်စုပေါ်ထွက်လျက် ရှိလေသည်။

အပြန်အလှန်တာဝန်ရှိကြပုံ

ဗုဒ္ဓဘာသာဝင်တို့၏တာဝန်မှာ သာသနာတော်ထမ်းပုဂ္ဂိုလ်များနှင့် သာသနာတော်ဆိုင်ရာအ သင်းအပင်းများကို၎င်း၊ သာသနာတော် ဆိုင်ရာ ထုံးစံ ဓလေ့များကို၎င်း ထောက်ပံ့ရန်ဖြစ်သည်။

အခြေခံတရားကို မသိသဖြင့်အခြေခံတရားကို မသိသဖြင့် သာသနာတော်ထမ်း ပုဂ္ဂိုလ်များနှင့် သာသနာတော် ဆိုင်ရာ အသင်းအပင်း တို့၏တာဝန်မှာ ဗုဒ္ဓဘာသာ ၀င်တို့ မိမိဘာသာ တရား၏အခြေခံကို ပဌမသိရှိရန် သင်ကြားပေးခြင်း၊ သာသနာတော် ဆိုင်ရာ ထုံးစံ ဓလေ့တို့တွင် လမ်းပြပေးခြင်းတို့ပင် ဖြစ်ပေသည်။

ဤသို့အပြန်အလှန်တာဝန်ရှိရာ၌ ဗုဒ္ဓဘာသာဝင် တို့၏ ငွေရေးကြေးရေးတာဝန်သည် အလွန်ပင်လေးပေသည်။

၎င်းတို့မှာ---
(၁) နေ့စဉ်နေ့တိုင်း ဆွမ်းတော်တင်- ဆွမ်းလောင်း။

(၂) ရှင်ပြု-ပဉ္စင်းတက်။

(၃) ဆွမ်းတော်ကြီးတင် ကထိန်ခင်း။

(၄) သီတင်းကျွတ်ပွဲတော်-တန်ဆောင်တိုင်ပွဲတော်-ညောင်ရေသွန်းပွဲတော်-သင်းကြန်။

(၅) ဘုန်းကြီးပျံ-ဘုရားပွဲ။

(၆) ဘုရားတည်-ကျောင်းဆောက်-ဘုရားပြင်-ကျောင်းပြင်။

(၇) ပရိယတ္တိစာမေးပွဲများဖြစ်ကြ၏။

စဉ်းစားရန်အချက်


အထက်ပါကိစ္စအရပ်ရပ်တို့အတွက် ၊ နှစ်စဉ်ကုန်ကျသော ငွေမှာ ရာ-ထောင်မဟုတ်ပေ၊ သန်းကုဋေဖြစ်ပေသည်။

အဆိုပါအလှုငွေကို အစဉ်သဖြင့်သုံးနိုင်ရန်မှာ ငွေဝင်ရှိမှ ဖြစ်ပေလိမ့်မည်။
ငွေဝင်မရှိကြလျှင် အထက်ပါကိစ္စအရပ်ရပ်တို့တွင် လစ်ဟင်းတော့မည်၊
သာသနာတော်ကြီးကို ထိခိုက် တော့မည်။

ယင်းသို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့၏ စီးပွားရေးမလစ်ဟင်းရန်သည် အလွန်ပင်အရေးကြီး၏။
စီးပွားရေးဘက်က မလစ်ဟင်းရန်အတွက် ဗုဒ္ဓဘာသာဝင်တို့လိုက်နာရမည့် ဘုရား၏အဆုံးအမတို့ကို သိကြရန်လို၏။

သာသနာတော်ထမ်းပုဂ္ဂိုလ်များနှင့်သာသနာတော်ဆိုင်ရာအသင်းအပင်းတို့သည် ၊ ဤကိစ္စအချက်ကို လေးလေးနက်နက် စဉ်းစားစီမံကြရန် သင့်လှပေသတည်း။"

၎။
သာသနာရေးလောကတွင် အခြေခံအကြောင်းအရာများကိုနားလည်အောင်သင်ပြလိုအပ်နေပုံ၊ လွန်ခဲ့ပြီး နှစ် ၆၀ ကျော်ကလည်း ဗုဒ္ဓဘာသာဝင်နှင့် သာသနာတော်ဝန်ထမ်းတို့ "အဖျားတက် အမှည့် ရနိုးနိုး "ဖြစ်နေပုံ၊ သာသနာဝန်ထမ်းနှင့် သာသနာတော် ဆိုင်ရာ အဖွဲ့အစည်းတို့ တာဝန်၊ ဘာသာဝင်တို့ တာဝန်၊ သာသနာရေး အတွက် လိုအပ်သော အသုံး စရိတ်ဝင်ငွေ ရှိသင့်ကြောင်း တင်ပြထားသည်များမှာ သတိပြုဖွယ် ကောင်းလှပါသည်။

၅။
ဝါရင့်နိုင်ငံရေးသမား နှင့် သတင်းစာဆရာတဦးလည်းဖြစ်သူ ဦးဘဘေသည် "ကမောက်ကမ ဥပဒေ" ဆောင်းပါးတွင် နိုင်ငံရေး နှင့် သာသနာရေး (ဘာသာရေး) ရောနှောပေါင်းစပ်မှုကြောင့် ဖြစ်ပေါ် နိုင်သည့်အကျိုးဆက်များကို တင်ပြထားလေသည်။ သာသနာ့ဝန်ထမ်းနှင့် နိုင်ငံရေးကိစ္စကို ဦးဘဘေ ကလည်း တွေးခေါ်မြော်မြင်မိသလောက် ဆွေးနွေးတင်ပြထားပေရာ ယင်းအကြောင်းအရာသည် ယနေ့ ခေတ်တွင်လည်း ဆွေးနွေးလို့ မပြတ်နိုင်ဘဲ ဖြစ်နေရလေသည်။

ဦးဘဘေဆောင်းပါးဖြစ်ပေါ်လာခြင်းမှာ ဗြိတိသျှလွှတ်တော်က မြန်မာပြည် မဲဆန္ဒပေးရေး ဥပဒေကြမ်းကို အတည်ပြု လိုက်သောကြောင့် ဖြစ်၏။

ထိုဥပဒေကြမ်းတွင်ပါဝင်သည်တို့ ကို ဦးဘဘေဆောင်းပါးတွင် ဖော်ပြပါအတိုင်း ရေးသားထား၏။

"ယခုအတည်ပြုလိုက်သော ဥပဒေအရ မြန်မာပြည်အထက်အောက်လွှတ်တော် နှစ်ရပ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် အမတ်အရွေးခံနိုင်သူတို့၏ အရည်အချင်းမှာ အောက်ပါအတိုင်း ဖြစ်၏။

(၁) အောက်လွှတ်တော်တွင် ကျား,မမရွေး ဘုန်းကြီး,မယ်သီလတို့ ပါ အသက် ၂၁-နှစ်ရှိလျှင် မဲဆန္ဒစာ ရင်းတွင် ပါဝင်နိုင်၏။ အမတ်အဖြစ်လည်း အရွေးခံနိုင်၏။

(၂) အထက်လွှတ်တော်တွင် အသက် ၃၀-ရှိ၍ တီပီအက်အစ အဂ္ဂမဟာပဏ္ဍိတအဆုံး ဘွဲ့ထူးတခုခုရ သူ အရေးပိုင် စသောရာထူးကြီးများထမ်းဆောင်ခဲ့၍ ပင်စင်စားနေသူများ ကျား,မ မရွေး အမတ်အဖြစ် အရွေးခံနိုင်၏။

လိုတာမရ-ရတာမလို

အထက်ပါအတိုင်းဖြစ်လျက်ရှိရာ မြန်မာပြည်ကတောင်းဆိုချက်တို့ကို မပေး၊ မတောင်းဆိုချက် များကိုသာ ပေးထား၏။

ပေးရာတွင်လည်း မြန်မာပြည်နိုင်ငံရေးပိုမိုဆိုးရွားမည့် အပြင် သာသနာတော် ကြီးကိုလည်း ပျက်စီးစေရာ အကြောင်းကြီးများ ပေါ်ပေါက်လျက် ရှိပေသည်။

အောက်လွှတ်တော်တွင်

ယခုလက်ရှိဥပဒေ၌ အထက်အောက်လွှတ်တော် နှစ်ရပ်စလုံးတွင် ရဟန်းတော်များ၊ သီလရှင် များ မဲဆန္ဒပေးခြင်း၊ အမတ်အဖြစ်အရွေးခံခြင်းတို့ကို မပြုနိုင်ပေ။

ယခုပြင်ဆင်လိုက်သော ဥပဒေအရ သတ်မှတ်ထားသော အရည်အချင်းရှိက ရဟန်းတော်များ နှင့်သီလရှင်များပါ အောက်လွှတ်တော်တွင် မဲဆန္ဒပေးခြင်း၊ အမတ်အဖြစ်အရွေးခံတို့ကို ပြုနိုင်ပသေည်။

အထက်လွှတ်တော်၌

အထက်လွှတ်တော်တွင် လက်ရှိဥပဒေအရ အရွေးခံရာ၌ အောက်လွှတ်တော်အမတ်များက သာ ဆန္ဒမဲပေးနိုင်၏။

အမတ်အရွေးခံသူတို့မှာ မြေခွန်အမြတ်တော်ကြေးစသဖြင့် တနှစ်တွင် မည်ရွေ့ မည်မျှဆောင်သူ၊ ဘွဲ့ ထူးများရသူ၊ အချို့ ပင်စင်စားအရာရှိများသာ ဖြစ်၏။

ဘွဲ့ တခုခုရသူကို အထက် လွှတ်တော်အမတ်အဖြစ်ရွေးကောက်နိုင်သော်လည်း ရဟန်းတော်များကို ဥပဒေပြုလွှတ်တော်၌ မဲပေး ခြင်း၊ အရွေးခံခြင်းတို့ ကို လက်ရှိဥပဒေက အခွင့်မပြုသဖြင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရဆရာတော်များမှာ အရွေးကောက် မခံနိုင်ခဲ့ဖြစ်သည်။

ယခုပြင်ဆင်လိုက်သော ဥပဒေအရ ဘွဲ့ ရရဟန်းတော်များ၊ ဘွဲ့ ရလူ ပုဂ္ဂိုလ်များနှင့် ပင်စင်စား အရာရှိကြီးများသာ အရွေးခံနိုင် တော့မည်ဖြစ်ရာ အထက်လွှတ်တော်ကို ထား သင့်၊ မထားသင့်ပင်လျှင် စဉ်းစားရန်ဖြစ်၍လာတော့၏။

ဝိနည်းတော်နှင့်ဆန့်ကျင်ရုံမက

ရဟန်းတော်များမှာ သံသရာဝဋ်မှ ကျွတ်လွတ်ရန်အတွက် အ၀တ်ကြောင်နှင့်လူ့ ဘောင်ကိုစွန့် လွှတ်ခါ ရဟန်းဘောင်သို့ ဝင်သူတို့ဖြစ်ရာ ဂန္ထဓုရနှင့် ၀ိပဿနာဓုရတို့သာလျှင် ရဟန်းတော်တို့ နှင့် သက်ဆိုင်၏။

အလွန်ရှုပ်ထွေးသော နိုင်ငံရေးတွင်ပါဝင်ပါက လူများနှင့်ရောပြွမ်းပြီးနောက် ၀ိနည်းတော် နှင့်ဆန့်ကျင်သောအမှုအမျိုးမျိုးတွင် ပါဝင်နေကြမည် ဖြစ်ပေသည်။

ဤသို့ဖြစ်က ရဟန်းတော်များ၏ ဂုဏ်ကို ထိခိုက်မည်မှာ မလွဲပေ။
နိုင်ငံရေးတွင် ပါဝင်သည်နှင့်တပြိုင်နက် ရဟန်းတော်အချင်းချင်း လည်း နိုင်ငံရေးဝါဒကွဲကြပြီးနောက်အကွဲကွဲအပြားပြားဖြစ်ပေတော့မည်။

တကာ-တကာမများကလည်း မိမိတို့ နှစ်ခြိုက်သော နိုင်ငံရေးတွင်မပါသော ရဟန်းတော်များ အပေါ်၌ အကြည်ညို အလေးစားပေါ့ပေ မည်။
နိုင်ငံရေးတွင်ပါဝင်သော ရဟန်းတော်များမှာလည်း နိုင်ငံရေးလုပ်ငန်းကို တကယ်ဝင် ရောက်ဆောင် ရွက်က အလုပ်တာဝန်တို့မှာ အလွန်များသဖြင့် ရဟန်းတော်များ၏ အလုပ်စစ် အလုပ်မှန်ဖြစ်သော ဂန္ထ ဓုရ နှင့် ၀ိပဿနာဓုရ တို့မှာ များစွာလစ်ဟင်းရပေတော့မည်။

ဤသို့ဖြစ်က သာသနာတော်ကြီးမှာ မျော တော့မည် မုချဖြစ်၏။

သာသနာတော်ကို ထိခိုက်မည်

ပါလီမန်အမတ်များသည် မြန်မာပြည်ကိစ္စစဉ်းစားကြရာ၌ မြန်မာပြည်၏ အကြောင်း ကောင်း ကောင်းသိပုံမပေါ်ပေ။

ဘိလပ်တွင် ခရစ်ယာန်ဘုန်တော်ကြီးတို့မှာ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် မတူကြဖြစ်သည်။

ခရစ်ယာန်ဘုန်းတော်ကြီးများမှာ ဆရာဝန်အတတ်၊ အင်ဂျင်နီယာအတတ်၊ ရှေ့နေ အတတ်တို့ကဲ့သို့  ဘုန်းကြီးလုပ်ရန်စာမေးပွဲများဝင်၍ အောင်မြင်သောအခါ ဘုန်းကြီးဖြစ်ကြ၏။

လောကကို စက်ဆုပ်၍ လောကကို စွန့်လွှတ်သူတို့မဟုတ်။ ပရိယေသန၀မ်းရေးအတွက် ဘုန်းကြီးဖြစ် စာမေးပွဲဝင်၍ ဘုန်းကြီးအလုပ်ဖြင့် အသက်မွေးခြင်းဖြစ်သဖြင့် လူသာမန်နှင့် မခြားဖြစ်၏။
ဗုဒ္ဓဘာသာရ ဟန်းတော်တို့မှာမူ ဤသို့ မဟုတ်ပေ။

လောကကို ငြီးငွေ့၍ သံသရာဘေးကို ကြောက်သဖြင့် သံသရာ မှထွက်မြောက်ရန် လောကကို စွန့်သူတို့ဖြစ်၏။ သင်္ကန်းဝတ်၍ ပရိယေသနရှာသူတို့မဟုတ်။
ဤအချက် ကို မသိသဖြင့် မဟုတ်သော ကမောက်ကမဥပဒေကို ပြုကြပေသလော။

သို့မဟုတ် ဗုဒ္ဓသာသနာတော် ကြီးကိုပင် ပျက်စီးစေလိုသော သဘောဖြင့် ပြုလုပ်ကြပေသလောဟု တွေးတောစရာ ဖြစ်၏။

အကယ်၍ ဗုဒ္ဓသာသနာကို ထိခိုက်စေလိုရိုးမှန်လျှင် ရဟန်းတော်များကို နိုင်ငံရေးတွင်းသို့ ဆွဲသွင်းလိုက်သော ဥပဒေမှာ ဗုဒ္ဓသာသနာတော်ကို ဖျက်ရန်အတွက် အနုမြူဗုန်းထက်ပင် ဆိုးဝါးသော သတ္တိရှိပေသည်။"

၆။

ဦးဘဘေ သဘောမတူနိုင်ဖြစ်နေသည်မှာ ရှင်းပါသည်။
နိုင်ငံရေးတွင်သာသနာရေးဝန်ထမ်းများ အမတ်အဖြစ်ဝင်အရွေးခံခြင်း၊ လွှတ်တော်ထဲနေရာယူခြင်းတို့ ကို သဘော မတူခြင်းဖြစ်သည်။

ယနေ့ခေတ် မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်နေကြသော ရဟန်းတော်များ၏ ရည်ရွယ် ချက်မှာ ရွေးကောက်ပွဲဝင်ရန်၊ လွှတ်တော် အမတ်ဖြစ်ရန် မဟုတ်ကြပါ။
စစ်ဖိနပ်အောက်တွင် နင်းပြားဖြစ် ကြသော၊ စီးပွားရေး,လူမှုရေး,ပညာရေး,ကျန်းမာရေး,သာသနာရေး,ယဉ်ကျေးမှု အနှောင့်အယှက်ကင်း စွာ စီးဆင်းလည်ပတ်ရေး၊ လူအချင်းချင်း ဖိနှိပ်ချုပ်ချယ်မှုကင်းရေး၊ ပြည်သူလူထု၏အသံကို အစိုးရက အရေးတယူနားထောင်ပြီး လိုအပ်ချက်တို့ကို ဖြည့်ဆည်း ဆောင်ရွက်ရေး စသည်တို့သာ ဖြစ်ကြပါသည်။

စစ်အာဏာရှင်စနစ်မုချကျဆုံးစေရမည်။ ဒီမိုကရေစီတော်လှန်ရေး အောင်မြင်ရမည်။


အမရဒီပ

27 Jun 2012


By: Timothy Garton Ash
S.T. 22, June, 2012.
ခံစားပြန်ဆိုသူ: ဇင်ဝေသော်


အခု နှစ်ရက်အတွင်းမှာ ကျနော်ရဲ့ နေအိမ်၊ အလုပ်လည်းလုပ်ရာ အောက်စဖို့ ထောင့်ချိုးမှာ မှော်ဆရာရဲ့ ဆေးကြိမ်နဲ့ အရိုက်ခံ လိုက်ရပါတယ်။ အဲဒါ လေဒီ လို့ခေါ်တဲ့ ဒေါ် အာင်ဆန်းစုကြည် လွန်ခဲ့တဲ့ ရာစုဝက်လောက်တုန်းက သူမ ပညာသင်ကြားခဲ့တဲ့ St Hugh ရဲ့ လမ်းအကူးမှာ လာရောက် နေထိုင်နေခြင်းပါပဲ။ အင်္ဂါနေ့က သူမရဲ့ ၆၇ နှစ်မြောက် မွေးနေ့ ပါတီမှာ မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ အတူ ဆင်နွှဲခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ တက္ကသိုလ်ရဲ့ နှစ်ပတ်လည် လက်တင်ဆန်ဆန် ဂုဏ်ထူးဆောင် ပါရဂူ ဂုဏ်ပြုပွဲ။

ဥရောပ ငါးနိုင်ငံ ခရီးဟာ ဒေါ်စုရဲ့ တတိယနဲ့ စတုတ္ထ ကကြိုး အလှည့်အပြောင်း တစ်ခုပါ။ သူမရဲ့ ပထမ ကကြိုးက သူမရဲ့အဖေ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်ခွင်မှာ အစ ပျိုးခဲ့တယ်။ ဗိုလ်ချုပ် နေဝင်ချိန်မှာ သူမဟာ နှစ် နှစ်အရွယ် ခေါင်းဆံစလယ်မှာ "ပန်းတွေနဲ့ဝေ" ကလေးငယ်မလေး။ အဲဒီနောက် ချစ်သလောက် အလိုတော့ မလိုက် တတ်တဲ့ မိခင်ရဲ့ ရင်ခွင်အောက်မှာ။ ဒီနောက် အိန္ဒိယ၊ အရှေ့ရဲ့ အမြုတေ ဗုဒ္ဓဘာသာနဲ့ အနောက်ရဲ့ ခွန်အား အင်္ဂလိပ် ဘာသာ စကား။ ဒီနှစ်ခုကို မွေးမြူ ပြုစုခဲ့တယ်။

သူမရဲ့ ဒုတိယ ကကြိုးကတော့ 1964 မှာ စတင်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသူ၊ ကလေး မိခင်၊ အိမ်ရှင်မ၊ တိဗက် နဲ့ ဟိမဝန္တာရပ်ဝန်းယဉ်ကျေးမှု ကို အထူးပြု လေ့လာသူ Antony's Collage က ကျနော့် မိတ်ဆွေ Michael Aris ရဲ့ချစ်လှစွာသော ဇနီး။ ဒီ ခရီးက ၂၄ နှစ်ကြာတယ်။ အဲဒီ မှာ ဘဝရဲ့ ကျေနပ်စရာ၊ မကျေနပ်စရာတွေနဲ့ အတူ တိတ်ဆိတ် ငြိမ်သက်တဲ့ လမ်းပေါ်မှာ တစ်ခါတစ်ခါ လမ်းလျှောက်၊ တစ်ခါတစ်ခါ စက်ဘီး စီး၊ မီခိုးပြာရောင် ကောင်းကင်ရဲ့ အောက်မှာ။ ၁၉ ရာစု ဟန် နဲ့ ခြေတံ ရှည် အိမ်လေးပေါ်မှာ။ ဒီ ခရီးက ၂၄ နှစ်ကြာတယ်။ လွန်ခဲ့တဲ့ တစ်ပတ် အထိ ဆိုပါတော့။

သူမရဲ့ တတိယ ကကြိုးက 1988 ဆောင်းဦးပေါက် အောက်စဖို့က အိမ်ဆီ ရောက်လာတဲ့ ဖုန်းခေါ်သံ တစ်ခုက ခြေလှမ်းစတယ်။ သူမ အမေ နေမကောင်း လို့ တဲ့။ အဲဒီကနေ ၈၈ မျိုးဆက် ရဲ့ အော်ခေါ်သံတွေကို ပြန်လည် ထူးမိရင်း အမျိုးသား ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကပြလိုက်ရတော့တယ်။ ဒီဘဝမှာ ဒဏ်ရာများစွာကို ယူရင်း ကုစားရင်း ပါဝါ ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းက တိတ်ဆိတ်၊ အထီကျန်၊ မိခင်ရဲ့ အမွေ အိမ်ထဲမှာ အိမ် အကျဉ်းစံ၊ အိမ် အကျဉ်းခံ ဘဝ။ BBC ရဲ့ အသံနဲ့ ခန္ဓာ လန်းဖို့ စိတ် ကျန်းဖို့ ကြိုးစားရင်း ကျားကန် ထားခဲ့ရသတဲ့။

သူမရဲ့ စတုတ္ထ ကကြိုးကိုတော့ အိမ် အကျဉ်းစံ၊ အိမ် အကျဉ်းခံ ဘဝက လွတ်ချိန် ၂၀၁၀ ခု နိုဝင်ဘာ နဲ့ နှလုံးသားအောင်ပန်း ထိုး ရိုက် စိုက် လိုက်နိုင်တဲ့ ဒီနေ့ ကြားထဲမှာ လို့ ဆိုရလိမ့်မယ်။ သမ္မတ အသစ်စက်စက် ဦးသိန်းစိန်က ဖြစ်သင့်တာတွေ ဖြစ်သင့်သလို ဖြစ်စေဖို့ နိုင်ငံရေးတံခါးကို အားနဲ့ ဆွဲဖွင့်လိုက်တယ်။ အဲဒါ သူမ ပန်လိုတဲ့ ပန်းအစစ်။ အစိမ်းရောင်တွေ လွှမ်းနေဆဲ ပါလီမန် စားပွဲထဲကို သူမ အရဲစွန့်ပြီး ရောထိုင် ချလိုက်တယ်။

ဒီနေ့က စလို့ လာမဲ့ ၂၀၁၅ ရွေး ကောက်ပွဲ ကာလဟာ အကျပ်အတည်းတွေနဲ့ အူလည်နေလိမ့်မယ်။ ရာစုဝက် ကျော်ကျော် စစ်တပ်ရဲ့ အုပ်ချုပ်မှု အမှား အယွင်း၊ ရိရွဲနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ ယူဂိုစလပ် လက်ဖျားခါလောက်တဲ့ တိုင်းရင်းသားရေး ပြဿနာ၊ အရေးပါတဲ့ နေရာတိုင်း စစ်တပ်က ဖင်ခု ထိုင်ဆဲ၊ ရခိုင် ပြည်နယ်ထဲက ဘာသာရေး ကတောက် ကဆ။ တောထနေတဲ့ ပြဿနာ ပေါင်း သောင်း ခြောက်ထောင်။ ခပ် နဲ့နဲ့ NLD ဟာ အမြန်ဆုံး တည်ဆောက် ယူရမယ်။ အိမ်နီးချင်း နိုင်ငံတွေထဲက ဂဏာမငြိမ်(nervous) ဗိုလ်ကျချင်တဲ့ (authoritarian) အင်အားကြီး တရုတ်ကိုလည်း မေ့ထားလို့မရဘူး။

အလျှော့ အတင်း လုပ်စရာတွေ၊ စိတ်ပျက်စရာတွေ ဟာ မလွဲမသွေ ပါပဲ။ သမိုင်း ပညာရှင် Max Weber ရဲ့ ကြော်ကြားတဲ့ အဆို အမိန့် လို ပညာရှင်ရဲ့ အက်သစ် သဘောတရားဟာ အနည်းဆုံး နိုင်ငံရေးသမား ရဲ့ တာဝန်ကျေမှု သဘောတရား တော့ စွက်ထားမှ ရလိမ့်မယ်။ ထောင်တဲက ထွက်လာတဲ့ တောင် အာဖရိက ရဲ့ နယ်လ်ဆင် မင်ဒဲလား လို၊ ပါရာဂွေး ရဲတိုက်ကို မောင်းထုတ်တာ ခံရတဲ့ ချက် ပြည်ပြေး Vaclav Havel လို အတိုက် အခံ ခေါင်းဆောင်ပဲ ဆိုဆို၊ သမ္မတ လို့ ပြောပြော၊ နိုင်ငံ့ အမကြီး လို့ တွင်တွင် ၆၇ နှစ် သမီး ဒေါ်စုဟာ အခု နိုင်ငံတော်ရဲ့ တစ်သက်တာ အကျဉ်းသားဖြစ်နေပါပြီ။ အကျဉ်းကျစဉ် လိုသလောက် ရနေတဲ့ အချိန် ဟာ အခု အရှားပါးဆုံး ရတနာ တစ်ခု ဖြစ်နေပြီ။ မိနစ် ၃၀ စည်းဝေး၊ စက္ကန့် ၃၀ အနားပေး။ သမိုင်းက ပေးတဲ့ ဆုလဒ်၊ ရှေ့ ဆက်ရမယ့် ခရီး၊ အသုံးသပ်ခံရတော့မယ့် စတုတ္ထ ကကြိုးကို သူမ အခုမှ ခရီး စ ခဲ့ရပါတော့တယ်။

ဒါပေမယ့် နေသာတဲ့ အခိုက် သူမရဲ့ ၂၄ နှစ်ကြာ ကကြိုးအတွက် ဂုဏ်ပြုဖို့ ခဏ အချိန်ယူ လိုက်ကြရအောင်။ သူမကို ဂုဏ်ပြုဖို့ ဖျက်မရနိုင်တော့တဲ့ သမိုင်းစာအုပ်ထဲမှာ သူမ ဘယ်လို ရေးထိုးသွားခဲ့ သလဲ ဆိုတာတော့ သိထားဖို့ လိုအပ်ပါတယ်။ ကျနော် လက်တို့ပြခဲ့ပါရစေ။

တစ် - အကျဉ်းစံ အကျဉ်းခံ ဘဝက သူမ ရေးထားခဲ့ပြီး (ဒီ အက်ဆေးကို စောင့်ရှောက်နေတဲ့ အမျိုးသမီး ရဲ့ ထမီ ထဲမှာ ဝှက်ပြီး ထုတ်ယူ ခဲ့ရတယ်။) အခု ပြန်ပြောပြတဲ့ အက်ဆေးတွေ နဲ့တင် ကျနော်တို့ နက်နက် နဲနဲ ခံစား ခဲ့ရပြီးပါပြီ။ အဲဒီ အထဲက အပြောင်မြောက်ဆုံး Freedom From Fear ကို BBC Reith လက်ချာခန်းမှာ ဗွီဒီယို ကလစ် မနှစ်က ပြသခဲ့ပါတယ်။ အီဒီ အက်ဆေး ဟာ မစ္စတာ Havel ရဲ့ အကောင်းဆုံး လက်ရာတွေကို ကောင်းကောင်းကြီး ရင်ဘောင် တန်းပါတယ်။ ဒီ အထဲမှာ စိတ်ဓာတ်ရေး၊ စာပေရေး၊ နိုင်ငံရေး သဘောတရားတွေ မနည်း မနော စီးမျော နေတယ်။ Reith လက်ချာမှာ နိုင်ငံရေး ဖရီးဒမ်းဟာ အဇ္ဈတ္တငြိမ်းချမ်းမှု အပေါ်မှာ တည်ဆောက်ယူသွားနိုင်တယ် လို့ ဆိုခဲ့ပေမယ့် စိတ်ဓာတ်ရေး၊ စာပေရေး၊ နိုင်ငံရေး ကြားက ဟန်ချက်ကို ညီအောင် ထိန်းရာမှာ တစ်ခုခုတော့ အနည်းငယ် ရွေ့လျားမယ့် သဘော ရှိနေပါတယ်။ Havel တုန်းကလည်း ဒီလိုပါဘဲ။

နှစ် - သူမရဲ့ ရဲဝံ့မှု၊ ရိုးသားမှု၊ သန့်ရှင်းမှု။ လွတ်လပ်မှု လုံးဝ မရှိတဲ့ အရပ်မှာ ရဲဝံ့ခြင်းဟာ ရှားပါး ရတနာပါ။ အထူးသဖြင့် သူမရဲ့အကျဉ်းစံ ပထမနှစ် မှာပေါ့။ အရွယ်မရောက်သေးတဲ့ သားတွေနဲ့ ဝေးကွာ၊ တစ်ကိုယ်ထဲ အထီးကျန်စွာ၊ အပြည့်အဝ မရသေးတဲ့ ဗုဒ္ဓဘာသာ တရားအရိပ် အောက်မှာ၊ အခက်ခဲ ကာလပေါ့။ ဒါပေမယ့် သူမသုံးတဲ့ ဝိတိုရိယ အင်္ဂလိပ် ဟန်နဲ့ "ကျမမှာ ခေါင်းမာတတ်တဲ့ အကျင့် ရှိတယ်" လို့ ဆိုရမှာပါ။

သုံး - ဒါက လူတွေ သိပ် အမှတ်မထားမိတဲ့ သူမရဲ့ အလုပ် နဲ့ ဘဝ ကို ကျနော့်ကို လက်တို့ ပြလိုက်သလိုပါ။ အဲဒါ အရှေ့ အနောက် ပေါင်းစပ်ထားမှု။ ဥပမာ နိုဘယ်လ်ဆု ယူစဉ် မိန့်ခွန်းပြောတော့ စာအုပ်ကြီးတွေထဲက အင်္ဂလိပ် စကားလုံး အဟောင်းတွေ၊ အင်္ဂလိကန် ဝေါဟာရ လို့ဆိုရမလောက် သုံးပြသွားတယ်။ "other reaches of the earth" "some of our warriors fell at their post" "perfect peace is not of this earth" စတာတွေပါ။ နောက်ပြီး ဗုဒ္ဓဘာသာက ပြောတဲ့ ဒုက္ခ ခြောက်မျိုးကို (ဒုက္ခ ကို suffering လို့ မပြည့်မစုံ ဘာသာပြန်တယ်) သူမရဲ့ ကိုယ်ပိုင်ဘဝ နဲ့ နိုင်ငံရေး ကိစ္စတွေထဲမှာပါ လက်တွေ့သုံးသပ်ပြသွားတယ်။ ဒီ ယဉ်ကျေးမှု နှစ်ခု ကို တစ်ဖက်စီမှာ ထားတာတောင် မဟုတ်ပဲ ဟန်ချက်ညီညီ ပေါင်းစပ် ပြလိုက်တယ်။


အောက်စဖို့ တက္ကသိုလ် ပတ်ဘလစ် အော်ရေတာက သူမရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ ချီးမြှင့်ရာမှာ အနောက်ရဲ့ သမိုင်းဝင် လက်တင်လို မိန့်ခွန်း ချွေတော့ သူမကို အရှေ့က ကြယ်တာရာ (praesento stellam orientalem) လို့ ညွှန်းဆို လိုက်တယ်။ ဒါပေမယ် သူမ ဆိုသလို ဆိုရမယ် ဆိုရင် တက္ကသိုလ်တွေဟာ လူ့ယဉ်ကျေးမှု ကို အထွတ် အမြတ် လေးစားကြဖို့ သင်ကြားပေးကြတာပါ၊ ဒီ ယဉ်ကျေးမှု တွေကတော့ ကမ္ဘာ့ နေရာစုံကနေ စီးဝင်လာခဲ့တာပါ တဲ့။

ယိုယွင်းစ ပြုလာတဲ့ အနောက်ရွာဟာ တက်သစ်စ အရှေ့ဆီက သင်ယူစရာ အလှည့် အပြောင်း တစ်ခေတ် ရောက် လာနေပြီ ဆိုတာ ကျယ်ကျယ် လောင်လောင် သတိပေးထားခဲ့လေရဲ့။ သူမ အကြိုက်ဆုံး နာမည်ကျော် အင်္ဂလိပ် စာရေးဆရာ တွေထဲက တစ်ယောက်ဖြစ်တဲ့ Rudyard Kipling က လှလှပပ သမိုင်းဝင် နေရအောင် ဒီလိုပြောခဲ့တယ် " But there is neither East nor West .....when two strong men stand face to face." တဲ့။

ဒီ.... လေဒီ နဲ့ ပတ်သက်လို့ သူ့ စကားကိုပဲ ငှားပြီး ပြောရရင်
"And there is both East and West ,when one strong woman faces generals and the world."


(The writer is a professor of European studies at Oxford and senior fellow at the Hoover Institution, Stanford University.)

ဇင်ဝေသော်

လက်ရွေးစင် စာပေဟောပြောပွဲ (၁၁၂ ပုဒ်)


သူငယ်ချင်းတစ်ယောက်က ပို့ ပေးလိုက်တဲ့ forward mail လေးပါ။ စိတ်ဝင်စားမဲ့သူတွေ စာပေကို မြတ်နိုးတဲ့ သူတွေအတွက် ပြန်လည် ဝေမျှလိုက်တယ်နော်။
အောက်မှာပေးထားတဲ့ link လေးထဲကို ၀င်လိုက်ပြီး မိမိနှစ်သက်ရာလေးကို download ဆွဲပြီး နားထောင်နိုင်ပါတယ်။
အားလုံးစာပေအနုပညာဖြင့် ပျော်မွေ့ နိုင်ကြပါစေ။
http://cid-4f525f1c338a8df7.office.live.com/browse.aspx/Literary%20...

၁၊ ဗုဒ္ဓပညာ (ရွှေညဝါ)    နန္ဒာသိန်းဇံ
၂၊ အမေစားသော ထမင်းတစ်နပ်    ဦးသုခ
၃၊ အဘိဓမ္မာမှပေးသော ဘဝအမြင် (ရွှေညဝါ)ဒေါက်တာ မင်းတင်မွန်
၎၊ တန်ဖိုးရှိတဲ့လူ (မော်လမြိုင် )    အတ္တကျော်
၅၊ စိတ်မျက်စိကို ဖွင့်ရအောင်    အတ္တကျော်
၆၊ ကနောင်အလွမ်း၊ ထူးဆန်းထွေလာမြေကမ္တွာ(ကနောင်)    အောင်ကျော်ဆန်း
၇၊ ရေးသူ၏ ပရိယာယ်၊ ဖတ်သူ၏ ခံစားမှု (ရိုင်းဟုတ်)    အောင်ပြည့်
၈၊ လူနှင့် ပညာ (ဟင်္သာတ)    အောင်သင်း
၉၊ လူငယ်တွေနဲ့ အနာဂတ် (ကျောက်ပန်းတောင်း)    အောင်သင်း
၁ဝ၊ အမွေ (YMCA)   အောင်သင်း
၁၁၊ ခေါင်းဆောင်ဆိုတာ    အောင်သင်း
၁၂၊ လက်ခံလိုက်စမ်းပါ (စာပေလောက)    အောင်သင်း
၁၃၊ လူနှင့် ပညာ (အသုတ်)    အောင်သင်း
၁၄၊ ပညာ (မုံရွာ)     အောင်သင်း
၁၅ ယနေ့လူငယ်နှင့် ယနေ့ရသစာပေ (မကွေး)    အောင်သင်း
၁၆၊ ယနေ့ လူငယ် ဘ0xlaxာင်မှု (ပျော်ဘွယ်)    အောင်သင်း
၁၇၊ ဗမာတွေ ပျော်ကြပါစေ (ကနောင်)    အော်ပီကျယ်
၁၈၊ ဗမာတွေ ပျော်ကြပါစေ ( စင်္ကာပူ ၂ဝ၁ဝ)    အော်ပီကျယ်
၁၉၊ အသိပညာဖြင့် မောင်းနှင်သော (ဟင်္သာတ)     အော်ပီကျယ်
၂ဝ၊ အသိပညာဖြင့် မောင်းနှင်သော (အောင်လံ)     အော်ပီကျယ်
၂၁၊ အသိပညာဖြင့် မောင်းနှင်သော (မော်လမြိုင်)     အော်ပီကျယ်
၂၂၊ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရ (UAE)    အော်ပီကျယ်
၂၃၊ ဘဝအရေးနှင့် ကာတွန်းအတွေး (အသုတ်)    အော်ပီကျယ်
၂၄၊ လူသစ် စိတ်သစ် (အုန်းနှဲ)    ချစ်နိုင် (စိတ်ပညာ)

၂၅၊ စကားလက်ဆောင် (ရှိုင်းဟုတ်)    ချစ်နိုင် (စိတ်ပညာ)
၂၆၊ ၂၁ ရာစု၏ စိမ်ခေါ်မှုကို ရင်ဆိုင်ခြင်း (ရှိုင်းဟုတ်)    ချစ်ဦးညို
၂၇၊ အနုပညာဖန်တီးသူနှင့် အနုပညာခံစားသူ (စင်္ကာပူ)     ချစ်ဦးညို
၂၈၊ သို့ ကျောက်ပန်းတောင်း (ကျောက်ပန်းတောင်း)    ချစ်ဦးညို
၂၉၊ ကျွန်တော် ခံစားမိသလို ပြောဆိုပါမည် - ၂  (မြောင်းတကာ)    ချစ်ဦးညို
၃ဝ၊ သို့ မော်လမြိုင်၊ မှ ချစ်ဦးညို    ချစ်ဦးညို
၃၁၊ ကျွန်တော်ခံစားမိသလို ပြောဆိုပါမည် (မြင်းခြံ)    ချစ်ဦးညို
၃၂၊ သို့ အုန်းနှဲ၊ မှ ချစ်ဦးညို    ချစ်ဦးညို
၃၃၊ သို့ တောင်ငူ၊ မှ ချစ်ဦးညို (တောင်ငူ)    ချစ်ဦးညို
၃၄၊ ဇရပ်ကုန်းအတွက် စာပေလက်ဆောင် (မြောင်)    ချစ်ဦးညို
၃၅၊ အနုပညာ ဖန်တီးသူနှင့် အနုပညာ ခံစားသူ (အသုတ်)    ချစ်ဦးညို
၃၆၊ နည်းပညာ (ရွှေညဝါ)    ချစ်ဦးညို
၃၇၊ အမေဟူသည် အလွမ်းသည်    ချစ်စံဝင်း
၃၈၊ စိတ်ဓါတ်ြုပပြင် ပြောင်းလဲမြှင့်တင်ရေး    ဒေါက်တာ ခင်မောင်ညို
၃၉၊ လူတိုင်းအတွက် အသုံးချစိတ်ပညာ (ရှိုင်းဟုတ်)    ဒေါက်တာ ကျော်စိန်
၎ဝ၊ ဟန်ချက်ညီ စိတ်ထား (ရှိုင်းဟုတ်)    ဒေါက်တာ သိန်းလွင်
၄၁၊ ရယ်စရာ မောစရာ (ရှိုင်းဟုတ်)    အီကြာကွေး
၄၂၊ အသိပညာဖြင့်ြုပပြင်ပြောင်းလဲရမည့် ဤကမ္ဘာ    ဟိန်းလတ်
၄၃၊  ဆဒ္ဒန်ဆင်မင်းဇတ်မှ လူ့သဘာဝ (မော်လမြိုင်)    လှထွန်း (မြန်မာစာ)
၄၄၊ စိတ်ပညာနှင့် ယဉ်ကျေးမှု (ရှိုင်းဟုတ်)    သိပ္ပံ မှူးတင်
၄၅၊ စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂ဝဝ၉)     ဂျူး

၄၆၊ ဘဝနှင့်စာပေ (မော်လမြိုင်)     ဂျူး
၄၇၊ စာရေးဆရာ၏တစ်ယောက်၏ မှတ်စုများ (မြင်းခြံ)    ဂျူး
၄၈၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ (တောင်ငူ)    ဂျူး
၄၉။ စာဖတ်ပါ၊ တွေးပါ (ကျောက်ပန်းတောင်း)    ကောင်းသန့်
၅ဝ။ စာပေရေးရာ (မြောင်းတကာ)    ကောင်းသန့်
၅၁၊ ဘ၀ထဲက စာများ    ခက်မာ
၅၂၊ စာပေရေးရာ (မော်လမြိုင်)    ခင်ခင်ထူး

၅၃၊ အညာဓလေ့ ရွာဓလေ့ (တောင်ငူ)    ခင်ခင်ထူး

၅၄၊ အမွေခံထိုက်စေ (မော်လမြိုင်)     ကိုတာ
၅၅၊ ပုံပြင်များ (မော်လမြိုင်)     ကျော်ရင်မြင့် (ဖေလင်းသစ်)
၅၆၊ လမ်းပေါ်မှာ(တောင်ငူ)     ကျော်ရင်မြင့် (ဖေလင်းသစ်)
၅၇၊ ဘဝ အောင်မြင်ရေး (မော်လမြိုင်)    ကြည်မင်း (ကျော်စောမင်း)
၅၈၊ ဗျူတီပါလာနှင့် မဟာသြသဓ (ရှိုင်းဟုတ်)    ကြည်မင်း (ကျော်စောမင်း)
၅၉၊ ဘဝမှစာ၊ စာမှဘဝ (ကျောက်ပန်းတောင်း)    လယ်တွင်းသား စောချစ်
၆ဝ၊ ဘဝမှစာ၊ စာမှဘဝ (တောင်ငူ)    လယ်တွင်းသား စောချစ်
၆၁၊ ဘဝမှစာ၊ စာမှဘဝ (မင်္ဂလာဒုံ)    လယ်တွင်းသား စောချစ်
၆၂၊ မျှတသော စိတ်ထား (ရှိုင်းဟုတ်)    လယ်တွင်းသား စောချစ်
၆၃၊ စာပေနှင့် ဘဝအောင်မြင်ရေး    လယ်တွင်းသား စောချစ်
၆၄၊ သန့်စင်လှပ အိမ်ရှင်မ (ရှိုင်းဟုတ်)    လဲ့လဲ့တင်
၆၅၊ အမျိုးသားရေး တေးဂီတ (၂ဝဝ၉)     မာမာအေး
၆၆၊ စာဖတ်ခြင်း အနုပညာ    မေငြိမ်း
၆၇၊ ကျန်းမာရေး (ရှိုင်းဟုတ်)    မောင်မောင်လှိုင် (အပ်စိုက်ကု)
၆၈၊ ဘဝမရှုံးသူများ (ရှိုင်းဟုတ်)    မောင်စိန်ထွေး
၆၉၊ သုတရသစာပေ  (ကျောက်ပန်းတောင်း)     မောင်စိန်ဝင်း (ပုတီးကုန်း)
၇ဝ၊ ရသစာပေ  (စင်္ကာပူ ၂ဝ၁ဝ)     မောင်စိန်ဝင်း (ပုတီးကုန်း)
၇၁၊ သုတရသစာပေ (မင်္ဂလာဒုံ)    မောင်စိန်ဝင်း (ပုတီးကုန်း)
၇၂၊ သုတရသစာပေ (မြောင်)    မောင်စိန်ဝင်း (ပုတီးကုန်း)
၇၃၊ ရသစာပေ (အသုတ်)     မောင်စိန်ဝင်း (ပုတီးကုန်း)
၇၄၊ အမျိုးသားနေ့    မောင်စွမ်းရည်
၇၅၊ ရယ်စရာ မောစရာ (ကနောင် ၂ဝ၁ဝ)     မောင်သာချို
၇၆၊ နှလုံးသားကို အလှဆင်ပါ (မြောင်းတကာ )     မောင်သာချို
၇၇၊ နှလုံးသားကို အလှဆင်ပါ (မော်လမြိုင် )     မောင်သာချို
၇၈၊ နှလုံးလှပါစေ (အောင်လံ ၂ဝ၁၁)     မောင်သာချို
၇၉၊ ဘဝအလှအတွက် စာအလှများ  (ကျောက်ပန်းတောင်း)     မောင်သာချို
၈ဝ၊ စာအလှမှ ရွာအလှသို့ (တောင်ငူ)     မောင်သာချို
၈၁၊ တကယ့်လူ    မောင်သာချို
၈၂၊ မိခင်ဖြစ်လာမည့် အပျိုစင်များ (ရှိုင်းဟုတ်)    မြမြလှိုင်
၈၃၊ တစ်ခါသုံး လူ့အဖွဲ့အစည်း (စင်္ကာပု)    နေဝင်းမြင့်
၈၄၊ စာပေရေးရာ (မော်လမြိုင်)    နေဝင်းမြင့်
၈၅၊ ကျွန်တော်တို့ငယ်ငယ်က (အောင်လံ)     နေဝင်းမြင့်
၈၆၊ ကျွန်တော်တို့ ငယ်ငယ်က (တောင်ငူ)     နေဝင်းမြင့်
၈၇၊ ကျွန်မနှင့် စာဖတ်ခြင်း၊ စာရေးခြင်း (ကျောက်ပန်းတောင်း)    နုနုရည် (အင်းဝ)
၈၈၊ ကျွန်မဖတ်တဲ့စာ၊ ကျွန်မရေးတဲ့စာ (တောင်ငူ)    နုနုရည် (အင်းဝ)
၈၉၊ ရသစာပေ (အသုတ်)     နုနုရည် (အင်းဝ)
၉ဝ၊ စာပေနှင့် ဘဝ      နုနုရည် (အင်းဝ)
၉၁၊ စာရေးသူမှ စာဖတ်သူသို့ (ကျောက်ပန်းတောင်း)    နွမ်ဂျာသိုင်း
၉၂၊ စကားလုံးများဖြင့် ကခုန်ခြင်း    ငြိမ်းမင်း
၉၃၊ ဘ0xJu ဇာတ်ညွှန်း    ငြိမ်းမင်း
၉၄၊ စာပေရေးရာ (မော်လမြိုင်)     ဖေမြင့်
၉၅၊ မြန်မာသံ    ရွှေပြည် ဦးဘတင်
၉၆၊ မျက်ကြည်လွှာ (မင်္ဂလာဒုံ)    သန်းမြင့်အောင်
၉၇၊ လူမှုဘဝ လူမှုဝန်းကျင် (မြောင်)    သန်းမြင့်အောင်
၉၈၊ မသိမသာ (စစ်ကိုင်း)     ဦးဘုန်း (ဓါတု)
၉၉၊ ခေါင်းလောင်းသံ (မော်လမြိုင်)     ဦးဘုန်း (ဓါတု)
၁ဝဝ၊ အိမ် (မြင်းခြံ)     ဦးဘုန်း (ဓါတု)
၁ဝ၁၊ သရက်စေ့ (မှော်ဘီ)    ဦးဘုန်း (ဓါတု)
၁ဝ၂၊ အိမ် (တောင်ငူ)    ဦးဘုန်း (ဓါတု)
၁ဝ၃၊ အဖိုးပြောသော ပုံပြင်များ (မြောင်)    ဦးဘုန်း (ဓါတု)
၁ဝ၄၊ သရက်စေ့ (မြောင်)    ဦးဘုန်း (ဓါတု)
၁ဝ၅၊ စာကောင်းပေကောင်း (ကျောက်ပန်းတောင်း)    ဦးသိန်းလွင်
၁ဝ၆၊ စာပေနှင့် အနုပညာ    ဝင်းဖေ
၁ဝ၇၊ စွန့်ဦးတီထွင် (ရှိုင်းဟုတ်)    ရဲမြင့်(စွန့်ဦးတီထွင်)
၁ဝ၈၊ အသက်ရှူလမ်းကြောင်း ရောဂါ (ရှိုင်းဟုတ်)    ဒေါက်တာ ကေသီထွန်း
၁ဝ၉၊ ကြက်၊ ငှက်တုပ်ကွေးရောဂါ (ရှိုင်းဟုတ်)    ဒေါက်တာ ခင်မောင်လွင်
၁၁ဝ သွေးဆုံးတာနဲ့ အိုရောလား  (ရှိုင်းဟုတ်)    ဒေါက်တာ ကျော်ညွန့်
၁၁၁၊ သင့်အရေပြားကို ဘယ်လိုကာကွယ်မလဲ      ဒေါက်တာ မြင့်မြင့်ကြည်
၁၁၂၊ ကုရာနတ္ထိ  (ရှိုင်းဟုတ်)    ဒေါက်တာ တင့်လွင်
ကျန်းမာကြပါစေ။ Mandalaymonk