31 Jul 2012

ဉာဏ်ပညာထဲမှာ နှလုံးသားထည့်ပေါင်းဖို့



မောင်သာချို
အတွဲ (၁၁)၊ အမှတ်(၂)
7daynewsjournal.com
(တစ်)
ပညာပြည့်ဝ၊ နှလုံးလှသော်ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ် တောက်လိုရာ၊ ပြီးနိုင်စွာ၏။
လူတိုင်းနှင့် ရင်းနှီးသည့် ကဗျာကောက်နုတ်ချက် ကလေးပဲ ဖြစ်ပါသည်။စာမျက်နှာတစ်နေရာရာ ဒါမှမဟုတ် ရုံးခန်း၊ဧည့်ခန်း၊ အ စည်းအဝေးခန်းမ နံရံတစ်နေရာ ရာတို့၌ သည်ကဗျာ ကောက်နုတ် ချက်ကလေးကို အများပြည်သူ မြင်သာစေရန် သပ်သပ်ရပ်ရပ် ရေးသားချိတ်ဆွဲထားသည်များကို မကြာခဏတွေ့ရတတ်ပါသည်။ ငယ်ငယ် တုန်းကတော့သည်ကဗျာ ကောက်နုတ်ချက် အတိုကလေး ပေါ်မှာ ဘာမှ အလေးအနက်မရှိလှ။ နောက်တော့ကြီးလာလေလေ  တစိမ့်စိမ့်တွေး မိလေလေ အောင် မြင်ခြင်း၏ သော့ချက်ကို ရိပ်စား မိလေဖြစ်လာရသည်ကို ၀န်ခံလိုပါသည်။

လောကကို လိုသလို ထုဆစ် ပိုင်းဖြတ်ပုံဖော်နိုင်ဖို့အတွက် နှစ်ခုပဲလိုပါသတဲ့။ တစ်ခုက ပညာ။ တစ်ခုက လှသောနှလုံးသား။ ဒါက ကဗျာကောက်နုတ်ချက်၏ ဆိုလိုရင်း။ သည်ကဗျာ ကောက်နုတ် ချက်က မဃဒေ၀ လင်္ကာသစ် ထဲက ကောက်နုတ်ချက်ဖြစ်ပါ သည်။ ကဗျာစာဆိုက မန်လည် ဆရာတော် ဘုရား။ “မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည် သာပ၊ ငယ်မည်မှာ နကို သက်ရုံပဲ”ဟု ဆရာတော် ကိုယ်တိုင် ဖွဲ့ စပ်ဖူးခဲ့လေရာ ငယ်နာမည်ကို န သတ်ရုံနှင့် မာန်ဖြစ်သွားမည်ဟု ဆိုတာ ကတော့ ထင်ရှားပါသည်။
အဖသစ်ကုန်သည် ဦးထင် ညိုနှင့် အမိဒေါ်ဖြေတို့၏ သား။ မန်လည်မြို့ဇာတိ။ ရဟန်းအမည် ရှင်ဇ၀န။ မြန်မာနှစ် ၁၂၀၃ တွင် မွေး၍ ၁၂၈၂ တွင်ပျံလွန်တော်မူ။ သက် တော် ၇၉ နှစ်ဝါတော် ၅၆ ၀ါ။ အင်္ဂလိပ်အစိုးရ လက် ထက်၌အဂ္ဂမဟာပဏ္ဍိတဘွဲ့တံ ဆိပ်ကို အဆက်ကပ်ခံတော် မူခဲ့ရသူ။ မဃဒေ၀လင်္ကာသစ်က ဆရာတော်၏ နာမည်ကျော်လက်ရာ။  အခု အထက်တစ်နေရာ တွင် ကောက်နုတ်ဖော်ပြခဲ့သော ကဗျာတစ်ပိုင်းတစ်စက ထိုမဃ ဒေ၀ လင်္ကာထဲက ကောက်နှုတ်ချက်ဖြစ်ပြီး လူဆိုသည်မှာ ပညာ တတ်နေရုံမျှနှင့်မပြီး။ စိတ်ထား ကောင်းနေရုံမျှနှင့်လည်း မပြီး။ နှစ်ခုပေါင်းတော့မှ ဘ၀ကိုလိုသ လိုပုံဖော်ထုဆစ်နိုင်မည်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပေရာ လောကကို လွှမ်းခြုံကြည့်လိုက် တော့သည်အ တိုင်းဖြစ်နေသည်ကို ထင်လင်းစွာ တွေ့မြင်ရပါသည်။
(နှစ်)
ဆိုကြပါစို့။ အယ်လ်ဘတ် အိုင်းစတိုင်း    (Albert Einstein)    ဂျာမနီနိုင်ငံ ဂူတင်ဘာ့ဂ်မြို့သား။ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင်၊ E= mc2   ဟူသည့်စွမ်းအင်ဆိုင်ရာ ညီမျှခြင်း၏ ဖခင်၊ ၂၀ ရာစုနှစ်၏  စံပြလူသား  (Man of The Century For 20th Century)  ၊ ရူပဗေဒပညာရပ်နယ်ပယ်မှာ ကြယ်ပွင့်ကြီးတစ်လုံး၊ ဒါက အယ်လ်ဘတ်အိုင်းစတိုင်း၏ ပညာဉာဏ်ကိစ္စ၊ထား။
သူ့ပညာ ဉာဏ်ကိစ္စကို အသာထားကာ စိတ်နေစိတ် ထားကို လှမ်းကြည့်လိုက်တော့ နှလုံးသားအလှကလည်း ထင်းထင်းကြီး။ အ၀တ်အစားကို ဘယ်တော့မှ တောက် တောက်ပြောင်ပြောင် ခံ့ခံ့ထည်ထည်နဲ့ ကိန်းကြီး ခန်း ကြီးမ၀တ်မဆင်ပါလေတဲ့။ ရိုးရိုး ကုပ်ကုပ် စုတ်စုတ်ချာချာသာမန် နေ့စဉ်လူထုဘ၀လိုသာ ၀တ်ဆင်ပါလေသတဲ့။ အစ္စရေး သမ္မတ အဖြစ် ကမ်းလှမ်းလာတော့ သူ့ အလုပ်မဟုတ်ဘူးဟုဆိုကာ ငြင်းဆန်ပါလေသည်။ ကိုယ်နှင့်မဆိုင်တာကိုဝင်မရှုပ်။ ဒေါ်လာ ၁၅၀၀ တန် ချက်လက် မှတ်ကိုဖတ်လက်စစာအုပ်ညှပ်ဖို့ လောက်သာစိတ်ဝင်စားလေသတဲ့။ ငွေကသူ့စိတ်ကို မလွှမ်းမိုးနိုင်။ သို့နှယ်ထို့နှယ်သော စိတ်ထားသဘောထားအလှများက သူ့ပညာ  ဉာဏ်ကြီးမှုဆီမှာ သွားရောက် ပေါင်းစပ်လေသောအခါ ချစ်မြတ်နိုးဖွယ်ရာ အယ်လ်ဘတ်အိုင်းစတိုင်းအဖြစ် ကမ္ဘာကျော်သွားပါလေတော့သည်။
ထပ်ဆင့်၍ ဆိုကြပါဦးစို့။ အိန္ဒိယနိုင်ငံ၏ ၁၁ ဆက်မြောက် သမ္မတကြီးအဖြစ် ၂၀၀၂ မှသည် ၂၀၀၇ အထိ တာဝန်ထမ်းဆောင် သွားခဲ့လေသော အဗဒူကလမ်   (Abdul Kalam) ၏ အကြောင်း။ ပညာဉာဏ်နယ်ပယ်တွင် သူက သိပ္ပံနှင့် နည်းပညာသမား။ ဒုံးပျံအင်ဂျင်နီယာ။  Anna Univer-sity Chennai  တွင်  PH.D သင်တန်းများ ပို့ချပေးသူ။ ပညာကြီးသည်ကဖြင့် အများသိပြီးပင်ဖြစ်ပါသည်။ သူ့စိတ်နေသဘာဝကရော။ ၂၀၀၇ ခုနှစ် ဇူလိုင် ၂၄ တွင် သမ္မတ သက်တမ်းကုန်ဆုံးတော့ နောက်တစ်နေ့ ဇူလိုင် ၂၅ မှာ သမ္မတ အိမ်တော်ပေါ်က ဆင်းသွားသည်။ သမ္မတအဖြစ် သေတ္တာနှစ်လုံးနှင့် ရောက်လာခဲ့ကာ ထိုသေတ္တာနှစ်လုံးနှင့်ပဲ ပြန်ဆင်းသွားလေသတဲ့။ သူ့ကိုယ်ပိုင် ပစ္စည်းက သူပိုင်ငွေကြေးနှင့် ၀ယ် ယူထားသည့်  စာအုပ်များသာ။ ဘ၀တလျှောက်လုံး ဘာလက်ဆောင်ကိုမှ သူမယူ။ သူသမ္မတတာဝန်ထမ်းဆောင်နေစဉ် ၂၀၀၆ ခုနှစ် မေလကြီးထဲ ဆွေမျိုး ဉာတိ စုစုပေါင်း ၅၂ ယောက်တို့ နယူးဒေလီသို့ရောက်လာကြလေသော အခါ သမ္မတအိမ်တော်၌မထားဘဲ နယူးဒေလီတစ်ဝိုက်ကတည်းခိုခန်းများ ၌သာနားခိုကြစေသည်။ အစိုးရကားကို မသုံး။ ကိုယ့်ကားနှင့်ကိုယ်သာ မြို့လုံးအနှံ့ လိုက်လံ ပို့ဆောင်ပြသကာ ကျွေးမွေးနေထိုင်စားသောက်စရိတ် ရူပီးငွေသုံးသိန်းခွဲ ၀န်းကျင်ကို ကိုယ်ပိုင် ငွေကြေးများထဲမှသာ သုံးစွဲကျခံခဲ့သည်။ အော်..ဤသို့ထိုသို့သော စိတ်နေစိတ်ထားအလှအပများက သမ္မတကြီး၏ဉာဏ်ပညာကြီးမှုဆီမှာသွား ရောက်ပေါင်းစပ်လေ သောအခါ ကမ္ဘာက ခေါင်းမော့ ငေးကြည့်ရသည့် အဗဒူကလမ် ဖြစ်သွားပါတော့သည်။
ထပ်ဆင့်၍ တစ်ဖန်ဆိုကြပါဦး စို့။ ဘီလ်ဂိတ် (Bill Gates) ကမ္ဘာကျော်မိုက်ကရိုဆော့ဖ်   (Microsoft) ကွန်ပျူတာကုမ္ပဏီကိုတည်ထောင်သူဘီလ်ဂိတ်။ ဉာဏသမား။ ဉာဏ်ဖြင့်အသက်မွေးဝမ်းကျောင်းသူ။ သူ့စိတ်ကတဲ့ရော။ သူပိုင်ဓနဥစ္စာ ဒေါ်လာ ၅၈ ဘီလီ ယံကို ပရဟိတကိစ္စများ ဆောင်ရွက်ရန်အတွက် ကမ္ဘာသို့ လှူဒါန်းထား လေသတဲ့။ ပညာကောင်း ကောင်းစိတ်ထားကောင်းကောင်းနှင့် ဘီလ်ဂိတ်ကို ကမ္ဘာက အလေးအနက်ထားတာ ဘာမှမဆန်း။ အိန္ဒိယနိုင်ငံ၏ နေတစ်ပွင့် လတစ်ပွင့် မဟတ္တမဂန္ဓီ(Gandhi) ဆိုလျှင်လည်း အင်္ဂလန်နိုင်ငံ၌ ဥပဒေပညာသွားရောက်သင်ယူခဲ့သူ ပညာတတ်။ သည်မျှအထိဖြင့် တော့ ဂနီဆိုတာ ဘာမှမဟုတ်။ သို့သော် သူက အကြမ်းမဖက် လမ်းစဉ်သမား။ သူ့တရားက ခန္တီ စတရား။ ရထားပေါ်သို့အတက် ဖိနပ်တစ်ဖက်ကျွတ်ကျသွားစဉ် နောက်တစ်ဖက်ကို ထပ်ချွတ်ချကာ ကောက်ရသောသူ တစ်ရန်အပြည့်စီးလို့ရဖို့ လုပ်ပစ်ခဲ့သူ။ မီးရထားကို စတုတ္ထတန်းမရှိလို့ တတိယတန်းက စီးပါတယ်ဟုဆိုသူ။ ပြည်တွင်းဖြစ်ကိုသာ ခြိုးခြံချွေတာစွာဖြင့် ၀တ်ဆင်သူ။ သည် မှာတွင် မဟတ္တမဂန္ဓီဆိုသော နာမည်ကြီးက ကမ္ဘာပေါ်မှာ ဟိန်းသွားပါတော့သည်။
(သုံး)
ဆိုကြပါစို့။ ဆိုကြပါစို့ဟူသော စကားဖြင့် တစ်ယောက်ပြီး တစ်ယောက်ထုတ်ပြရသော်ပညာပြည့် ၀ နှလုံးလှသော သူတို့ဆုံးနိုင်ဖွယ်မမြင်ပါ။ ဒေါက်တာ နော်မန်ဗက် သွန်းလည်းပါနိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းလည်းပါနိုင်ပါသည်။  သခင်ကိုယ်တော်မှိုင်းလည်းပါနိုင်ပါသည်။ တဂိုးလည်းပါနိုင်ပါသည်။ ထိုထိုသော ပုဂ္ဂိုလ်အပေါင်း တို့က ပညာတွင်နှလုံးသားထည့် ပေါင်းဖို့သာဓက ပြခဲ့ကြခြင်းပင်ဖြစ်ပါသည်။ ဒါကိုလည်းကုန်းဘောင်ခေတ် ရဟန်းစာဆိုတစ်ပါးဖြစ်သော မန်လည်ဆရာတော်ဘုရားက ခပ်စောစောကတည်းကပင်လျှင် “ပညာပြည့်ဝ၊ နှလုံးလှသော်” ဟု ထည့်သွင်းစပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ စာမေးပွဲမှာ အမှတ်တွေ အများကြီးရဖို့၊ ဂုဏ်ထူးတွေအများကြီး ထွက်ဖို့၊ သင်တန်းဆင်းလက်မှတ်တွေ တစ်ခုပြီးတစ်ခု ရဖို့ အမောတကော ကြိုးစားနေကြသော ခေတ်လူငယ်ရဲ့အနေနှင့် စိတ်ကိုလည်း တန်ဆာဆင်ဖို့မမေ့အပ်ကြောင်း တင်ပြလိုခြင်းဖြစ်ပါသည်။       ။

စံပြ ခေါင်းဆောင်မှု သမ္မတလင်ကွန်၏ ခေါင်းဆောင်မှုစွမ်းရည်...



by Shae Shae Century on Thursday, July 26, 2012 at 4:59am ·

၁..ရုံးခန်း ထဲ က ပန်ကာ အောက်မှာ ချည်းထိုင်မနေနှင့်. အပြင်ထွက်ပြီး. လူတွေကြားမှာအမှန်ရှာပါ.. လူတွေ အကြောင်း သိအောင်ကြီုးစားပါ
သည်မှာမိမိဌာနအတွင်း ဘာတွေဖြစ်နေကြောင်း... အမှန်အတိုင်းသိနိုင်သည်.. တစ်ခုတည်းသောနည်းလမ်းဖြစ်သည်
၂..လူတစ်ယောက်အား အမိန့်ပေးစေခိုင်းခြင်းထက်... သူထင်မြင်ချက်ကိုယူပြီးေ စခိုင်းလျှင် ပိုမိုထိရောက်သည်....
၃..လင်ကွန်း သည် စိတ်ရှည်သည်. ဇွဲရှိသည်.စွဲမြဲသည်.. အမိန့်မပေး။ဆွေးနွေးစည်းရုံးသည်..သိုသော် လိုအပ်လျှင် တော့ အလွန်ပြတ်သားသည်..... 

၎..တစ်ကိုယ်တော်အထီးကျန်နေတာဟာအဓိက မှားတစ်ခုဖြစ်တယ်
၅..ခေါင်းဆောင်မှုဟူသည်..အလေးထားခြင်း..ဂရုစိုက်ခြင်းပင်ဖြစ်သည်.......
၆..ပြည်သူတွေနှင့် မကြာခဏတွေဆုံသည်
၇.လက်အောက်ငယ်သားများ နှင့် ချိန်းဆိုတွေဆုံခြင်းထက် ရှောင်တခင်တွေဆုံခြင်း ကိုပိုအလေးထားသည်လက်အောက်ငယ်သားများ ကသူတို အနေဖြင့် သူတိုခေါင်းဆောင် နှင့် တွေဆုံဆက်ဆံရန် လွယ်ကူသည်ဟုမှတ်ယူလျှင်.ခေါင်းဆောင်အပေါ်တွင် အကောင်းမြင်လာနိုင်သည်..ယုံကြည်လာနိုင်သည်....
၈..လင်ကွန် သည် အလွန်စိတ်ကောင်းရှိသည် သူစကားတွင်ကြင်နာမှူပါသည်..သူအပြုံးကြောင့်အားတက်ရသည်..သူဟာသ ကြောင့်
ရွှင်လန်းရသည်..သူနဲတွေဆုံပြီးနောက်ရုံးခန်း မှပြန်ထွက်လာသောအခါ တွင်လည်း သူအမှုအရာ နှင့် သူစိတ်ထား ကို ထူးထူး ခြားခြား
စွဲလမ်းနေမိရသည်ဟုဆိုကြသည်...
၉..ချီးကျူးတာကို လူတိုင်း ကြိုက်သည်.မကောင်းပြောခံရခြင်း နှင် ကြားရခြင်း ကိုနှစ်သက်သလို ချီကျူးခံရခြင်းကိုလည်း နှစ်သက်သည်.
၁၀ရှေးတန်း စစ်စခန်း များသိုသွားရောက်ပြီး..တပ်ဖွဲများကိုစစ်ဆေးသည်.အားပေးသည် လက်နှစ်ဖက်ဖြင်.စိတ်ပါလက်ပါ လက်ဆွဲနှုတ်ဆက်သည် တကယ် ရိုးသား ဖြူစင်သည် နှလုံးသားဖြင့်လှိုက်လှဲစွာနှုတ်ဆက်သည်
၁၁..ဒဏ်ရာ ရ စစ်သည်များ ကိုသွားရောက်ကြည်ရှုပြီးအားပေးစကားပြောသည်..အသုဘအခမ်းအနားများသိုတက်ရောက်သည်
၁၂.အကူအညီရရှိနိုင်ရန် အကောင်းဆုံး နည်းများ သူတိုနှင့် အကျွမ်းတ၀င်ရှိနေရန်လိုအပ်သည်.မကြာခဏတွေ့ဆုံ..လူမှုဆက်ဆံရေးတည်သည်..
၁၃.ခေါင်းဆောင်တစ်ယောက်အဖို လူတွေကိုလုပ်ငန်းခွင် အပြင်ဘက်တွေ့ဆုံခြင်း.ဖြင့်အကျိုးတူရရှိစေနိုင်သည်..လုပ်ငန်းခွင်ပြင်ပတွေဆုံရခြင်းသည်.ကိုယ်စိတ် နှစ်ဖြာပိုသက်တောင်သက်သာရှိစေသည်.ပိုပွင့်လင်းကြသည် ပိုရိုးသားကြသည်....
၁၄.အတွေးအခေါ်တစ်ရပ် ကို လူတွေလက်ခံအောင်လုပ်ရာတွင် အထိရောက်ဆုံးနည်..တစ်ခု...ယင်းအတွေး အခေါ်ကို.မိမိနေ့စဉ် လုပ်ရပ်တိုင်း တွင်ထပ်ဟပ်ပြခြင်းပင်ဖြစ်သည်..
၁၅..လက်အောက်ငယ်သားများ၏..ပတ်ဝန်းကျင်ထဲ.သို့ဝင်ရောက်ခြင်း တရင်းတနှီးဆက်ဆံခြင်းတိုဖြစ် ယုံကြည်မှု ပူးပေါင်းဆောက်ရွက်မှု တူညီစုစည်းမှုကိုရရှိနိုင်၇န်
၁၆.ထိရောက်သောဆုံးဖြတ်ချက်ချနိုင်ရန်အချက်အလက်မှန်များရဘို့လိုအပ်သည်.ကိုယ်တိုင်သွားရောက်စုံစမ့် နိုင်လျှင် ကိုယ်ယ်တိုင်သွားသည်..မသွားနိုင်လျှင် လူယုံကိုစေလွှတ်သတင်းမှန်ကိုယူနိုင်သည်..
၁၇..တစ်ဖက်သားကို..နားထောင်သည် အာရုံစိုက်သည်.ယုံကြည်မှုထူထောင်သည်.လက်အောက်ငယ်သားများနှင့်ရင်းရင်းနှီးနှီးနေထိုင်ခြင်းဖြစ်ဖြစ်..ပုဂ္ဂိုလ်ရေး ပဋိပက္ခ နှင့် မကျေနပ်ချက်များစွာ ကို ကျော်လွှားနိုင်သည်.....
၁၈..လင်ကွန်သည်..ပြတ်သားသော်လည်း  ဘယ်တော့မျှ အမိန့်မပေး အပြုအမှုအားဖြစ်.သဘောတရားအားဖြစ်ဖျောင်းဖျစည်းရုံးတက်သည်.....
၁၉..တစ်ဖက်သားအား..မိမိအလိုသို့ ဆွဲဆောင်လိုလျှင် မိမိသည် ထိုသူ၏ မိတ်ဆွေ ကောင်းဖြစ်ကြောင်း သူယုံကြည်အောင်ကြီုးစားပါ.
၂၀..သူသည်.သူတစ်ပါးက သူ့ကိုဆက်ဆံစေလိုသည်..အပြုအမှုအတိုင်းသူကလည်းသူတပါး ကိုပြုမှုဆက်ဆံသည်........
 ၂၁..အတင်းအကျပ် ခိုင်းခြင်းကိုဘယ်သူမျှမကြိုက် မိမိအလုပ်.မိမိအယူအဆကိုမိမိအထင်ကြီးခြင်းသည် လူသဘာဝဖြစ်သည်။
၂၂.ပွင်းလင်းမှု.ယုံကြည်စွာတာဝန်လွှဲပေးမှု ညွှန်ကြားမှု တို.ဖြစ် လူတစ်ဦးချင်းစီစစ်ပူးပေါင်းပါဝင်မှုကိုရယူသည်။
၂၃..ဌာနတစ်ခုနင့် သက်ဆိုင်သောကိစ္စကို တိုဌာန၏ အကြီးအကဲ နှင့် မတိုင်ပင်ပဲ မပြုလုပ်ရန် အမြဲတမ်း သတိပေးသည်။
၂၄..ဌာနတွင်း မကျေနပ်ချက်များ ကိုအားမပေးနှင့် ညိုနှိုင်းစေ့စပ်ရန်.လက်အောက်ငယ်သားများအား အမြဲတမ်းဖျောင်းဖျဆွဲဆောင်ပါ။
၂၅..ခေါင်းဆောင်ကောင်းသည်.အမိန့်မပေး.မေတ္တာရပ်ခံခြင်း..တိုက်တွန်းခြင်း..အကြံပေးခြင်း.တိုကိုသာပြုလုပ်သည်။
၂၆..ခေါင်းဆောင်သည် နောက်လိုက်များအား လက်ရှိအခြေအနေမှ မျြင့်တင်ပေးရမည် နိုးကြားလာအောင် အားတက်လာအောင် တာဝန်
ယူချင်လာအောင်နိုးဆော်စည်းရုံးရမည်။
၂၇..လင်ကွန်သည် ပြောသလိုလုပ်..လုပ်သလိုပြောသူဖြစ်သည်.သူသည်အထက်သို့ရောက်သွားသောအခါ အောက်သို. ပြန်လှည်ကြည်ပြီးအောက်ကလူတိုအပေါ်သိုတက်နိုင်အောင်ကူညီသည်။
၂၈..ယုံကြည်ခြင်း။ရိုးသားခြင်း နှင့် မှန်ကန်ဖြောင့်မတ်ခြင်း တိုသည် ခေါင်းဆောင်မှုတွင်အလွန်အရေးပါသောအရည်းချင်းများဖြစ်သည်။
၂၉..မရိုးသားသူများနင့်လုံးဝမဆက်ဆံ...မှန်ကန်တဲ့ လူနဲ့သာအတူတူရပ်ပါ.
သူမှန်ကန်နေတဲအချိန်မှာ သူနဲအတူတူရပ်ပါ
 သူမမှန်ကန်တော့ဘူး ဆိုရင်တော့ သူနဲ ခွဲခွာလိုက်ပါ။
၃၀..သူတပါး အား ပုတ်ခတ်စွတ်စွဲခြင်းနှင့် မနာလိုခြင်းတိုသည်..တန်းဖိုးရှိသောလုပ်ငန်းများအတွက်တန်းဖိုးရှိသော.အချိန်ကို အကျိုးမဲ့ဖြုန်းတီးခြင်းဖြစ်သည်။
၃၁..လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲ.အစည်းအတွက်ထာဝရရန်သူများဖြစ်လာနိုင်သည်။
၃၂..တစ်ခါတစ်ရံအသိယောင်ဆောင်နေလိုက်ခြင်းသည်..အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှုမဖြစ်နိုင်။
၃၃..ဒေါသထွက်စရာ များ.ကိုရယ်စရာ များအဖြစ်ပြောင်းလဲမှုမြင်တက်သည်။
သူက ဟာသဥာဏ်ရှိသည်.ဖြတ်ထိုးဥာဏ်ကောင်းသည်
ပုံတိုပတ်စအပြောကျွမ်းသည်.
ယင်းတိုသည်.သူအတွက်  မတရားဝေဖန်မှုကို ခံနိုင်ရည်ရှိစေသောဆေးစွမ်းကောင်းများပင်ဖြစ်သည်။
၃၄.သူတစ်ပါးက ဝေဖန်တိုက်ခိုက်လာလျှင် အသေးအဖွဲ့တွေကို လျစ်လျူရှုထားလိုက်ပါ.
ကြီးကျယ်လျှင်တစ်မျိုး.တစ်မည်ပြောင်းလဲသွား
အောင်ပြန်တိုက်ပါ
.ဒေါသပြောသွားအောင်ဖြေရှင်းချက်ရေးပါ.သိုသော် ဘယ်သူဆီမျှ
မပိုပဲ သီမ်းထားလိုက်ပါ.အကောင်းဘက်ကိုကြည်ပြီး.ဟာသဥာဏ်ကို အမြဲတမ်းအသုံးချပါ။
၃၅..အကျပ်အတည်း ကြုံလာလျှင်အေးဆေးတည်ငြိမ်အောင်ကြီုးစားပါ။
အမှားအမှန်ကို ခွဲခြားသိမြင်ပါစေ့။
သတ္တိရှိပါစေ..ကိုယ်တက်နိုင်သလောက်.ကိုယ်သိသလောက်.အကောင်းဆုံးလုပ်ပါ.ပြီဆုံးအောင်အထိလုပ်ပါ။
၃၆..မိမိလုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီ ဟု ယုံကြည်လျှင်လျော့လုပ်ပါ 
၇ည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ အမှားကိုမြင်လျှင်ချက်ချင်းပြင်ပါ...အမြင်သစ်...အမြင်မှန်ကို အမြဲတမ်းကြီုဆိုလက်ခံပါ။
၃၇..ကိုယ်ကိုယ် ကို အကောင်းဆုံး ဖြစ်အောင်ကြီုးစားမယ်ဆိုတဲလူမှာ..ပုဂ္ဂိုလ်ရေး..ပဋိပက္ခအတွက် အချိန်ဖြုန်းနေဖို အချိန်မရှိဘူး.
ခွေးကိုက်မခံပဲ..ခွေးကိုလမ်းပေးလိုက်ပါ.ကိုယ်ကခွေးကိုသတ်ရင်လဲ ဒဏ်ရာကပျောက်မှာမဟုတ်ဘူး။
၃၈.နှေးနှေးကလေး နင့် မြန်မြန်လုပ်ပါ။
၃၉..အသက်မသေအောင်လည်းကာကွယ်ရမယ်.
ကိုအဂါင်္အစိတ်အပိုင်းတွေမပျက်စီးအောင်လည်း ကာကွယ်ရမယ်.
ဒါပေမဲ တခါတလေမှာ အသက်ရှင်ဖို အတွက် 
ကိုယ်အဂါင်္အစိတ် အပိုင်းတခုခုကိုဖြတ်တောက်ကုသရမျိုး လည်းရှိပါတယ်..ဒါပေမဲ့.ကိုလ်အဂါင်္အစိတ်အပိုင်းအတွက် အသက်ကိုတော့ ဘယ်တော့မျှအဆုံးခံမှာမဟုတ်ဘူး  
ကျုပ်ကတော့ တိုင်းပြည်တည်မြဲအောင်ထိန်းသိမ်းရင်းဖြစ်သာ ဖွဲ.စည်းပုံအခြေခံဥပဒေတည်မြဲအောင်ထိန်းသိမ်းရမယ် လိုယုံကြည်တယ်။

23 Jul 2012

သူ မင်းကို ဘယ်တော့မှ....


by ဂျူး - Ju on Tuesday, July 24, 2012 at 12:20Am ·

 (၁)
ဇာတ်ကြောင်းပြောလို၍ ၀တ္ထုရေးကြသူများသည် ဇာတ်လမ်းကို မဆန်းဆန်းအောင် ဖန်တီးကြသည်။ သဘာဝယုတ္တိ ခိုင်မာမှုကိုလည်း ဂရုမထားတော့။။ ဇာတ်လမ်းအသားပေး ၀တ္ထုများသည် စာရေးဆရာ၏ စိတ်ကူးဖြင့် ဖန်တီးတည်ဆောက်ထားသော ၀တ္ထုများသာ ဖြစ်၏။ ဂျူး၏၀တ္ထုများသည် ထိုကဲ့သို့ ၀တ္ထုမျိုးမဟုတ်။ ဂျူးသည် ဇာတ်ကြောင်းပြောလို၍ ၀တ္ထုရေးသူ မဟုတ်။ ၀တ္ထုရေးဆရာတဦးအနေဖြင့် သူပြောလိုသည်များကို စာဖတ်သူ ရင်ထဲသို့ အရောက်ပေးပို့လို၍သာ ၀တ္ထုရေးသူ ဖြစ်သည်။ သူ့ဇာတ်ကောင်များသည် ရှားပါးဇာတ်ကောင်များဖြစ်၏။ သူသည် ပညာတတ်လူတန်းစာကို အခြေပြု ရေးဖွဲ့သည်။ အထူးသဖြင့် ပညာတတ်မိန်းမတွေကို ဦးတည် ရေးဖွဲ့သည်။ ထိုစဉ်က ဂျူးသည် မိမိဝေဒနာကို ဖြန့်ခင်းပြသည်လောက်သာ ရည်ရွယ်ခဲ့ဟန် ရှိသည်။
သို့သော် ယခု ဂျူးသည် ဝေဒနာကို ဖြန့်ခင်းရုံမျှသာ မဟုတ်တော့။ ပရိသတ်ကို တစံတခု ပေးလို၍ စာရေးလာခြင်း ဖြစ်နေလေပြီ။ ဂျူးသည် ပစ်မှတ်ပြောင်းလာသည်။ "တိမ်နဲ့ချည်တဲ့ကြိုး" မှစပြီး နောက်ပိုင်းဝတ္ထုများတွင် ဂျူးသည် လူငယ်ကို ပစ်မှတ်အဖြစ် ချိန်ရွယ်လာသည်။

ဆရာခင်မောင်ဇော်နှင့် တွေ့ဆုံခန်းတခုတွင် ဂျူးက "တယောက်ယောက်က ပစ်ချထားတဲ့ ဘ၀ထဲမှာ အဲဒီ ပစ်ချထားချင်တဲ့သူ ဖြစ်စေချင်တဲ့ အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားတွေ မဖြစ်ချင်ဘူး။ အဲဒီဘ၀နဲ့ နေသားကျမသွားချင်ဘူး" ဟု ဖွင့်ပြောဖူးသည်။ အလွန်ကောင်းသော စကားလေး ဖြစ်သည်။ မျိုးဆက်သစ်တခု အဆင့်မီ ဖွံ့ဖြိုးရန်အတွက် မျိုးဆက်ဟောင်းတွေမှာ တာဝန်ရှိသည်ကို ဂျူးသိသည်။ သည့်အပြင် စာရေးဆရာများကို ဘယ်သူကမှ ပေးမထားသော တာဝန်တွေ ရှိသည်ကိုလည်း ဂျူးသဘောပေါက်သည်။ ထိုအခါ ဂျူးသည် အနာဂတ်ကို မျက်နှာမူလာတော့သည်။
ဟိုတုန်းက ထူးခြားသော ဇာတ်ကောင်များဖြင့် ဖွဲ့စည်းတည်ဆောက်လာခဲ့သော ဂျူးသည် ယခုတော့ သူ့ဝတ္ထုကို ဤလောက၌ ရှာစရာမလိုလောက်အောင် များပြားနေသော ဇာတ်ကောင်များဖြင့် ဖွဲ့စည်းလာသည်။
ယခုဝတ္ထုဖြစ်သော "သူမင်းကို ဘယ်တော့မှ..." သည် လူထဲမှ အဖြစ်အပျက်များ ဖြစ်သည်။ ဂျူးသည် သူ့ဝတ္ထုကို ပုံသဏ္ဍာန်အသစ်ဖြင့် တင်ပြထားသည်။ စကောလားရှစ်ရရှိရေးအတွက် အင်တာဗျူးဝင်ဖြေရာတွင် မေးခဲ့သော မေးခွန်း (၁၀)ခုကို အေးငြိမ်းမေက ဖြေဆိုရသည်။ ထိုဖြေဆိုချက် ဆယ်ခုကို ဂျူးသည် ပန်းသီသလို သီကုံးထားသည်။ ထိုပန်းကုံးကလေးသည်ပင် ယခုဝတ္ထုဖြစ်သည်။
(၂)
ပထမမေးခွန်းက "မင်းဘ၀မှာ အရေးအပါဆုံးလို့ မင်းထင်တဲ့ အချိုးအကွေ့တခု" ကို ပြောပြပါဟူသော မေးခွန်းဖြစ်သည်။
ဤမေးခွန်းကို ဖြေဆိုရာ၌ အေးငြိမ်းမေ ပြောပြခြင်းသည် သူ၏ငယ်ဘ၀ ဖြစ်သည်။ မိထွေးနှင့်နေရသော သူ့ဘ၀ ခြောက်တန်းအရောက်တွင် ပညာဆက်သင်ခွင့်မရတော့ဘဲ မြို့သို့တက်ကာ အိမ်ဖော်သွားလုပ်ရမည့် ဆဲဆဲတွင် သူတို့ ဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ အလုပ်လှူရန် ရောက်လာသော ကိုထင်လင်းက အေးငြိမ်းမေကို စာဆက်သင်ရန် တာဝန်ယူလိုက်သည်။ မသွားချင်သော နေရာသို့ သွားရအံ့ဆဲဆဲတွင် ကယ်ဆယ်လိုက်သော ထင်လင်း၏ ကျေးဇူးကား တန်ဘိုးဖြတ်၍မရပေ။ ခုနှစ်တန်းအရောက်တွင် အေးငြိမ်းမေ၏ မိထွေးက အေးငြိမ်းမေ ကောက်စိုက်ပျိုးနှုတ်လုပ်၍ ရသော ၀င်ငွေ မ၀င်တော့သည်ကို မကျေမနပ် ပြုလုပ်လာ သဖြင့် ကျောင်းစရိတ်အပြင် ထိုဝင်ငွေကိုပါ ထင်လင်းက ထောက်ပံ့ခဲ့ရသည်။
"ကျွန်မကို ပညာလမ်းကြောင်းပေါ် ရောက်အောင် ဆွဲခေါ်ပြီး ဘ၀ တိုးတက်မြင့်မားအောင် ကူညီ စောင့်ရှောက် ပေးခဲ့သူဟာ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တဲ့ သူစိမ်းတယောက် ဖြစ်နေခဲ့တယ်"။ "သူဟာ ကျွန်မရဲ့ အရေးအပါဆုံး အချိုးအကွေ့ကို အဆုံးအဖြတ်ပေးခဲ့တဲ့ လူစိမ်းတယောက်ပဲ" ။
မေးခွန်းနံပါတ်နှစ်က "ဘ၀မှာ မင်းကိုယ်တိုင်ဖြေရှင်းရပြီး အောင်မြင်ခဲ့တဲ့ အခက်အခဲပြဿနာတခု အကြောင်း" ကို ပြောပြပါဟူသော မေးခွန်းဖြစ်သည်။
ဖောင်းလင်းနှင့် စလင်းမြို့သည် ရှစ်မိုင်လောက်ဝေးသည်။ လေနီကြမ်းတိုက်နေသောနေ့။ လေနီကြမ်း တိုက်လျှင် မိုးကြိုးပစ်တတ်သည်မို့ ရွာအပြန်လမ်းမှာ မိုးကြိုးကိုကြောက်၍ အေးငြိမ်းမေသည် ပြောင်းခင်းတခုထဲသို့ ၀င်သွားမိသည်။ ထိုစဉ် "အမေကြီးရေ၊ အမေကြီးရေ" ဟူသော အူလှိုက်သည်းလှိုက် ကလေးငိုသံကို ကြားရသည်။ ကလေးထံမှ နားကပ်ကို ဖြုတ်ယူသွားပြီး ကလေးကို ထားခဲ့သည့်အဖြစ်ကို သိရ၍ ကလေးအား အိမ်သို့ ပြန်ပို့ရန် စီစဉ်နေစဉ် ကလေးပျောက်ရှာသော ဖခင်နှင့် ရွာသားများ ရောက်လာသည်။ ရွာသားများက နားကပ်ကို သူယူသည်ဟု ထင်ကာသူ့အားရိုက်ပုတ်ရန် တကဲကဲ ဖြစ်နေသည်။ ထိုပြဿနာကို တရားခံပေါ်သည်အထိ အေးငြိမ်းမေ ရှင်းလင်းသွားပုံကို ဂျူးက စီကာ စဉ်ကာ ရေးပြသည်။
"ကျွန်မ ဂုဏ်သိက္ခာကို သက်သေပြဖို့ မနားမနေ ကြိုးပမ်းခဲ့လို့ တရားခံကို မိသွားခဲ့ပြီလေ။ ကျွန်မ သူခိုးမဟုတ် ဆိုကာ ရဲတွေရော စလင်းမြို့နယ်တခုလုံးကိုရော သက်သေပြနိုင်လိုက်ပြီလေ။ ဒါပေမယ့် ကျွန်မ အောင်နိုင်လိုက်ပြီလို့ မခံစားရဘူး။ အဲဒီ အိမ်စုတ်ကလးထဲကနေ ပြန်လှည့်အထွက်မှာ ကျွန်မရဲ့ မျက်ရည်တစက် လွင့်စင်ကျသွားခဲ့တယ်"
အေးငြိမ်းမေ၏ စိတ်စရိုက်ကို ဂျူးက ထိုကဲ့သို့ ဖော်ပြသည်။
တတိယ မေးခွန်းက "မင်းအပေါ် သြဇာအလွှမ်းမိုးဆုံး စာအုပ်တအုပ်အကြောင်း" ကို ပြောပြပါဟူသော မေးခွန်းဖြစ်သည်။
အေးငြိမ်းမေ ဆယ်တန်းအောင်တော့ မြန်မာစာနှင့် အင်္ဂလိပ်စာ ဂုဏ်ထူးပါသည်။ ဘုန်းကြီးက မြန်မာစာ ဂုဏ်ထူးရသူများကို ဘုန်းကြီးကျောင်း၌ ဆုပေးပွဲကျင်းပသည်။ ထိုဆုပေးပွဲနေ့တွင် အင်္ဂလိပ်စာဂုဏ်ထူးရသဖြင့် ကိုထင်လင်းက သူ့အား သီးသန့်ဆုတဆုအဖြစ် Paul Collier ၏ The Bottom Billion (အောက်ခြေသန်း တထောင်) စာအုပ်ကို ပေးသည်။ ကိုယ့်ဒေသပတ်ဝန်းကျင် ဆင်းရဲနွမ်းပါးခြင်းကနေ ကင်းကွာဖို့၊ ကျန်းမာရေး အသိရှိဖို့၊ ဗဟုသုတနီးစပ်ဖို့၊ ဆောင်ရွက်ရမည့်လုပ်ငန်းတွေ စိတ်စေတနာတွေအတွက် ဒီစာအုပ်က အထောက်အကူ ဖြစ်ပါလိမ့်မည်ဟုဆိုကာ ပေးခြင်းဖြစ်သည်။ အင်တာဗျူးတွင် "မင်းဒီစာအုပ်ကို ဖတ်ပြီးပြီလား၊ ဘယ်အခန်းအကြိုက်ဆုံးလဲ ပြောပြပါ" ဟုဆို၍ အေးငြိမ်းမေက ရှင်းပြရသည်။
"အလွန်အမင်း ဆင်းရဲခြင်းဆိုတဲ့ သတ်မှတ်ချက်ကို သေသေချာချာမသိရသေးခင်မှာကိုဘဲ ကျွန်မတို့ အိမ်ဟာ အဲဒီအတန်းအစားထဲ ပါနေပြီ ဆိုတာ ရိပ်မိပါတယ်။ အလွန်အမင်းဆင်းရဲခြင်း၏ ပမာဏအတိုင်းအတာ စစ်တမ်းအောက်မှာ ကျောင်းနေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေသန့်ရှင်းမှု၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ် ရေး၊ အဟာရစတဲ့ အခြေခံလိုအပ်ချက်တွေ မရတဲ့ အိမ်တွေက ဘယ်အချိုးအဆ ရှိသလဲ။ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်း စတဲ့ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်တွေအရ အလွန်အမင်း ဆင်းရဲခြင်းဆီ တွန်းပို့ပေးခံရတဲ့ အိမ်ခြေတွေ ဘယ်လောက်ရှိသလဲ"
ဂျူးသည် ဤ၀တ္ထုကို ရေးရာတွင် ၀တ္ထု၏ အခန်းတခန်းနှင့် တခန်း ချိတ်ဆက်ယူရာ၌ အလွန်လှပ သေသပ်သည်။ အမှန်ဆိုရသော် မေးခွန်းများကို တခုချင်း ဖြေဆိုသွားသည့် အကြောင်းအရာများမှာ မတူညီပါ။ ထို မတူညီသော အကြောင်းအရာများကို ပဓါနဇာတ်ကောင် အေးငြိမ်းမေ၏ ဘ၀တခုဖြင့် ဖောက်သီရေးဖွဲ့ ပြနိုင်ခဲ့၏။ ထို့အပြင် ဂျူးသည် သူ့ဝတ္ထုထဲ၌ အလွန်လေးနက်ကျယ်ပျံ့သည့် အကြောင်းအချင်းအရာများကို ဆွေးနွေးတင်ပြ သော်လည်း အချို့ဝတ္ထုများကဲ့သို့ ဗဟုသုတကတလွှာ၊ ရသကတလွှာ ကွာဟနေသည်မျိုး မဟုတ်။ ၀တ္ထုထဲတွင်ပင် ထိုအကြောင်းအရာများသည် စိမ့်ဝင်ပျံ့နှံ့နေပါ၏။ ထို့ကြောင့် ဆရာ လူထုစိန်ဝင်းက "ဒီအကြောင်းအရာမျိုး ဆောင်းပါးတွေကို နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ရာချီရေးခဲ့ပါတယ်။ ဒါပေမယ့် အမှန်ပြောရရင် ဘယ်သူ့ ရင်ထဲမှာမှ စွဲမကျန်ရစ်ပါဘူး။ ဖတ်ပြီးမေ့ထားလိုက်ကြတာပါပဲ။ ဟောဒီ့ စာအုပ်ကတော့ တအုပ်တည်းနဲ့ စာဖတ်သူပေါင်းများစွာရဲ့ ရင်ထဲမှာ ကာလရှည်ကြာ စွဲမြဲနေရုံမျှမက ကျွန်တော်တို့ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြိုးစားပမ်းစားရေးခဲ့ရပေမယ့် အရာမရောက်လှတဲ့ "မျက်စိပွင့်၊ နားပွင့်" အောင်လုပ်ခဲ့တဲ့ ကိစ္စ ၀တ္ထုတပုဒ်တည်းနဲ့ ထိရောက်အောင်မြင်အောင် လုပ်ပေးနိုင်တယ်လေ" ဟု ပြောခဲ့သည်။
ဟုတ်ပါ၏။ ဂျူးသည် ဤ၀တ္ထုထဲတွင် လူငယ်များ၏ စိတ်ရနံ့လေးများကို ကျွန်တော်တို့ ရှူရှိုက်၍ ရလောက်အောင် ရေးဖွဲ့ပြနိုင်သည်ကိုက သူ၏ ၀တ္ထုအနုပညာဖြစ်သည်။ ပြီး မဖွံ့ဖြိုးမှု၏ အကြောင်းရင်းများ ကိုလည်း စောကြောထားပါ၏။
(၃)
မေးခွန်းနံပါတ်(၄)က "ဆင်းရဲခြင်းကြောင့် ဆိုးကျိုးတခုခုအကြောင်း" ပြောပြရန်ဖြစ်သည်။ ရိုးသားသော အကြော်သည် ကိုငွေတို့ လင်မယား အိမ်အပြန်တွင် ကားပေါ်က ပစ်ချလိုက်သော အထုပ်တထုပ်ကို စူးစမ်းရာမှ ဒဏ်ရာများနှင့် ခွေခေါက်လဲကျနေသော အမျိုးသမီးကို တွေ့လိုက်ရသည်။ စိုးရိမ်စိတ်ဖြင့် ပွေ့ချီခေါ်ယူပြီး ရွာလူကြီးကို အပ်ခဲ့သည်။ ကောင်မလေးအမည်က တင်တင်ဝင်း။ အသက် (၁၇)နှစ်။ ရွာက ပွဲကို မှီအောင်ပြန်ချင်သဖြင့် ကြုံရာကားနှင့် လိုက်ခဲ့ရာမှ ပွဲအမှီ ပြန်ရောက်ရမည့်အစား ယခုကဲ့သို့ ဖြစ်ရခြင်း ဖြစ်သည်။ တရားခံများကို ဖမ်းမိပြီး ထောင်ဒဏ် (၅၈)နှစ် ချလိုက်သည်။ သည်အဖြစ်အပျက်တွင် မိန်းကလေးသည် ပညာမတတ်လို့၊ ဆင်းရဲနွမ်းပါးလို့၊ ချင့်ချိန်တွေးခေါ်မှု မတတ်လို့၊ ဖြစ်ပျက်ရသည်ဟု သုံးသပ်ထားသည်။
ပထမ မေးခွန်းကမူ "မိန်းမတွေ ပညာတတ်စေချင်တဲ့အကြောင်း၊ မိန်းမတွေ ဆင်ခြင်ဥာဏ် ရှိစေချင်တဲ့ အကြောင်း" ဖြစ်သည်။ သည်ကဏ္ဍတွင် အေးငြိမ်းမေ တင်ပြသည့် သူ့သူငယ်ချင်း မနွေးခင် အကြောင်းသည် အလွန်စိတ်ဝင်စားစရာ ကောင်းသည်။ ချစ်သည်။ လက်ထပ်မည်ဟု ယုံကြည်အောင်ပြောပြီး မတရား ကာမကို ရယူကာ ကိုယ်ဝန်ရှိတော့မှ လက်ထပ်ရန် ငြင်းဆိုမှုဖြစ်သည်။ အမှန်တော့ ဂျူးသည် ၀တ္ထုတိုများကို ၀တ္ထုရှည်တပုဒ် ဖြစ်လာအောင် အဆက်အစပ်ရှိရှိ သီကုံးရေးဖွဲ့ထားခြင်း ဖြစ်သည်။ သည်ကိစ္စတွင် အေးငြိမ်းမေသည် မနွေးခင်ဘက်မှ ဦးဆောင် ပါဝင်ခဲ့သည်။ နောက်ဆုံးတရားရုံးတွင် ဦးတိုက်လျှောက်ခဲ့ရာမှ တရားခံဝင်းထိန်အား အလုပ်နှင့် ထောင်ဒဏ် သုံးလအပြစ်ပေးခဲ့သည်။ ဤအခန်းတွင် ဂျူးက ငွေကြေးနှင့် ဆွေဂုဏ်မျိုးဂုဏ်နှင့် အနိုင်ယူသော သူများကို အာခံခဲ့သောကလေးကို ရဲရဲရင့်ရင့် လူသိရှင်ကြားမွေးခဲ့သော မနွေးခင်ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပုံကို ရေးဖွဲ့ပြသည်။ အမှန်တရား၏ အောင်ပွဲခံပုံကိုလည်း ဂျူးက ပြသနိုင်ခဲ့ပါသည်။ မေးခွန်း နံပါတ်(၆) ကမူ အေးငြိမ်းမေ ဘ၀ဒဿန ဖြစ်သည်။
သုတနှင့် ကြာဖက်ခူးရန် လှေစီးစဉ် လှေမှောက်သဖြင့် အေးငြိမ်းမေကို တစုံတယောက်က ကူညီဆယ် ပေးသည်။ ထိုသူမှာ အေးငြိမ်းမေက သူခိုးအဖြစ် ဖော်ထုတ်ဖမ်းဆီးပေးခဲ့သော ဒေါ်ခင်ဆင့် ဖြစ်သည်။ လူတယောက်မှာ မကောင်းသော စိတ်ချည်း ရှိနေသည် မဟုတ်။ ကောင်းသောစိတ်လည်း ရှိတတ်ပါ၏။ ဒေါ်ခင်ဆင့် ကလေးနားကပ်ကို ဖြုတ်ယူခဲ့ရသော အကြောင်းကို တိတိကျကျ မဖော်ပြခဲ့သော်လည်း ဂျူးသည် ဒေါ်ခင်ဆင့်အိမ်၌ ရောဂါသည် မိခင်အိုကြီးကို ပြသခဲ့ပါ၏။ မိမိလုပ်အား တခုတည်းဖြင့် မလုံလောက်သောအခါ ဒေါ်ခင်ဆင့်ရော သူ့သမီး တိုးတိုးလေး ရရာအလုပ်ကို လုပ်ခဲ့ရပါသည်။ ဤသို့ လုပ်နေပါလျှက်နှင့် ရောဂါသည် မိခင်ကြီး အပါအ၀င် သူတို့သုံးယောက်၏ အမှန်တကယ် လိုအပ်ချက်များ မလုံလောက်ဟုဆိုပါလျှင် ဒေါ်ခင်ဆင့် ဘာလုပ်မည်နည်း။
မေးခွန်း (၇)က "မြန်မာလူမျိုးတွေရဲ့ နေ့စဉ် အပြုအမူ အပြောအဆိုတွေကို လွှမ်းမိုးထားတဲ့ စကားလုံးက ဘာလဲ" ဟူသော မေးခွန်းဖြစ်သည်။ ကံတရားကို ရိုးမယ်ဖွဲ့ ပြောကြသည့် မြန်မာ့ထုံးစံကို ရေးဖွဲ့ပြရာ၌ အေးငြိမ်းမေ၏ အသက်ကို ကယ်ခဲ့သည့် ဒေါ်ခင်ဆင့် မြွေကိုက်ခံရပြီး သူမနေရာ ဆရာဝန်ကြီးအိမ်သို့ ရောက်လာသည်။ အေးငြိမ်းမေရော၊ ဆရာဝန်ကြီးရော အထူးဂရုစိုက်ကုသရန် ကြိုးပမ်းကြသော်လည်း အရန် မြွေဆိပ်ဖြေဆေး မရှိသဖြင့် မင်းဘူးဆေးရုံသို့ ပို့ရသည်။ ကုသည်။ သို့သော် နောက်ကျနေပြီဖြစ်၍ ဒေါ်ခင်ဆင့်ဆုံးသည်။ ဒါသည် ကံတရားကြောင့်လား။ ဂျူးက "ဒေါ်ခင်ဆင့်ကို သတ်လိုက်တဲ့ သေမင်းက မြွေတကောင်လို့ ပြောမလား၊ ကံအကြောင်းတရားကြောင့် မြွေကိုက်ခံရတာလား၊ အကောင်အထည် မမြင်လိုက်ရတဲ့ မြွေဆိုတဲ့သေမင်းနောက်မှာ မမြင်ရတဲ့ နောက်ခံအခြေအနေတွေ ရှိသေးသလား။ မသိနားမလည်မှုလား၊ ဆင်းရဲနွမ်းပါးမှုလား၊ အဲဒီထက်ပြီး ပိုမမြင်သာတဲ့ လူသားရဲ့ အကျင့်ပျက်မှုလား၊ လောဘလား" ဟု စောဒက တက်သည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘာလဲ။ "ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး မင်းကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်ဖူးတဲ့ လုပ်ငန်းတခုအကြောင်း" ပြောပါဟူသော မေးခွန်း (၈)ကိုမူ ၀မ်းရောဂါဖြစ်သော ကျေးရွာစု ဆရာဝန်ကြီး လင်းထင်တို့နှင့် အတူသွားကာ အေးငြိမ်းမေ ဆောင်ရွက်သည်များကို ဖော်ပြသည်။ နံပါတ် (၉)ကမူ "မင်းကို အဖွဲ့အစည်းတခုခုက တယောက်ယောက်က ဒေါ်လာ နှစ်သိန်းပေးလိုက်မယ် ဆိုပါစို့၊ မင်းနိုင်ငံအတွက် မင်းဒီငွေကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်မှာ သုံးတော့ဆိုရင် မင်းဘယ်နေရာမှာ အသုံးချမလဲ၊ ဘယ်လို အသုံးချမလဲ" ဟူသော မေးခွန်းဖြစ်သည်။
ဤအခန်းသည် ၀တ္ထု၏ အဓိကကျသော အခန်းဖြစ်သည်။ ဂျူးသည် ၀တ္ထု၏ အစပိုင်း ကတည်းကပင် စာဖတ်သူကို ဒေါ်ခင်ဆင့်နှင့် မိတ်ဆက်ပေးခဲ့သည်။ ဒေါ်ခင်ဆင့်သည် ကလေးနားကပ်ကို ခိုးယူခဲ့သူ ဖြစ်သည်။ ထိုဒေါ်ခင်ဆင့်သည်ပင် ရေနစ်သူ အေးငြိမ်းမေကို အသက်ကယ်ခဲ့သူ ဖြစ်သည်။ ဒေါ်ခင်ဆင့်သည် မြွေကိုက်ပြီး သေဆုံးခဲ့သည်။ ၀တ္ထု၏ အခန်းတော်တော်များများတွင် ဒေါ်ခင်ဆင့်သည် ဇာတ်ပို့ဇာတ်ကောင်အဖြစ် ၀တ္ထုကို ရက်ဖောက်ပေးခဲ့သည်။ ယခု ဒေါ်ခင်ဆင့်၌ တဦးတည်း ကျန်ခဲ့သော အသက် (၁၂)အရွယ် တိုးတိုးကို အေးငြိမ်းမေသည် ရန်ကုန်လှည်းတန်း လမ်းမတွင် ကားဖြတ်ကူးရာမှ လဲကျသွားသော ကလေးတဦးအဖြစ် ပြန်လည်တွေ့ဆုံသည်။
ဤ၀တ္ထုတွင် အချို့အခန်းများသည် စာရေးဆရာ၏ လုပ်ကြံဖန်တီးမှုများ ဖြစ်နေသော်လည်း ထိုအဖြစ်အပျက်များကို ရေးသားရာ၌ ဂျူးသည် အလွန်ပါးနပ်သည်။ ဖြစ်နိုင်ဘွယ်အခြေများကို တင်ပြရေးဖွဲသည်။
ဤအခန်းသည် ၀တ္ထုဆန်သည်။ တိုးတိုးနှင့် အေးငြိမ်းမေ၏ သံယောဇဉ်ကို ဖွဲ့သည်။ တိုးတိုး နေမကောင်း၍ သူခိုလှုံရာ နေရာသို့ သွားရောက်ပြီး ဖျားနေသော တိုးတိုးကို ဆေးခန်းပြသည်။ ဆေးခန်းက တိုးတိုးကို ကလေးဆေးရုံသို့ တင်ခိုင်းသည်။ ဆေးရုံတင်သည်။ ဆေးကုသရာ၌ ဆေးဝါးစရိတ် လိုလာပြန်သည်။ သူ့တွင် ရှိသောငွေကို တိုးတိုးအတွက် ဆေးဝယ်ရန် သွားအယူ ငွေအားလုံးကို အခန်းဖော်က ယူပြီး ထွက်ပြေးသွားခဲ့သည်။ အေးငြိမ်းမေသည် ဓါတ်ပုံဆိုင်တဆိုင်တွင် လုပ်ရာ၌ ဆိုင်ရှင်၏ မောက်မာမှု၊ အနိုင်ကျင့်မှုကို အာခံပြီး ထွက်လာခဲ့ရာ လုပ်ခ နှစ်သောင်းကျော် ကျန်ခဲ့သည်။ နောက်ဆုံး အကြံမရဖြစ်ကာ ထိုငွေကို ပိုင်ရှင်မရှိခိုက် ငွေကိုင်ထံမှ မရအရ ယူပြီး ဆေးရုံသို့ ပြန်လာလျက် တိုးတိုးကို ဆေးကုသည်။ ဤအခန်း၌ ဂျူးပြသော အေးငြိမ်းမေသည် သူရဲကောင်း ဆန်နေသည်။ ရရာအလုပ်ကို လိုက်ရှာရင်း AIDS မိဘမဲ့ကလေးများ စောင့်ရှာက်ရေးလုပ်ငန်းများတွင် သန့်ရှင်းရေးဝန်ထမ်း ရာထူးကို ရသည်။ အင်္ဂလိပ်စာ အဓိကနှင့် ဘွဲ့ရထားသူတဦးကို သန့်ရှင်းရေးဝန်ထမ်း ခန့်အပ်ခြင်းကလည်း ပြောစရာဖြစ်သည်။ ထိုအလုပ်၌ လုပ်နေစဉ် မနွေးခင်အမှုနှင့် ပတ်သက်ပြီး သိကျွမ်းရင်းနှီးခဲ့ရသော မမမြတ်ကို ပြန်တွေ့သည်။ မမမြတ်ကို သူ့အကိုကြီး ထင်လင်း၏ ချစ်သူဟု ယူဆထားခဲ့ပါသော်လည်း ယခု သူရှိရာ ဂေဟာသို့ ရောက်လာသောအခါ အခြားတယောက်နှင့် ရင်းနှီးစွာ ဆက်ဆံနေကြောင်း မြင်တွေ့ရသည်။ အေးငြိမ်းမေသည် တိုးတိုးကို ဆေးကုပြီး မိဘမဲ့ဂေဟာ၌ ထားနိုင်ခဲ့သည်။ ဒေါ်လာနှစ်သိန်းကို အေးငြိမ်းမေ မည်သို့သုံးစွဲပါမည်နည်း။ ဂျူးက ကလေးမွေးပြီး ဆေးရုံတွင် ပစ်ထားခဲ့ခြင်း၊ ဆေးရုံရောက်နောက်ကျ၍၊ ဂရုမစိုက်နိုင်ကြ၍၊ မိခင်မဲ့ရခြင်းကို ပြသည်။ အနာဂတ်ကို တည်ဆောက်ကြမည့် ကလေးတွေ လေလွင့် ဆုံးပါးနေရခြင်းအပေါ် ခံစားနေရပုံပေါ်သည်။ ထို့ကြောင့်ပင် ထိုမေးခွန်း၏ အဖြေနှင့် ပတ်သက်၍ တိုးတိုးနှင့် ဆေးရုံပေါ်မှ ကလေးများကို စာဖတ်သူများ မြင်သာ ထင်သာ ရှိအောင် ရေးဖွဲ့ပြသည်။
နောက်ဆုံးမေးခွန်းက "ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ၊ ယုံကြည်မှုတည်ဆောက်ခြင်း ဆိုတာက ဘာလဲ" ဖြစ်သည်။ ဤမေးခွန်းသည် ခေတ်အမီဆုံး ဖြစ်သည်။ ဤအခန်းသည် ခေတ်အမီဆုံး ဖြစ်သည်။ ဤအခန်းသည် ၀တ္ထု၏ နိဂုံးဖြစ်သည်။ ဂျူးသည် ၀တ္ထုတွင် သူထုတ်ခဲ့သော အစ, များကို ပြန်လည်ချည်နှောင်သည်။ သူ့ ၀တ္ထုအနုပညာဖြင့် ၀တ္ထုကို လှလှပပ ဖွဲ့သီပြသည်။ ဤသို့ နိဂုံးပြုဖွဲ့သီခြင်းပင်လျှင် သူဖြေဆိုရမည့် အဖြေလည်း ဖြစ်သည်။ ထင်လင်းနှင့် မမမြတ်၊ သုတနှင့်အေးငြိမ်းမေ ချစ်သူစုံတွဲနှစ်တွဲ၏ အချစ်ခရီးတွင် ယုံကြည်မှုကို မတည်ဆောက်နိုင်ခဲ့ကြ။ မမမြတ်သည်လည်းကောင်း၊ သုတသည်လည်းကောင်း ထင်လင်းနှင့် အေးငြိမ်းမေတို့၏ အချစ်၊ သံယောဇဉ်အပေါ် မယုံကြည်ရဲကြ။ သံသယများဖြင့် စောင့်ကြည့် နေကြသည်။ ထင်လင်း ခြံတခြံထဲ ဓာတ်ပုံဝင်ရိုက်နေစဉ် သုတက ထင်လင်းကို ၀င်ထိုးသည်။ ပြီး လည်ပင်းကို ညှစ်သတ်နေစဉ် အေးငြိမ်းမေက ဆွဲဖယ်၍ မရသည့်အဆုံး အကိုကြီး ထင်လင်း သေမည်စိုး၍ သုတကို ဟန့်တားရာမှ သုတ ဒဏ်ရာပြင်းထန်စွာ ရသည်။ အမှုဖြစ်၊ တရားရုံးအရောက်တွင် သုတခေါင်းကို အုတ်ကျိုးဖြင့် ထုသူမှာ ထင်လင်းက သူမဟုတ်ဟု ဆိုသည်။ သုတကလည်း သူမမြင်၊ သူမသိဟု ဆိုသည်။ သုတရော၊ ထင်လင်းရော အေးငြိမ်းမေကို ဖော်ထုတ်မပြောခဲ့ကြ။ ဒါကိုသိသော မမမြတ်က အမှန်ကို မဖော်ထုတ်ဘဲ ဖုံးကွယ်ခြင်းကြောင့် ထင်လင်းကို မယုံကြည်ရသူဟု ယူဆပြီး လမ်းခွဲခဲ့သည်။
သူ့ နိဂုံးကလေးက လှသည်။ အင်တာဗျူးဖြေပြီး သူ၏ မူလအ၀တ်အစားကို လဲလှယ်ရန် အခန်းထဲသို့ ၀င်သွားရာ ထင်လင်းလက်ရေးဖြင့် ရေးပြီးထားခဲ့သော အထုပ်တထုပ်ကို တွေ့သည်။ အင်္ကျီတထည်၊ အင်္ကျီကြားမှ ထွက်ကျလာသော စာတစောင်၊ ဖတ်ကြည့်သောအခါ ဒေါ်မြတ်ကောင်း (မမမြတ်)ဆီ အေးငြိမ်းမေက ပေးခဲ့သောစာ၊ အဖြစ်မှန်ကို ရှင်းလင်းပြထားသောစာ၊ ပါးမှာ သွေးစွန်းနေခဲ့စဉ် ထိုပါးပြင်ကို ဆွဲယူနမ်းမိခဲ့သည့် အေးငြိမ်းမေ၊ ဒါကို အေးငြိမ်းမေက "မမမြတ်ယုံပါ၊ ကိုကြီးအပေါ် ညစ်ပတ်တဲ့အတွေးနဲ့ ဖက်နမ်းမိတာ မဟုတ်ဘူး၊ ကိုကြီရဲ့ သွေးပေကျံနေတဲ့ ပါးပြင်ကို ကျွန်တော့် ပါးပြင်နဲ့ ထိကပ်ချင်တယ်၊ ကိုကြီးခံစားရတဲ့ ဝေဒနာကို ကျွန်တော် မျှယူချင်တယ်။ ကိုကြီးအတွက် နွေးထွေးတဲ့ ကုသမှု ပေးချင်လို့။ ဒါပေမဲ့ ကိုကြီးကတော့ သူ့ကို ပါးချင်းကပ် နမ်းလိုက်တဲ့ ကျွန်တော့်ကို အလန့်တကြား လက်ပြန်ရိုက်ထည့်လိုက်တယ်။ သုတ ထိုးကြိတ်နေတုန်းက ပြန်ထိုးဖို့ သတိမရတဲ့ ကိုကြီးက ကျွန်တော့်ကိုတော့ လက်ပြန်ရိုက်တယ်"
ဂျူးသည် ထင်လင်း၏ စရိုက်၊ ထင်လင်း၏ သမာဓိကို ပုံဖော်ရာ၌ အလွန်သတိကြီးသည်၊ သူ့ဇာတ်ကောင် ထင်လင်း ၏ စာရိတ္တကို မှဲ့တပေါက်ပင် အစွန်းအထင်း မခံခဲ့ပါ။ ထင်လင်းသည် ဤ၀တ္ထု၌ လူငယ်များ အတုယူ အားကျဖွယ်ရာ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်သည်။
ဝတ္ထု၏ အဖွင့်သည် စကောလားရှစ်အတွက် အင်တာဗျူးဖြေရန်အလာတွင် အေးငြိမ်းမေ ကားမှောက်ခန်း ဖြစ်သည်။ ကားမှောက်သဖြင့် ဒဏ်ရာရ၊ အင်္ကျီ၊ ထမီတွင် သွေးကွက်တွေစွန်း၊ အင်တာဗျူးဝင်ရန် နောက်ကျ စသဖြင့် တသီတတန်းကြီး ပြဿနာ ပေါ်လာခဲ့သည်။ ထိုပြဿနာကို ဧည့်ကြို အမျိုးသမီးက သူ့အ၀တ်အစားကို ပေးပြီး လဲခိုင်းသည်။ ဆေးကုပေးသည်။ အနားယူ အိပ်ခိုင်းသည်။ ပြီးမှ အင်တာဗျူး ၀င်ဖြေရသည်။
ဂျူးသည် သတိရှိ၏။ အလှည့်ကျော်သွားသော အေးငြိမ်းမေကို နောက်ဆုံးမှ ၀င်ဖြေခိုင်းခဲ့သည်။ သို့မှသာ ၀တ္ထုတပုဒ်စာ ဖြေဆိုချက်များကို ဖြေဆိုရမည်။ အင်တာဗျူးဖြေပြီး ပြန်ထွက်လာသော အေးငြိမ်းမေသည် အ၀တ်ပြန်လဲပြီး ပြန်ထွက်အလာတွင် သူ့အတွက် ကုန်ကျစရိတ်ကို ထင်လင်းပေးခဲ့သည်ဟု သိရပြန်သည်။ ထင်လင်းသည် ဤဟိုတယ်သို့ မင်္ဂလာပွဲအတွက် ရက်လာယူသည်ဟု ဆိုသည်။ ဘယ်သူနှင့် လက်ထပ်ပါ မည်နည်း။ စာဖတ်သူ တွေးနေရစဉ် ဟိုတယ်မှ အထွက်တွင် အေးငြိမ်းမေ ခြေချော်ကျသည်။ လက်တွဲထူသူက သူ့ကျေးဇူးရှင် ကိုကြီးထင်လင်း၊ "လာလာ အတော်ပဲ၊ ဟိုရှေ့မှာ ညည်း မမရောက်လာပြီ"။ ကြည့်လိုက်တော့ မမမြတ် ရပ်နေသည်။
(၄)
ဂျူး၏ ၀တ္ထုသည် တကယ့်ဘ၀ထဲမှ အဖြစ်အပျက်များကို ရယူသည် ဆိုရသော်လည်းကောင်း၊ ထိုအဖြစ်အပျက်များကို ဂျူးသည် စိတ်ကူးဖြင့် အကွက်ဖော် တည်ဆောက်ထားသည်။ ဂျူးတွင် ၀တ္ထုအတတ်ပညာ ရှိသည်။ ထို့ကြောင့်လည်း တစစီ ပြန့်ကျဲနေသော အဖြစ်အပျက်များကို သူ့အတတ်ပညာဖြင့် ကျွမ်းကျင်လိမ္မာစွာ စုစည်းပြီး ၀တ္ထုကို လှလှပပ နိဂုံးချုပ်ထားသည်။
ဂျူး၏ "သူမင်းကို ဘယ်တော့မှ..." သည် တကြိမ်ဖတ်ပြီး နောက်တကြိမ်ပြန်ဖတ်ရမည့် ၀တ္ထုမျိုး ဖြစ်သည်။ ဂျူးသည် ခေတ်ကို သူ့ဝတ္ထုထဲ၌ သိုသိုသိပ်သိပ် ထည့်သွင်းဖော်ပြနိုင်ပါသည်။
ဤ၀တ္ထုသည် အေးငြိမ်းမေ၏ ဘ၀ဇာတ်ကြောင်းဟု ပြောနိုင်သော်လည်း ဂျူးစံပြု ရေးသားထားသော ဇာတ်ကောင်မှာ ထင်လင်းဖြစ်သည်။ စာဖတ်သူသည် ထင်လင်းကို အတုယူအားကျလာစေရန် ဂျူးက ကြိုးပမ်းသည်။ ဒါသည်ပင် ၀တ္ထု၏ ရည်ရွယ်ချက်ဖြစ်သည်။
ထင်လင်းသည် မိဘမဲ့။ မိဘမဲ့ဆိုသော်လည်း အရှုံးပေးသူမဟုတ်။ ဒဿနိက ဘွဲ့အပြင် စင်ကာပူမှ ပြည်သူ့ရေးရာ မူဝါဒနှင့် ဘွဲ့လွန် ယူထားသေးသည်။ ထင်လင်းအလုပ်က ကျေးလက်တောရွာမှ ကလေးများ ဥာဏ်ရည်ဖွံ့ဖြိုးဖို့၊ ဘ၀ရှင်သန်ဖို့အတွက် ဖြည့်ဆည်းပေးရန်ဖြစ်သည်။ သည်လိုလူတယောက်ကို အားကျလာ စေရန် ရေးဖွဲ့ရာ၌ ဂျူးသည် ထင်လင်းကို ၀တ္ထု၏ မျက်နှာစာမထား၊ အရေးကြီးသောအခန်းကို ရောက်မှ ထင်လင်းပေါ်လာသည်။ ဤ၀တ္ထုသည် အတတ်ပညာဖြင့် စနစ်တကျ အကွက်ကျ ရေးသားထားသော ၀တ္ထုတပုဒ် ဖြစ်သည်။
ဆိုရသော် "သူမင်းကို ဘယ်တော့မှ..." ၀တ္ထုတွင် ဂျူးသည် လူ့အဖွဲ့အစည်းတခု၏ အရိပ်မဲများကို စာဖတ်သူ ပြတ်ပြတ်ထင်ထင် သိမြင်လာစေရန် သူ့အနုပညာဖြင့် ရေးဖွဲ့ ပြနိုင်ခဲ့ပါ၏။ သည်မျှမက တခြားဝတ္ထုများထက် ထူးခြားနေသည်မှာထိုပြဿနာများမှ လွတ်မြောက်ရာ လမ်းကြောင်းကိုပါ သူ့ဝတ္ထုထဲ၌ ညွှန်ပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဖတ်စရာ ၀တ္ထုများရှာပါးချိန်တွင် သည်လို ၀တ္ထုမျိုး ထွက်လာသည်ကိုက ၀တ္ထုချစ်သူများအတွက် အားတက်စရာ ဖြစ်ပါ၏။
တင့်ခိုင်
[ချယ်ရီမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ် ၁၆၀၊ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလထုတ်မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။]
Typing Credit to www.Mayaronlinemagazine.blogspot.com

22 Jul 2012

ဆရာ နန္ဒသိန်းဇံ ပြောပြသော ပုံပြင်တစ်ပုဒ်




ဖလော်ဆော်ဖီဆရာကြီးတစ်ယောက်ကို ပုံခဏခဏလာပြောခိုင်းတဲ့ ကလေးလေးကို ပြောတဲ့ပုံလေးပါ။ရေကန်လေးတစ်ခုထဲမှာ ငါးလေးတွေရယ်၊ ပုစွန်လုံးတစ်ကောင်ရယ်၊ ဗျိုင်းတစ်ကောင်ရယ် ရှိသတဲ့။
နေအလွန်ပူတဲ့ နွေတစ်ခုမှာ ကန်ရေခမ်းတော့ ငါးလေးတွေ ကြောက်စိတ်ဝင်တာကို ဗျိုင်းက အခွင့်ကောင်း ယူပြီး ဟိုးဘက်နားမှာ ဘယ်တော့မှ ရေမခမ်းတဲ့ စမ်းချောင်းလေးရှိတယ်၊ ငါ့နှုတ်သီးနဲ့ ချီပြီး တစ်ကောင်ပြီး တစ်ကောင် ခေါ်သွားမယ်လို့  စည်းရုံးတယ်။

ငါးတွေက လက်ခံကြတယ်။ ငါးတစ်ကောင်စီ သစ်ပင်ပေါ်ချီသွားပြီး စားလိုက်၊ တစ်ကောင်ပြန်လာခေါ်လိုက်နဲ့  အပင်အောက်မှာ ငါးအရိုးတွေ ပွကြဲလို့ ပေါ့။

ဒါကို ပုစွန်လုံးက ကောင်းကောင်းရိပ်မိတယ်။ ဒီလိုနဲ့ ငါးတွေကုန်သွားတဲ့အခါ ပုစွန်လုံးရေ…မင်းဘဲကျန်တော့တယ်၊ ဟိုကောင်တွေတော့ စမ်းချောင်းလေးမှာ မြူးတူးပျော်ရွှင်နေကြပြီ ဆိုပြီး ပုစွန်လုံးကို လေပြေထိုးပါတော့တယ်။

ကျုပ်က ခန္ဓာကိုယ်ကြီးတော့ ခင်ဗျားနှုတ်သီးနဲ့ ဆန့် မှာ မဟုတ်ဘူး၊ ခင်ဗျားလည်ပင်းကို ကိုက်ပြီး လိုက်ခဲ့မယ် ဘယ်လိုလဲ သဘောတူလား…လို့ ဗျိုင်းကို ညှိတဲ့အခါ ဗျိုင်းက သဘောတူလိုက်တယ်။

ဒီတစ်ခါတော့ စမ်းချောင်းလေးနားအထိ ပုစွန်လုံးကိုခေါ်သွားပြီး ငါ့လည်ပင်းလည်း နာလာပြီ မင်းဆင်းတော့ လို့ ပြောလိုက်တယ်။
ဆင်းတာနဲ့ သူ အစားခံရတော့မှာ သိတဲ့ ပုစွန်လုံးက မဆင်းတော့ဘဲ ဗျိုင်းလည်ပင်းကို ညှပ်ပြီး ဖြတ်ချပစ်လိုက်တော့တယ်။

လည်ပင်းပြတ်ပြီး ဗျိုင်းလည်း သေပါရော။ ပုစွန်လုံးလည်း တလှုပ်လှုပ်နဲ့ စမ်းချောင်းလေးထဲ ဆင်းသွားပါတော့တယ်။

ဒီပုံပြင်လေးကို ပြောပြီး ဖလော်ဆော်ဖာကြီးက ကလေးလေးကို မေးခွန်းထုတ်တယ်။

သူများပြောတိုင်း ယုံတဲ့ ငတုံးငအ ငါးတွေဘ၀မျိုး ကြိုက်လား….

တပါးသူဒုက္ခရောက်တာကို အခွင့်အရေးယူ၊ လိမ်ညာကိုယ်ကျိုးရှာတဲ့ ဗျိုင်းလို လုပ်မှာလား….

အင်မတန် ဂျင်ခြေလည်ပြီး သတ်ရဲဖြတ်ရဲတဲ့ ပုစွန်လုံးကို အတုယူမှာလား….တဲ့။

ကလေးလေးက ဟောဒီလို ပြန်ဖြေတယ်။ ဆရာကြီး မတရားဘူး။ ဒါတွေအားလုံးဟာ ရေခမ်းလို့ ဖြစ်တာ…. ကန်ရေ ဘာ့ကြောင့် ခမ်းတာလဲ….

14 Jul 2012

ဆရာကြီး ဒေါက်တာသော်ကောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း


မေး- ဆရာတို့ခေတ်ရဲ့ တက္ကသိုလ် ပညာရေးစနစ်ကို သိပါရစေခင်ဗျာ။
ဖြေ- ဆရာက ၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ စတင်ပညာသင်ကြားခဲ့ပါတယ်။ ဆရာတို့ခေတ်တုန်းက ရိုးရိုး ဘီအေတန်းအတွက် ပညာသင်နှစ် ၄ နှစ်၊ ဂုဏ်ထူးတန်းတက်ရင် ၅ နှစ်ပါ။ ဆရာက အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ခဲ့လို့ ၁၉၅၄ ကနေ ၁၉၅၉ ထိ၊ ရန်ကုန်တက္ကသိုလ်မှာ ၅ နှစ် သင်ကြားခဲ့ရပါတယ်။
အခုလက်ရှိ ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ပညာရေး အခြေအနေက ဆရာတို့ခေတ်နဲ့ သာမန်နှိုင်းယှဉ်ရင်တောင် တော်တော် ကွာခြားသွားပါပြီ။
ဆရာသင်ယူခဲ့တဲ့၊ သိတဲ့ ပညာရပ် တစ်ခုတည်းကို နမူနာအဖြစ် ပြောပြမယ်။ အင်္ဂလိပ်စာပေ ဆိုပါတော့၊ အဲဒီအချိန်တုန်းက ဗြိတိသျှ ကောင်ဆယ်လ် (BC) က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ ကူညီ သင်ကြားပေးဖို့ တစ်နှစ်ကို ၀ါရင့်အင်္ဂလိပ်ဆရာ နှစ်ယောက် ပေးတယ်။ သံရုံးမှာ မဟုတ်ဘဲ သီးသန့် အဆောက်အအုံမှာလည်း ဗြိတိသျှကောင်ဆယ်လ်စာကြည့်တိုက် ပန်းဆိုးတန်းမှာ ရှိတယ်။ ဆရာတို့ အသုံးများခဲ့ပါတယ်။
BC က ပေးတဲ့ ဆရာနှစ်ယောက်က ရန်ကုန်တက္ကသိုလ်ရဲ့အင်္ဂလိပ်စာဌာနမှာ တွဲဖက် စာသင်ပေးတယ်။ အဲဒီတုန်းက အင်္ဂလိပ်စာဌာန ပါမောက္ခက ဆရာကြီးဦးမျိုးမင်းပါ (နွယ်စိုး ကလောင်နဲ့ စာရေးတယ်)။ BC က လာတဲ့ ဆရာတွေက ဧည့်ပါမောက္ခတွေအနေနဲ့ သင်ကြားရေးမှာ ထိထိရောက်ရောက် ကူညီ သင်ကြားပေး တယ်။ ဒါပေမဲ့ အုပ်ချုပ်မှုအပိုင်းမှာ သူတို့ ဘာမှ ၀င်မစွက်ဘူး။အင်္ဂလိပ်တွေကိုယ်တိုင် လာသင်တဲ့အတွက် ဆရာအပါအ၀င် အင်္ဂလိပ်စာသင် ကျောင်းသားကျောင်းသူတွေရတဲ့ အကျိုးကျေးဇူးတွေက အင်္ဂလိပ်စာကို စနစ်တကျ တတ်တယ်။ စာပေဗဟုသုတတွေ အများကြီးရတယ်။ ကိုယ့်ဘာသာ အများကြီး ဖတ်ပြီးမှ ရမယ့် အကြောင်းအရာတွေကို နာရီပိုင်းအတွင်းရတယ်။ နောက် သူတို့ရဲ့ အသံထွက် လေယူလေသိမ်းတွေကို နားရည်ဝသွားတယ်။
ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာနဲ့ ဘွဲရသူတွေကို အဲဒီအချိန်က နိုင်ငံတကာက အသိအမှတ်ပြုရတယ်။
ဒီနမူနာလိုပဲ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ထဲမှာသင်နေတဲ့ ပညာရပ် အတော်များများမှာ အဲဒီလို နိုင်ငံခြားသားတွေ ရှိကြပါတယ်။ ဗမာဆရာတွေနဲ့ အိန္ဒိယဆရာများလည်းတွဲပြီး သင်ပေးပါတယ်။ အခု တက္ကသိုလ်တွေက အဓိကဘာသာရပ်သင် တက္ကသိုလ်အဆင့် ဖြစ်သွားတယ်။ ဆရာတို့ ခေတ်တုန်းက ရန်ကုန်တက္ကသိုလ်က မဟာဌာနကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီး တစ်ခု ဖြစ်တယ်။ Faculty system (မဟာဌာနများ) လို့ ခေါ်တယ်။
ရန်ကုန်တက္ကသိုလ်အောက်မှာ ယခုခေတ်လို အဓိကဘာသာ(ရိုးရိုးမေဂျာ)တွေသာမက ဆေး၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး၊ စီးပွားရေး စတဲ့ ပညာရပ်တွေ အားလုံးရှိတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ တရုတ်ပြည်မှာ အခုထိ အဲဒီလို တက္ကသိုလ်ကြီးတွေ ရှိပါတယ်။
ဆေးပညာအတွက်ဆိုရင် အင်္ဂလန်က တော်ဝင်ဆေးပညာအဖွဲ့တွေ ရှိတယ်။ ခွဲစိတ်ပညာ ပါရဂူတွေ ဆေး ပညာပါရဂူတွေ ရှိတယ်။ ပြီးတော့ ဆေးကောင်စီကြီးတွေ ရှိတယ်။ (Royal College of Physicians, Surgeons, etc.) အဲဒီယူကေကဆေးကောင်စီတွေက သူတို့ အသိအမှတ်ပြုထားတဲ့ တက္ကသိုလ်တွေကို အဖွဲ့လိုက် စစ်ဆေးပြီး အကဲဖြတ်အဆင့် သတ်မှတ်ပေးပါတယ်။ ရန်ကုန်တက္ကသိုလ်က ဆေးပညာမှာလည်း အမှတ် ကောင်းကောင်း အမြဲရခဲ့တယ်။ စစ်ကြိုခေတ်က ရန်ကုန်တက္ကသိုလ် အဆင့်အတန်းက ဆရာတို့ တက်တဲ့ခေတ်ထက်တောင် ပိုကောင်းပါသေးတယ်။
စစ်ကြိုခေတ်တုန်းက အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်အဖြစ် ရန်ကုန်တက္ကသိုလ်ကို အသိအမှတ်ပြုခဲ့တယ်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကိုလည်း အရှေ့တောင်အာရှမှာ အကောင်းဆုံးနဲ့ ခေတ်အမှီဆုံး စာကြည့်တိုက်၊ စာအုပ်စာတမ်းနဲ့ မှတ်တမ်းမှတ်ရာ အစုံအလင်ဆုံး စာကြည့်တိုက်အဖြစ် သတ်မှတ်ခံခဲ့ရတယ်။
ဒီတုန်းက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ  တရုတ်နဲ့ မြန်မာ ဆက်နွှယ်နေတဲ့ သမိုင်းနဲ့ပတ်သက်တဲ့ တရုတ်မှတ်တမ်းတွေ တော်တော်စုံတယ်။ အင်္ဂလိပ်စာအုပ်တွေလည်း အစုံအလင်ရှိတယ်။ စင်ကာပူမြို့၊ ထိုင်း၊ မလေးရှား၊ နိုင်ငံတွေမှာ ရန်ကုန်တက္ကသိုလ်လောက် ကောင်းတဲ့ တက္ကသိုလ် မရှိဘူး။ အဲဒီနိုင်ငံက လူတွေ ရန်ကုန်တက္ကသိုလ်မှာ လာပညာသင်ကြတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က မလေးက လာတဲ့ ပရှူးတရုတ်ကပြား အဖိုးကြီးတစ်ယောက်ကို ဆရာတို့ သွားမေးဖူးတယ်။ အသက် ၉၅ နှစ်လောက်ရှိတဲ့ မစ္စတာ ဘိုအီ (Boey) လို့ ခေါ်တယ်။ အဲဒီ အဖိုးကြီးက ပြောပြတယ်။ သူတို့ သူငယ်ချင်းသုံးယောက်မလေးက လာပြီး ရန်ကုန်တက္ကသိုလ်မှာ တက်ကြ တယ်။ ရန်ကုန်တက္ကသိုလ် BOC ကောလိပ်က အောင်တော့ အလုပ်ကောင်းကောင်းရတယ်။ သူတို့နိုင်ငံ မပြန်ကြတော့ဘူး။ သူက ပီရတ်၊ ပီနန်ဇာတိဖြစ်ပြီး မလေးက ချမ်းသာတဲ့သူတွေက သားသမီးတွေကို တက္ကသိုလ်ပညာသင်ဖို့ လွှတ်တာ ပထမအဆင့် ငွေကြေးတတ်နိုင်သူတွေက အင်္ဂလန်၊ ဒုတိယအဆင့် ရန်ကုန်တက္ကသိုလ်တဲ့။
အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ထွက်တွေထဲက ကမ္ဘာကျော်ပညာတတ်တွေ ဖြစ်သွားတာ အများကြီး ပဲ။ ဒေါက်တာလှမြင့် (စီးပွားရေးပညာရှင်)၊ ဦးဖေမောင်တင် တို့လို ဆရာတို့ခေတ်ထိ နာမည်ကြီး ပညာရှင်တွေရှိပါသေးတယ်။ဥပမာ၊ဆရာဦးသိန်းဟန်(ဇော်ဂျီ)၊ဦးဝန် (မင်းသုဝဏ်)၊ ဒေါက်တာဒေါ်သင်းကြည် (ပထ၀ီ)၊ဒေါက်တာထင်အောင်(ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်)၊ ဒေါက်တာသာလှ၊ ဒေါက်တာသာလှ၊ ဒေါက်
တာမောင်မောင်ခ စတဲ့ ပညာရပ်ပေါင်းစုံမှာ ထူးချွန်တဲ့သူတွေ ရှိခဲ့ပါတယ်။
ဒေါက်တာထင်အောင်ဆိုရင် စွယ်စုံပညာရှင်ပါပဲ။ ပညာရပ်ပေါင်းစုံလည်း တတ်တယ်။ နိုင်ငံခြားက ပါရဂူဘွဲ့ သုံးလေးခုလောက် ရထားပါတယ်။ နိုင်ငံခြားသားတွေနဲ့လည်း ရင်ဘောင်တန်း ပြောဆိုနိုင်တယ်။ ကမ္ဘာ့စာပေမှာ ၀င်ဆန့်နိုင်တဲ့ စာအုပ်စာတမ်းတွေ ရေးတယ်။ ရန်ကုန်တက္ကသိုလ်က အောင်လာသူ ဆရာတို့အရွယ်တွေဟာ နိုင်ငံခြားမှာ အခက်ခဲမရှိ ဆက်ပညာသင်နိုင်ခဲ့ကြတယ်။
မေး- ဒီနေ့ခေတ် တက္ကသိုလ်တွေအပေါ် ဆရာ့အမြင်လေး သိပါရစေ။
ဖြေ- အားလုံးသိတဲ့အတိုင်းပါပဲ။ ၁၉၆၂ နောက်ပိုင်းကစပြီး တက္ကသိုလ်ပညာရေးက တဖြည်းဖြည်း ကျဆင်းလာတယ်။ နောက်ပိုင်း အကြောင်းမျိုးစုံကြောင့် ပိုပြီးကျလာတယ်။ လက်ရှိ ပညာရေးအခြေအနေက အတော်ကျနေတဲ့ အခြေအနေပါ။ အခု ပြန်ပြုပြင်ဖို့ စနေပြီ။ ဒါပေမဲ့ တော်တော်လုပ်ယူရဦးမယ်။ ပညာရေးဆိုတာ ချက်ချင်းပြောင်းဆိုပြီး ပါးစပ်နဲ့ ပြောင်းလို့ရတဲ့အရာမဟုတ်ဘူး။ ဉာဏ်အရာ ဖြစ်တယ်။ အဖက်ဖက်က အားထုတ်ရမယ်။ အဆင့်ဆင့်က အားပေးရမယ်။
တက္ကသိုလ်ပညာရေးဆိုတာ ဉာဏ်ပညာအရာ။ ဉာဏ်ပညာအရာနဲ့ ပတ်သက်တဲ့နေရာဟာ လွတ်လပ်မှု ရှိရမယ်။
အခုတက္ကသိုလ်ဝင်းတွေက ၀င်ပေါက်တစ်ခုပဲ ထားတယ်။ ပုဂံလမ်းမှာ ဆရာမိသားစု ၂၈ နှစ် နေ သွားပါတယ်။ အခုထိ တံခါးပိတ်ထားတယ်၊ မဖွင့်သေးဘူး။ တက္ကသိုလ်နဲ့မှ မတူတာ။ နိုင်ငံခြားမှာ တက္ကသိုလ်ဝင်းတွေက မြို့နဲ့တစ်ဆက်တည်းရှိတဲ့နေရာ အများကြီး ရှိတယ်။ လန်ဒန်တက္ကသိုလ်ဆိုရင် ၀င်းထဲရောက်သွား မှန်းတောင် မသိရဘူး။
နောက်ပြီး နိုင်ငံခြားဧည့်သည်ကိစ္စ။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ရန်ကုန်တက္ကသိုလ်အပါအ၀င်  တက္ကသိုလ်ဝင်းထဲကို နိုင်ငံခြားသား လာလည်ခွင့် သိပ်ကျပ်တယ်။ ဆရာ့အတွေ့အကြုံပြောရရင် ဆရာက နိုင်ငံခြားသားပညာရှင် မိတ်ဆွေများတယ်။ ခင်မင်လို့ ပညာဖလှယ်ဖို့ လာကြတာ။ တခြား ဘာကိစ္စမှ မပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသားတွေနဲ့ ပေါင်းရင် မသင်္ကာဘူး။ နောက်ပိုင်း ဆရာ့ကို တွေ့ချင်တဲ့နိုင်ငံခြားသားတွေက ကြိုတင် ခွင့်ပြုချက် ရယူရတယ်။
ဆရာ နိုင်ငံခြားသွားတဲ့အခါကျတော့ နိုင်ငံခြားတက္ကသိုလ်တွေက ဘာမှ စစ်ဆေးမေးမြန်းခြင်းမရှိ  ၀မ်းသာအားရ ဧည့်ပါမောက္ခအဖြစ် ကြိုဆိုကြတယ်၊ ဟောပြောကြတယ်၊ ပညာရပ်တွေ ဆွေးနွေး ကြတယ်။ နေ့လည်စာအတူတူ စားကြတယ်။ လေဆိပ်မှာ လာကြိုကြ၊ ပြန်ပို့ကြတယ်။ ပညာကို လွတ်လွတ်လပ်လပ် ဖလှယ်ခွင့်၊ ဆွေးနွေးခွင့် ရကြတယ်။
ဒီတော့ ဆရာတို့ဆီက ပိတ်ပင်တားဆီးမှုတွေက ဘယ်လောက်တောင် ပညာရေးတိုးတက်မှုအတွက် အဟန့်အတားဖြစ်မယ်ဆိုတာ သိသာပါတယ်။ လူလူချင်း တန်းတူရည်တူ မဆက်ဆံရဲဘဲ သိမ်ငယ်စိတ်ဝင်နေတဲ့ လူမျိုးဖြစ်သွားတယ်။ အခုတော့ ပြောင်းနေပါပြီ။ လာလိုက်တဲ့ နိုင်ငံခြား ဧည့်သည်တွေလည်း မနည်းဘူး။
မေး- မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ဖို့အတွက် ဘာတွေလိုအပ်မလဲ ဆရာ။
ဖြေ- ပညာဆိုတာ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်ရှိပြီး၊ ပြည်ပမှာလည်း လွတ်လွတ်လပ်လပ်ရှိတဲ့ ပညာရှင်တွေနဲ့ ဆက်သွယ်နိုင်မှ တိုးတက်မယ်။ ဆရာတို့က ပြည်ပမှာ လွတ်လပ်မှု အပြည့်အ၀နဲ့ ပညာရပ်ဆိုင်ရာ ရေးသားပြောဆို သုတေသနပြုချက်တွေကို လုပ်နိုင်သလို ပြည်တွင်းမှာလည်း လွတ်လွတ်လပ်လပ် အပြည့်အ၀နဲ့ ဆက်သွယ်အသုံးပြုသင့်တယ်။ အခုတော့ ပြန်ပြင်ဖို့ စနေပါပြီ။ ဒါပေမဲ့ အမျိုးသားပညာရေးက ရုပ်ပိုင်းရော စိတ်ပိုင်းပါ အများကြီး ဆုံးရှုံးခဲ့တာ သတိချပ်ကြရမယ်။
ဥပမာ၊ ထိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတစ်ခုခုဖြစ်ရင် သူတို့ဆီက တက္ကသိုလ်ပါမောက္ခတွေက ၀င်ပြောတာပဲ။ ဒီမှာလည်း ပါမောက္ခတွေက နိုင်ငံတိုးတက်ဖို့ ကိစ္စအ၀၀မှာ ပါဝင်အကြံပြုခွင့် ရသင့်တယ်။ အောက်မှ အထက်သို့ အကြံပြုနိုင်ခွင့်၊ အထက်မှလည်း အောက်ကတင်ပြတာ နားထောင်ဖို့ အစီအစဉ်များ လုပ်ထားသင့်ပါတယ်။
တစ်ချိန်က ရန်ကုန်တက္ကသိုလ်ဟာ သင်ကြားမှာရော၊ သုတေသနမှာပါ ထိပ်တန်းအဆင့် ရှိခဲ့တယ်။ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေက ပညာရပ်ပေါင်းစုံ တိုးတက်အောင် ဆောက်ရွက်ခွင့်ရခဲ့ပါတယ်။ စာအုပ်စာတမ်းစုံလင်တဲ့ စာကြည့်တိုက်လည်း ရှိခဲ့တယ်။ ၁၉၆၂ နောက်ပိုင်း မှာတော့ နိုင်ငံခြား ထုတ်ပညာရပ် စာအုပ်တွေကို ကုန်သွယ်ရေး-၉ ကတစ်ဆင့် မှာလို့ရသေးတယ်။ ၁၉၇၉ နောက်ပိုင်း မှာတော့ နိုင်ငံခြားငွေ (FE) မရှိလို့ မှာလို့ မရတော့ဘူး။
ရန်ကုန်တက္ကသိုလ်မှာ ၁၉၇၁ခုနှစ်က စဖွင့်ခဲ့တဲ့ စာကြည့်တိုက်ပညာဌာနမှာ လာရောက်ပို့ချကြတဲ့ ဆရာ/ဆရာမအားလုံး နိုင်ငံခြားက စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလိုမာရသူတွေ၊ မဟာဝိဇ္ဇာဘွဲ့ရသူတွေ ချည်းပဲ။ အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျ စတဲ့နိုင်ငံတွေက ဘွဲ့လွန် ရထားသူတွေက ပြန်သင်ပေးခဲ့တာ။
ဒီလို နိုင်ငံခြားပြန်ပညာရှင်တွေက စာကြည့်တိုက်ပညာရပ်မှာသာမကဘူး ပညာရပ်တိုင်းမှာ ရှိတယ်။ ဒီလိုဖြစ်တာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမြော်အမြင်ကြီးမှုကြောင့်လည်း ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီး တစ်နှစ်လောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရပြီးရင် မြန်မာနိုင်ငံ ကထွက်သွားမယ့် နိုင်ငံခြားသားပညာရှင်တွေ နေရာမှာ မြန်မာပညာရှင်တွေနဲ့ အစားထိုးရမယ် ဆိုတာ သိတယ်။ မြန်မာပညာတတ်တွေ မွေးထုတ်ဖို့ စီစဉ်တယ်။
လွတ်လပ်ရေးမရခင်ကတည်းက မြန်မာပညာတော်သင်တွေကို အင်္ဂလန်ကို လွှတ်တယ်။ ဆရာ့အဖေ ဦးကောင်းက အဲဒီတုန်းက လက်ထောက် ပညာမင်းကြီးပါ။ အဖေ့ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြားဖြတ် အစိုးအရက တာဝန်ပေးတယ်။ အဖေ့ကို အကြီးတန်း ပညာရေး အရာရှိအဖြစ် အင်္ဂလန်မှာ ၁၉၄၇ ခုနှစ် ဦးပိုင်းမှစသွားနေရပြီး မြန်မာပညာတော်သင်တွေရဲ့ ကိစ္စအ၀၀ကို ဆောင်ရွက်ရတယ်။ ပညာတော်သင်တွေ ကလည်း ပညာသင်ပြီးရင် ကိုယ့်တိုင်းပြည် ပြန်လာကြတယ်။
ဆရာ့အဖေ ဒီတာဝန်ယူရတဲ့ အချိန်တုန်းက အင်္ဂလန်မှာ မြန်မာသံရုံးတောင် မရှိသေးလို့ သံရုံးဖွင့်ဖို့ တာဝန်လည်း အဖေက ယူရတယ်။ ငွေစက္ကူထုတ်တဲ့တာဝန်လည်း ပေးလို့ မောင်ကောင်း ဆိုပြီး ပထမဆုံး ငွေစက္ကူတွေမှာ အာမခံအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ၁၉၅၀ ပြည့်နှစ်ကုန်မှ ပြန်လာရတယ်။
၁၉၄၇ ခုနှစ်က တိုင်းပြည်က လွတ်လပ်ရေး မရသေးဘူး။ ရတော့မယ်ဆိုတာတော့ သိနေပြီ။ ဗိုလ်ချုပ်က အင်္ဂလိပ်ဟာ ငါတို့ကို ကျွန်ပြုခဲ့တဲ့ ရန်သူဆိုတာလောက်သာ နှလုံးပိုက်တတ်တဲ့ အမြင်ကျဉ်းမြောင်းသူဆိုရင်၊ ၁၉၄၈ နောက်ပိုင်း ပညာတတ်တွေ မြန်မာပြည်မှာ အတော်နည်းသွားမယ်။ ဗိုလ်ချုပ်က အမြင်ကျယ်တယ်။ ရှေးတုန်းက ရန်သူဆီက ပညာကို ယူရမှာကတစ်ပိုင်း ပိုင်းခြားတတ်တယ်။ ဆရာတို့ကျောင်းသားဖြစ်ခဲ့တဲ့ ၁၉၅၄-၁၉၅၉ ၀န်းကျင်အထိ ရန်ကုန်တက္ကသိုလ် လူရာဝင်ခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်း ကျေးဇူးတွေ အများကြီးပါတယ်။
ဆေးပညာလောက၊ အင်ဂျင်နီယာလောကမှာလည်း မြန်မာပညာတတ်တွေနဲ့ အစားထိုးပြီး ဆက်လည် ပတ်နိုင်ခဲ့တယ်။ ရောင်စုံသောင်းကျန်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်တာက တစ်ပိုင်း၊ ပြည်တွင်းမှာ ကိုယ့် ဆရာဝန် နဲ့ကိုယ် ဆေးကုရဲကြတယ်။ ကိုယ့်အင်ဂျင်နီယာကို ကိုယ်ယုံကြည်လို့ရတယ်။
ဦးနု အစိုးရလက်ထက်မှာ မဆောက်သင့်တဲ့ အဆောက်အအုံကို ဆောက်မယ်ဆိုရင် အင်ဂျင်နီယာတွေ က ထောက်ပြပြီး မဆောက်ဘူး။ ပညာပိုင်းအရ သစ္စာရှိကြတယ်။ ငွေရပြီးရော မလုပ်ဘူး။ ဒါ တိုင်းပြည်နဲ့ လူမျိုးအတွက် သိပ်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ငွေကို မကြည့်ဘဲ မိမိပညာကို မိမိ သစ္စာစောင့်သိ ခဲ့ကြတယ်။
အခု တက္ကသိုလ်ပညာရေး အဆင့် ပြန်မြှင့်တင်ဖို့လုပ်တာ  ၁၉၆၀ ၀န်းကျင်က တက္ကသိုလ် အခြေအနေ ပြန်ရောက်ရင်တောင် ပထမ အဆင့်အနေနဲ့ ကျေနပ်စရာပါပဲ။ ပြီးမှ အခု တိုးတက်နေတဲ့ ပညာရပ်အလိုက်အဆင့်များ၊သင်ကြားရေး၊သုတေသနလုပ်ငန်းများ၊ကျောင်းသားအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ သုတေသန အသင်းကဲ့သို့ ရန်ကုန်တက္ကသိုလ်မှာ အဓိက အခြေစိုက်ခဲ့တဲ့ အသင်းမျိုး ပြန်ထောင်ခွင့်ရရင် များစွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါမယ်။
တိုင်းပြည်နဲ့ လူမျိုးအတွက်လည်း အများကြီး အကျိုးဖြစ်ထွန်းမယ်လို့ ယူဆရပါတယ်။
(ဆက်ရန်)
ဂျီအောင် Print Friendly and PDF
http://floating2012.blogspot.com/2012/07/blog-post_684.html  မှ ကူးယူဖေါ်ပြပါသည်။

9 Jul 2012

  သီဟနာဒ နှင့်ကမ္ဘာကျော် အင်တာဗျူးဝါးစ်

ကမ္ဘာကျော်တွေ အင်တာဗျူးတဲ့ ဗုဒ္ဓ


၁။ နယူတန် နဲ့ ဗုဒ္ဓ
နယူတန်။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တော့ ကမ္ဘာမြေရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပြီ ဗျ။
ဗုဒ္ဓ ။ ။ ကောင်းလိုက်တာ ဒကာကြီးရာ။ ဗုဒ္ဓလည်း အပါယ်လေးပါးရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပါတယ်ဗျ။ သတ္တဝါတွေသေရင် အပါယ်ရောက်ကြတာ များသဗျ။

၂။ ဝန်းကျင်ထိမ်းသိမ်ရေး သမားနဲ့ ဗုဒ္ဓ
ဝန်းကျင်ထိမ်းသိမ်ရေး သမား။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တို့ ကမ္ဘာကြီးက ပူနွေးသထက် ပူနွေးလာနေတယ် ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးတို့က ခုမှ ပူနွေးနေ၊ ကျုပ်ကဖြင့် အာဒိတ္တပရိတ္တ ပရိယာယ သုတ်ထဲမှာ "The whole world is burning" လို့ သတိပေးခဲ့တာ ကြာပေါ့။ ရဟန်းတွေကို သစ်ပင် ခုတ်ခွင့်ကို မပြုခဲ့ဘူး ဗျ။

၃။ ဘီးလ်ဂိတ် နဲ့ ဗုဒ္ဓ
ဘီးလ်ဂိတ်။ ။ ဗုဒ္ဓ ရေ ကျုပ်တော့ အပျော့စွမ်းအင်ကို တွေ့မိတယ်ဗျ၊ ဒါကို မိုက်ကရို ဆော့ဖ် လို့ အမည်ပေးမလို့ ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးက ဒါကို မိုက်ကရို ဆော့ဖ် လို့ ခေါ်သလား။ ကျုပ်ကတော့ ဒါကို အာရှဘာသာနဲ့ အဘိဓမ္မာထဲမှာ သုခုမ ရုပ် လို့ ခေါ်ထားတယ် ဗျ။

၎။ ရေသံသရာ နဲ့ ဗုဒ္ဓ
ရေသံသရာ ။ ။ဗုဒ္ဓ ရေ ၊ ရေဟာ အသွင်ကွဲသွားပေမယ့် အိတ်ခ်ျတူးအို ဓာတ်က မပျက်တော့ အကြောင်း ညီညွတ်တိုင်း ရေဘဲ ပြန်ပြန် ဖြစ်တယ် ဆိုတာ တွေ့ရသဗျာ။
ဗုဒ္ဓ ။ ။ဒကာကြီးကလည်း၊ ရေမှ သံသရာလည်တာ မဟုတ်ပါဘူးဗျာ။ လူလည်း သံသရာလည်တာ ပါဘဲ။ ကျုပ်ပြောထားတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလုံက လူသံသရာ ဖော်မြူလာ လေဗျာ။

၅။ ဖလော်ဆော်ဖာ နဲ့ ဗုဒ္ဓ
ဖလော်ဆော်ဖာ။ ။ကြည့်လိုက်စမ်းပါ ဗုဒ္ဓရာ။ တံတားအောက်က ရေတွေ စီးဆင်းသွားနေလိုက်တာ။
ဗုဒ္ဓ ။ ။ရေမှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး၊ ဒကာကြီးလည်း စီးဆင်း နေတာပဲလေ။

၆။ ရီဆိုက်ကယ်လစ်တ် နဲ့ ဗုဒ္ဓ
ရီဆိုက်ကယ်လစ်တ်။ ။ကမ္ဘာကြီးကို ကာကွယ်ဖို့ စွန့်ပစ် ပစ္စည်း နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြရမယ် ဗုဒ္ဓ ရေ။
ဗုဒ္ဓ ။ ။ ဒီ ကိစ္စကိုတော့ အနန္ဒာနဲ့သာ ဆွေးနွေးတော့ ဗျို့။သင်္ကန်းကနေ အိပ်ယာခင်း၊စောင် ။ အိပ်ယာခင်း၊စောင် ကနေ ကြမ်းတိုက် အဝတ်၊ တစ်ချို့ကို လက်သုတ် ခြေသုတ်။နောက်ဆုံး မြေဩဇာ ဖြစ်အောင် သုံးပြလိမ့်မယ်။ အာနန္ဒာကတော့ သုံးတတ်ရင် သုံးမရတာ ဘာမှ မရှိဘူး လို့ ဆိုလေရဲ့။ ဥတေန မင်း လက်မြှောက်သွား သတဲ့ ဒကာကြီး ရေ။


သီဟနာဒ

(အတွေးဆန်းတွေ ကွန်မြူးတဲ့ ဆရာကို ဂါရ၀ပြုပါတယ်..ကျန်းမာ ပျော်ရွန်စွာဖြင့် ခပ်စိတ်စိတ် ကွန့်မြူးနိုင်ပါစေ)


5 Jul 2012

မာစီကေလင်း (Mercy killing) ဟုလည်းကောင်း၊ ယူသနေရှား (Euthanasia) ဟုလည်းကောင်း၊ ထိုမှတဆင့် လစ်ဗင်း ဝေ(လ်) (Living will) ဟုလည်းကောင်း လူတစ်ယောက်၊ သတ္တဝါတစ်ကောင်၏ နောက်ဆုံးအချိန်နှင့်ပတ်သက်၍ ပြောကြဆိုကြသော စကားလုံးများ တော်တော်တွေ့ရ၏။ တစ်ချို့က တစ်ခမ်းတနား စာပေတစ်ဖွဲ့ရေးကြ၏။

လက်တွေ့သဘောအရမူ အလွန်ဆုံးဖြတ်ရခက်သော ကိစ္စများဖြစ်ကြ၏။ အထူးသဖြင့် ပြန်လည်ကောင်းမွန်လာရန် လုံးဝအခွင့်အလမ်းမရှိသော လူမမာသည် ကျေးဇူရှင်တစ်ယောက်ဖြစ်ခဲ့သော် ပို၍ခက်ခဲ၏။ ပြန်လည်ကျန်းမာရန် အခွင့်မရှိတော့သော မိခင်(သို့) ဖခင်ကို ဆေးရုံတင်ကြ၏။ ဆေးကုကြ၏။ အသက်ကယ်ဆေး၊ အသက်ကယ်ကိရိယာတို့ဖြင့် အသက်ကိုဆွဲဆန့်၊ ဒုက္ခကို ဆွဲဆန့်ကြ၏။ လိုက်(ဖ်) ပရိုလောင်း လုပ်ကြရ၏။ ငွေကုန်ကြေးကျကား များလွန်း၏။ စုဆောင်းထားသောငွေများ( လူလတ်တန်းစားများကို ဆိုလို) ကုန်သောအခါ ထိုလူမမာလည်း ဘဝဆုံးလေတော့၏။


ထိုကိစ္စများ ကြိမ်ဖန်များစွာ ကြုံလာရသောအခါ အထက်ပါ မာစီကစ်လင်း(န်)နှင့် ယူသနေရှား တို့လည်း ပေါ်ပြူလာဖြစ်လာရတော့သည်။


ဆေးရုံတက်မှု၊ ဆေးကုသမှုစရိတ်ကြီးလွန်းသော စင်္ကာပူ၌ ဤကိစ္စမျိုး မကြာမကြာ တွေ့ရ၏။ သားသမီးများအတွက် အလွန်ကုသိုလ်ရသောကိစ္စဟု ထင်သည်။ ငွေလည်း အလွန်ကုန်၏။ ထိုလူနာသည် တစ်လကိုးသတင်း အသက်ရှင်နေသော် ရှိစုမဲ့စု ကုန်လေတော့၏။ သို့သော် တသက်မှာတစ်ခါ အစွမ်းကုန်ပြုစုခွင့်တော့ ရ၏။ ထိုလူနာ ဆုံးပါးသွားသည့်တိုင် နောင်တရစရာမရှိတော့။ ဘဝလုံ၏။


လူမျိုးခြားကြား၌ နေရသော ရဟန်းတစ်ပါးအနေနှင့် အတန်ကြာမှ သဘောပေါက်သောကိစ္စတစ်ခုရှိသည်။


လူနာအတွက် ရဟန်းတစ်ပါးကိုပင့်၍ ဗောဇ္ဈင်္ဂသုတ်ချီးမြှင့်ရန် ပင့်ဆောင်ရာ၌ လူနာပြန်လည်ကျန်းမာရေးအတွက်သာဟု အစက ထင်မိ၏။ မဟုတ်၊ မှားလေ၏။ လမ်းကြုံရင်း မေးကြည့်တော့မှ “ ပြန်လည်ကျန်းမာလာရေးအတွက် မဟုတ်၊ လျောလျောလျူလျူ အသက်ထွက်ရန်” ဟု ဖြေလေ၏။


မသိတော့၊ ဘာပရိတ်ရွတ်ရမှန်း တကယ်ကို မသိတော့။ ကျန်းမာရေးအတွက် ဗောဇ္ဈင်္ဂသုတ် ရွတ်ကြရ၏။ လျောလျောလျူလျူ အသက်ထွက်ဖို့ ရွတ်ရမည့်ပရိတ် မရှိ။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် ဗောဇ္ဈင်သုတ်ပဲ ရွတ်လိုက်ရ၏။


ဤ၌ ကိုယ်တိုင်ဘုရားတခဲ့ရသော အတွေ့အကြုံတစ်ခုကို ပြောချင်သည်။


ထိုသူက သီရိလင်္ကာလူမျိုး စင်္ကာပူစီတီဇင် ဖြစ်၏။ စင်္ကာပူမှာမွေးသဖြင့် သီဟိုဠ်စကားလည်း မတတ်။ အင်္ဂလိပ်နှင့် မလေးစကားသာ တတ်၏။


သူ့မှာ ခွေးကြီးတစ်ကောင်ရှိသည်။ အလွန်လိမ်မာသော ခွေးကြီးဖြစ်သည်။ အရင်နှစ်တွေက ကျန်းကျန်းမာမာနှင့်တွေ့နေရသော ထိုခွေးကြီး၏ကျန်းမာရေးတစ်စတစ်စ ယိုယွင်းလာသည်ကို တွေ့ရ၏။ နောက်ဆုံးတွေ့စဉ် သူ့ခွေးကြီး မျက်စိနှစ်ဘက်ပင် ကွယ်သွားပြီဖြစ်သဖြင့် လမ်းလျှောက်ခေါ်၍မရတော့ဟု ဆိုလေသည်။


သိပ်မကြာပါ၊ ထိုပုဂ္ဂိုလ် အကြံဥာဏ်တောင်းချင်လို့ဟုဆိုကာ ကျောင်းရောက်လာ၏။


       “ အရှင်ဘုရား၊ တပည့်တော့် ခွေးကြီးကို မှတ်မိသလား”

       “ မှတ်မိတယ် ဒကာ၊ ဘာဖြစ်လို့လဲ”

“အဲဒီခွေးကြီးက အခု နောက်ဆုံးအချိန်ရောက်နေပြီ။ အလေး၊ အပေါ့လည်း အခန်းထဲမှာပဲ ကိစ္စပြီးရတယ်။ ညညဆိုလဲ မအိပ်ဘူး၊ တစ်အော်ထဲပဲ အော်နေတယ်။ တပည့်တော်လည်း အိပ်ရေးတွေပျက်လှပြီ၊ မခံနိုင်တော့ဘူး။ အဲဒါ ဘာလုပ်ရမလဲလို့ အရှင်ဘုရားဆီ အကြံဥာဏ်လာတောင်းတာပါ။ ”


       “ရဟန်းတစ်ပါးအနေနဲ့ကတော့ ဒီကိစ္စမျိုးကို ဘာမှ ဝင်မပြောသင့်ဘူးထင်တယ် ဒကာတော်။”

       “ဗုဒ္ဓဘာသာက ဒီကိစ္စကို ဘယ်လိုသဘောထားပါသလဲ”

    “ဗုဒ္ဓဘာသာရဟန်းတစ်ပါးအနေနဲ့ ပြောရရင် သူ့သက်တမ်းကုန်လို့ သေသွားတာပဲ လက်ခံပါတယ် (Natural Death)၊ နို့မို့ ပါဏာတိပါတက မလွတ်ပါဘူး”

       “ဒါဆိုရင် ဗုဒ္ဓဘာသာက မာစီကေလင်းကို လက်မခံဘူးပေါ့”

       “လက်မခံပါဘူး။ မာစီက မာစီ၊ ကေလင်းက ကေလင်းပါ။ မလုပ်အပ်ပါဘူး”

“သူသာ နောက်ထပ် တစ်လလောက် ဒီအတိုင်းဆိုရင် တပည့်တော် သေမှာပဲ၊ ဗုဒ္ဓဘာသာက ခွေးကိုတော့သနားတယ်၊ လူကိုတော့ မသနားဘူးပေါ့။”


“မဟုတ်ပါဘူး ဒကာ၊ လူကိုလည်း သနားပါတယ်။ ဦးဇင်း စောစောက ပြောခဲ့ပါပြီ၊ ကိုယ်ဆုံးဖြတ်သင့်တယ်ထင်လို့ ဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ ဘာသာရေး ဝင်မပါစေချင်ပါဘူး။ ဘယ်ဘုန်းကြီးကမှ ခင်ဗျားခွေးကို တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနကို ပို့လိုက်ပါ၊ သူတို့ ကြည့်ရှင်းလိမ့်မယ်လို့ ပြောမှာမဟုတ်ပါဘူး”


       “ဒါဆို တပည့်တော်ကိုယ်တိုင် ဆုံးဖြတ်ရမှာပေါ့”

       “ဟုတ်ပါတယ် ဒကာ”

       “ဟုတ်ပြီ၊ ဆုံးဖြတ်ပြီးရင် ဘယ်လိုသဘောထားရမှာလဲ”

“ကောင်းမှုတစ်ခုဖြစ်ရင် စိတ်ထဲမှာထားပြီး အထပ်ထပ်သတိတရ ဖြစ်ရပါတယ်။ ကုသိုလ်ပွါးအောင်လို့ပါ။ အကုသိုလ်တစ်ခုခုကို မလွဲသာမရှောင်သာ လုပ်ရရင်လည်း မေ့ဖျောက်လိုက်ဖို့ ပြောပါတယ်။ အကုသိုလ်အသစ် မဖြစ်အောင်လို့ပါ”


       “ကျေးဇူးပါ အရှင်ဘုရား၊ ရပြီ။ တပည့်တော်လိုနေတာ အဲဒါပါပဲ”

ဘယ်လိုသဘောပေါက်သွားသည် မသိ၊ ဝမ်းပန်းတသာဖြင့် ယင်းဒကာ ပြန်သွားလေတော့သည်။ အရင်ကနှင့်စာလျှင် ထိုပုဂ္ဂိုလ်လည်း အတန်ငယ် ပိန်ကျသွားသည်ကို သတိထားမိသည်။ ရဟန်းအနေနဲ့လည်း ဤကိစ္စမျိုး စကားရှည်ရှည် မပြောအပ်။ လူကို သနား၊ ခွေးကိုတော့ မသနား။ ခွေးကို သနား၊ လူကိုတော့ မသနား ကိစ္စက အလွန်ရှင်းရခက်၏။


       သို့ဖြင့်ပင်...

       ကာလအတန်ကြာသောအခါ အသုဘတစ်ခုသွားခိုက် ထိုဒကာမောင်းသောကားကို စီးခွင့်ရတော့၏။

       စကားစပ်မိရင်း...

       “ဒါနဲ့ ဒကာတော်ရဲ့ ခွေးကြီးရော ကျန်းမာရေးအခြေအနေ ဘယ်လိုနေသေးလဲ”

       “အရှင်ဘုရားက မေ့နေပြီ၊ အရှင်ဘုရားရဲ့ သြဝါဒအတိုင်း ခွေးကြီးကို သတ်ပစ်လိုက်ပြီလေ”

       ဗုဒ္ဓေါ!

ဗုဒ္ဓေါကိစ္စက ဤမျှဆိုလျှင် ရှင်းပြီဟုထင်သည်။ သူ့ခွေကိုသတ်ဖို့ ဤရဟန်းက သြဝါဒပေးလိုက်သည် ဟူသတတ်။

ပြုံးမိ၏။

စကား၊ ကိုယ်ချင်းစာမှု၊ တဖက်သား၏စကားကို ဘာသာပြန်ဆိုမှု။ ထိုလူ၏ ဘာသာပြန်ဆိုမှုအရ သီဟနာဒသည် ခွေးအိုတစ်ကောင်ကို သတ်ပစ်ရန် သြဝါဒပေးခဲ့ဖူး၏။


        လောက…….။                                                                                                         (သဘောတွေ့လို့ ကမ်းလက် ဘလော့မှ ကူးယူ ဖော်ပြပါသည်)

သီဟနာဒ