5 Jul 2012

မာစီကေလင်း (Mercy killing) ဟုလည်းကောင်း၊ ယူသနေရှား (Euthanasia) ဟုလည်းကောင်း၊ ထိုမှတဆင့် လစ်ဗင်း ဝေ(လ်) (Living will) ဟုလည်းကောင်း လူတစ်ယောက်၊ သတ္တဝါတစ်ကောင်၏ နောက်ဆုံးအချိန်နှင့်ပတ်သက်၍ ပြောကြဆိုကြသော စကားလုံးများ တော်တော်တွေ့ရ၏။ တစ်ချို့က တစ်ခမ်းတနား စာပေတစ်ဖွဲ့ရေးကြ၏။

လက်တွေ့သဘောအရမူ အလွန်ဆုံးဖြတ်ရခက်သော ကိစ္စများဖြစ်ကြ၏။ အထူးသဖြင့် ပြန်လည်ကောင်းမွန်လာရန် လုံးဝအခွင့်အလမ်းမရှိသော လူမမာသည် ကျေးဇူရှင်တစ်ယောက်ဖြစ်ခဲ့သော် ပို၍ခက်ခဲ၏။ ပြန်လည်ကျန်းမာရန် အခွင့်မရှိတော့သော မိခင်(သို့) ဖခင်ကို ဆေးရုံတင်ကြ၏။ ဆေးကုကြ၏။ အသက်ကယ်ဆေး၊ အသက်ကယ်ကိရိယာတို့ဖြင့် အသက်ကိုဆွဲဆန့်၊ ဒုက္ခကို ဆွဲဆန့်ကြ၏။ လိုက်(ဖ်) ပရိုလောင်း လုပ်ကြရ၏။ ငွေကုန်ကြေးကျကား များလွန်း၏။ စုဆောင်းထားသောငွေများ( လူလတ်တန်းစားများကို ဆိုလို) ကုန်သောအခါ ထိုလူမမာလည်း ဘဝဆုံးလေတော့၏။


ထိုကိစ္စများ ကြိမ်ဖန်များစွာ ကြုံလာရသောအခါ အထက်ပါ မာစီကစ်လင်း(န်)နှင့် ယူသနေရှား တို့လည်း ပေါ်ပြူလာဖြစ်လာရတော့သည်။


ဆေးရုံတက်မှု၊ ဆေးကုသမှုစရိတ်ကြီးလွန်းသော စင်္ကာပူ၌ ဤကိစ္စမျိုး မကြာမကြာ တွေ့ရ၏။ သားသမီးများအတွက် အလွန်ကုသိုလ်ရသောကိစ္စဟု ထင်သည်။ ငွေလည်း အလွန်ကုန်၏။ ထိုလူနာသည် တစ်လကိုးသတင်း အသက်ရှင်နေသော် ရှိစုမဲ့စု ကုန်လေတော့၏။ သို့သော် တသက်မှာတစ်ခါ အစွမ်းကုန်ပြုစုခွင့်တော့ ရ၏။ ထိုလူနာ ဆုံးပါးသွားသည့်တိုင် နောင်တရစရာမရှိတော့။ ဘဝလုံ၏။


လူမျိုးခြားကြား၌ နေရသော ရဟန်းတစ်ပါးအနေနှင့် အတန်ကြာမှ သဘောပေါက်သောကိစ္စတစ်ခုရှိသည်။


လူနာအတွက် ရဟန်းတစ်ပါးကိုပင့်၍ ဗောဇ္ဈင်္ဂသုတ်ချီးမြှင့်ရန် ပင့်ဆောင်ရာ၌ လူနာပြန်လည်ကျန်းမာရေးအတွက်သာဟု အစက ထင်မိ၏။ မဟုတ်၊ မှားလေ၏။ လမ်းကြုံရင်း မေးကြည့်တော့မှ “ ပြန်လည်ကျန်းမာလာရေးအတွက် မဟုတ်၊ လျောလျောလျူလျူ အသက်ထွက်ရန်” ဟု ဖြေလေ၏။


မသိတော့၊ ဘာပရိတ်ရွတ်ရမှန်း တကယ်ကို မသိတော့။ ကျန်းမာရေးအတွက် ဗောဇ္ဈင်္ဂသုတ် ရွတ်ကြရ၏။ လျောလျောလျူလျူ အသက်ထွက်ဖို့ ရွတ်ရမည့်ပရိတ် မရှိ။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် ဗောဇ္ဈင်သုတ်ပဲ ရွတ်လိုက်ရ၏။


ဤ၌ ကိုယ်တိုင်ဘုရားတခဲ့ရသော အတွေ့အကြုံတစ်ခုကို ပြောချင်သည်။


ထိုသူက သီရိလင်္ကာလူမျိုး စင်္ကာပူစီတီဇင် ဖြစ်၏။ စင်္ကာပူမှာမွေးသဖြင့် သီဟိုဠ်စကားလည်း မတတ်။ အင်္ဂလိပ်နှင့် မလေးစကားသာ တတ်၏။


သူ့မှာ ခွေးကြီးတစ်ကောင်ရှိသည်။ အလွန်လိမ်မာသော ခွေးကြီးဖြစ်သည်။ အရင်နှစ်တွေက ကျန်းကျန်းမာမာနှင့်တွေ့နေရသော ထိုခွေးကြီး၏ကျန်းမာရေးတစ်စတစ်စ ယိုယွင်းလာသည်ကို တွေ့ရ၏။ နောက်ဆုံးတွေ့စဉ် သူ့ခွေးကြီး မျက်စိနှစ်ဘက်ပင် ကွယ်သွားပြီဖြစ်သဖြင့် လမ်းလျှောက်ခေါ်၍မရတော့ဟု ဆိုလေသည်။


သိပ်မကြာပါ၊ ထိုပုဂ္ဂိုလ် အကြံဥာဏ်တောင်းချင်လို့ဟုဆိုကာ ကျောင်းရောက်လာ၏။


       “ အရှင်ဘုရား၊ တပည့်တော့် ခွေးကြီးကို မှတ်မိသလား”

       “ မှတ်မိတယ် ဒကာ၊ ဘာဖြစ်လို့လဲ”

“အဲဒီခွေးကြီးက အခု နောက်ဆုံးအချိန်ရောက်နေပြီ။ အလေး၊ အပေါ့လည်း အခန်းထဲမှာပဲ ကိစ္စပြီးရတယ်။ ညညဆိုလဲ မအိပ်ဘူး၊ တစ်အော်ထဲပဲ အော်နေတယ်။ တပည့်တော်လည်း အိပ်ရေးတွေပျက်လှပြီ၊ မခံနိုင်တော့ဘူး။ အဲဒါ ဘာလုပ်ရမလဲလို့ အရှင်ဘုရားဆီ အကြံဥာဏ်လာတောင်းတာပါ။ ”


       “ရဟန်းတစ်ပါးအနေနဲ့ကတော့ ဒီကိစ္စမျိုးကို ဘာမှ ဝင်မပြောသင့်ဘူးထင်တယ် ဒကာတော်။”

       “ဗုဒ္ဓဘာသာက ဒီကိစ္စကို ဘယ်လိုသဘောထားပါသလဲ”

    “ဗုဒ္ဓဘာသာရဟန်းတစ်ပါးအနေနဲ့ ပြောရရင် သူ့သက်တမ်းကုန်လို့ သေသွားတာပဲ လက်ခံပါတယ် (Natural Death)၊ နို့မို့ ပါဏာတိပါတက မလွတ်ပါဘူး”

       “ဒါဆိုရင် ဗုဒ္ဓဘာသာက မာစီကေလင်းကို လက်မခံဘူးပေါ့”

       “လက်မခံပါဘူး။ မာစီက မာစီ၊ ကေလင်းက ကေလင်းပါ။ မလုပ်အပ်ပါဘူး”

“သူသာ နောက်ထပ် တစ်လလောက် ဒီအတိုင်းဆိုရင် တပည့်တော် သေမှာပဲ၊ ဗုဒ္ဓဘာသာက ခွေးကိုတော့သနားတယ်၊ လူကိုတော့ မသနားဘူးပေါ့။”


“မဟုတ်ပါဘူး ဒကာ၊ လူကိုလည်း သနားပါတယ်။ ဦးဇင်း စောစောက ပြောခဲ့ပါပြီ၊ ကိုယ်ဆုံးဖြတ်သင့်တယ်ထင်လို့ ဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ ဘာသာရေး ဝင်မပါစေချင်ပါဘူး။ ဘယ်ဘုန်းကြီးကမှ ခင်ဗျားခွေးကို တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနကို ပို့လိုက်ပါ၊ သူတို့ ကြည့်ရှင်းလိမ့်မယ်လို့ ပြောမှာမဟုတ်ပါဘူး”


       “ဒါဆို တပည့်တော်ကိုယ်တိုင် ဆုံးဖြတ်ရမှာပေါ့”

       “ဟုတ်ပါတယ် ဒကာ”

       “ဟုတ်ပြီ၊ ဆုံးဖြတ်ပြီးရင် ဘယ်လိုသဘောထားရမှာလဲ”

“ကောင်းမှုတစ်ခုဖြစ်ရင် စိတ်ထဲမှာထားပြီး အထပ်ထပ်သတိတရ ဖြစ်ရပါတယ်။ ကုသိုလ်ပွါးအောင်လို့ပါ။ အကုသိုလ်တစ်ခုခုကို မလွဲသာမရှောင်သာ လုပ်ရရင်လည်း မေ့ဖျောက်လိုက်ဖို့ ပြောပါတယ်။ အကုသိုလ်အသစ် မဖြစ်အောင်လို့ပါ”


       “ကျေးဇူးပါ အရှင်ဘုရား၊ ရပြီ။ တပည့်တော်လိုနေတာ အဲဒါပါပဲ”

ဘယ်လိုသဘောပေါက်သွားသည် မသိ၊ ဝမ်းပန်းတသာဖြင့် ယင်းဒကာ ပြန်သွားလေတော့သည်။ အရင်ကနှင့်စာလျှင် ထိုပုဂ္ဂိုလ်လည်း အတန်ငယ် ပိန်ကျသွားသည်ကို သတိထားမိသည်။ ရဟန်းအနေနဲ့လည်း ဤကိစ္စမျိုး စကားရှည်ရှည် မပြောအပ်။ လူကို သနား၊ ခွေးကိုတော့ မသနား။ ခွေးကို သနား၊ လူကိုတော့ မသနား ကိစ္စက အလွန်ရှင်းရခက်၏။


       သို့ဖြင့်ပင်...

       ကာလအတန်ကြာသောအခါ အသုဘတစ်ခုသွားခိုက် ထိုဒကာမောင်းသောကားကို စီးခွင့်ရတော့၏။

       စကားစပ်မိရင်း...

       “ဒါနဲ့ ဒကာတော်ရဲ့ ခွေးကြီးရော ကျန်းမာရေးအခြေအနေ ဘယ်လိုနေသေးလဲ”

       “အရှင်ဘုရားက မေ့နေပြီ၊ အရှင်ဘုရားရဲ့ သြဝါဒအတိုင်း ခွေးကြီးကို သတ်ပစ်လိုက်ပြီလေ”

       ဗုဒ္ဓေါ!

ဗုဒ္ဓေါကိစ္စက ဤမျှဆိုလျှင် ရှင်းပြီဟုထင်သည်။ သူ့ခွေကိုသတ်ဖို့ ဤရဟန်းက သြဝါဒပေးလိုက်သည် ဟူသတတ်။

ပြုံးမိ၏။

စကား၊ ကိုယ်ချင်းစာမှု၊ တဖက်သား၏စကားကို ဘာသာပြန်ဆိုမှု။ ထိုလူ၏ ဘာသာပြန်ဆိုမှုအရ သီဟနာဒသည် ခွေးအိုတစ်ကောင်ကို သတ်ပစ်ရန် သြဝါဒပေးခဲ့ဖူး၏။


        လောက…….။                                                                                                         (သဘောတွေ့လို့ ကမ်းလက် ဘလော့မှ ကူးယူ ဖော်ပြပါသည်)

သီဟနာဒ






No comments:

Post a Comment