29 Jun 2012

       စာပေအလိုအရ ရဟန်းနှစ်ပါးကို ဂန္ထဓူရနှင့် ဝိပဿနာဓူရဟုလည်းကောင်း၊ အရညဝါသီ ( တောနေရဟန်း) နှင့် ဂါမဝါသီ ( မြို့၊ ရွာနေ ရဟန်း) ဟုလည်းကောင်း ခွဲခြားထားနိုင်သည်။ အဓိပ္ပါယ်အားဖြင့် ဆင်ဆင်တူမည်ထင်ပါသည်။ သို့သော် ယနေ့လက်ရှိအနေအထားအရတော့ တော်တော်ကွဲပြားနေပြီဖြစ်သည်။ တစ်ချိန်ကမူ ဝိပဿနာဓူရ ရဟန်းက တောတွင်အနေများခဲ့ပုံရသော်လည်း ယနေ့ဝိပဿနာကား မြို့၌ပို၍ပင် ထွန်းကားနေတော့သည်။        ရှေးတုန်းကတော့ တောနေရဟန်းဂိုဏ်း သီးသန့် မြန်မာပြည်တွင်လည်း ရှိခဲ့ပုံရသည်။ ယနေ့တော့ မရှိတော့။ တစ်ပါးစ၊ နှစ်ပါးစ မိမိယုံကြည်ချက်နှင့်မိမိ တောရိပ်ခိုခြင်းသာ ရှိတော့သည်။ ဂိုဏ်းဂဏဟုမရှိတော့။ ထိုင်းနိုင်ငံ၌ ဤယဉ်ကျေးမှုရှိသေးသည်။ အဂျန်ချာတို့ ဦးဆောင်ခဲ့ဟန်တူသည်။ ဦးဆောင်ခဲ့သည်မဟုတ်စေကာမူ သူ့နောက်ပိုင်းမှ Forest Tradition က ပို၍ခေတ်စားလာသည်။ မည်သို့ဖြစ်စေ ဤကိစ္စက ဆောင်းပါးရေးလိုသောကိစ္စမဟုတ်ပါ။        လူမည်းခေါင်းဆောင် မာတင်လူသာကင်း၏ “My Dream ” ကဲ့သို့ သီဟနာဒ၏ အိပ်မက်ကိုရေးလိုခြင်းဖြစ်သည်။ သူ့ဒရင်း(မ်) လောက် ကမ္ဘာမကျော်လည်း ရှိစေ။ ကိုယ့်အိပ်မက်ကိုမူပြောချင်သည်။        ယနေ့ မြန်မာပြည်က ရွေးကောက်ပွဲ ဖီးဗားတက်နေသည်။ နှစ်ပေါင်းအတော်ကြာ မဲမပေးခဲ့ရသော မြန်မာလူထုများ မဲပေးခွင့်အနည်းငယ်ရလိုက်သဖြင့် ပျော်မဆုံး၊ မော်မဆုံး ဖြစ်နေကြသည်။ ပျော်လည်း ပျော်ထိုက်ပါ၏။ သို့သော် မဲပေးရသောအရသာကို အရွယ်ရောက်ပါလျက် မခံစားရရှာသော လူတန်းစားနှစ်ရပ်ရှိသည်။ ထိုနှစ်ရပ်ကား အရူးများနှင့် ရဟန်းတော်များပင်ဖြစ်သည်။ ဘယ်တုန်းကမှ အသိအမှတ်ပြုခြင်းမခံခဲ့ရသော ရွေးကောက်ပွဲကတည်းက ဤစကား ရေပန်းစားနေခဲ့သည်။ အရူးနှင့် ရဟန်း မဲပေးခွင့်မရှိဟု ဖြစ်သည်။        ယခုပြောလိုသောကိစ္စသည် ရဟန်းမဲပေးခွင့်ရှိရေး၊ မရှိရေး အိပ်မက်တစ်ခုသာ ဖြစ်ပါသည်

       ထို့ကြောင့် ရဟန်းသံဃာကို ဂိုဏ်းဂဏအနေဖြင့် မခွဲခြားဘဲ ( သုဓမ္မာ၊ ရွှေကျင်စသည်) ရဟန်း၏ အကျင့်နှင့်ပတ်သက်ပြီး တောနေရဟန်းဂိုဏ်းနှင့် မြို့နေ ရွာနေရဟန်းဂိုဏ်းဟု ခွဲခြားကြည့်လိုက်ခြင်းဖြစ်သည်။        သစ်ဥသစ်ဖုကိုသာ ဘုန်းပေးပြီး သမထ၊ ဝိပဿနာ မေတ္တာဘာဝနာဖြင့်သာ နေတော်မူကြသော ရဟန်းတော်များအတွက် မည့်သည့်အစိုးရတက်သည်၊ မည်သူအုပ်ချုပ်နေသည်ဆိုသောကိစ္စက အရေးမကြီးလှပေ။ ထို့ကြောင့် အရညဝါသီဂိုဏ်းကို မဲမပေးစေရ၊ ထိုသံဃာများကလည်း ဤမျှလောကီဆန်သောကိစ္စကို စိတ်ဝင်စားတော်မူကြလိမ့်မည်မဟုတ်ပေ။        ပြဿနာကား မြို့နေ၊ ရွာနေ ( ဂါမဝါသီ၊ နဂရဝါသီ) ရဟန်းတော်များ ဖြစ်သည်။ ထိုရဟန်းတော်များက လူကြားထဲ၌နေရသဖြင့် လူထုနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် လူထု၏ ဒုက္ခ၊ သုက္ခတို့ သူတို့ကိုထိခိုက်စေ၏။

ရွှေဝါရောင်အရေးအခင်းကပင် လူထု၏ဒုက္ခကြောင့် အုံကြွလာကြသော ရဟန်းတော်တို့၏ လှုပ်ရှားမှုတစ်ခုဖြစ်သည်။ လူထု၏ဘဝက အုပ်ချုပ်သောအစိုးရနှင့် ဆက်စပ်နေလျှင် ထိုရဟန်းတော်တို့နှင့် အစိုးရကလည်းသွယ်ဝိုက်၍ ဆက်စပ်နေတော့သည်။ သို့ဖြစ်လျှင် မြို့နေ၊ ရွာနေရဟန်းတော်များလည်း အုပ်ချုပ်မည့်အစိုးရကို ရွေးချယ်ပိုင်ခွင့်ရှိသင့်သည်။

       “ ရဟန်းနှင့် မဲပေးခြင်းဘာမှမဆိုင်” ဟု ပြောလိုက ပြောနိုင်၏။ သို့သော် ဘာသာရေးဝန်ထမ်းများ မဲပေးခွင့်မရှိသော ဒီမိုကရက်တစ်နိုင်ငံ မည်မျှရှိပါသနည်း။ ထေရဝါဒနိုင်ငံတို့တွင် သီရိလင်္ကာက ရှေ့အတော်ရောက်နေသောနိုင်ငံ ဖြစ်သည်။ ရဟန်းတစ်ပါးသည် ဆန္ဒရှိပါက မဲပေးရုံသာမက မဲပါအရွေးခံခွင့်ရှိသည်။ ရဟန်းပါလီမန်အမတ်ရှိသည်။ “ ဒါမျိုးကတော့ မကောင်းပါဘူး၊ ကြာရင် သာသနာကွယ်လိမ့်မယ်” ဟု ရဟန်းတစ်ပါး ပါလီမန်အမတ်ဖြစ်တာနဲ့ သာသနာကွယ်သည်အထိ ဆွဲတွေးသူများလည်း ရှိတတ်သည်။ မဆိုင်လှပါ။        မှန်တော့ မှန်ပါသည်။ ယနေ့ မြန်မာဗုဒ္ဓဘာသာများအနေဖြင့် ပါလီမန်အမတ်ဖြစ်နေသော ရဟန်းတစ်ပါးကို ဖူးတွေ့ရန် အတန်ငယ် ကသိကအောက်တော့ ဖြစ်နိုင်ပါသည်။ ကျင့်သားမရကြသေးသောကြောင့်သာ ဖြစ်သည်။ မည်သို့ဆိုစေ ရဟန်းတစ်ပါးအနေနှင့် နိုင်ငံရေးကိစ္စထဲ၌ သိသိသာသာ ပါဝင်နေခြင်းကတော့ မကောင်းပေ။ မဖြစ်သင့်ဟုလည်း ထင်သည်။ သို့သော် မဲပေးခြင်းနှင့် ဝင်ရောက်အရွေးခံခြင်းက လုံးဝမတူညီပေ။        ရဟန်းတော်များလည်း အစိုးရကို ရွေးချယ်ခွင့်ရှိနေသင့်သည်။        ယနေ့ ရဟန်းတော်များသည် အစိုးရပိုင်းကလုပ်ရမည့်တာဝန်တစ်ချို့ကို ဝင်ရောက်လုပ်ကိုင်နေကြရသည်။ အဓိကအားဖြင့် ပညာရေး။ ကျန်းမာရေး၊ လူမှုရေးကိစ္စများဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်က ပညာရေးနှင့်ပတ်သက်ပြီး ရဟန်းတော်များ မားမားမတ်မတ်ရပ်ခဲ့ပြီး ဘ/ကကျောင်းများ ဖွင့်လှစ်သင်ကြားခဲ့ကြသည်။ အဓိကအကြောင်းက ဘာသာရေး၊ စာပေနှင့် ယဉ်ကျေးမှု ပျောက်ကွယ်မည်ကို စိုးရိမ်တော်မူကြသောကြောင့် ဖြစ်သည်။ အမှန်မူ ကလေးပညာရေးဟူသည် အစိုးရက တာဝန်ယူလုပ်ဆောင်ရမည့်ကိစ္စ ဖြစ်သည်။ လူမျိုးခြားအစိုးရက မိမိတို့လိုသော ပညာရေးကို ပေးမည်မဟုတ်။ ထို့ကြောင့် ကိုယ်ပေးလိုသော ပညာရေကို ကိုယ်တိုင်သာပေးကြရပေတော့သည်။ ဆိုလိုသည်မှာ အစိုးရကမလုပ်၍ ကိုယ်တိုင်လုပ်နေကြရခြင်းသာ ဖြစ်သည်။ သို့ဖြစ်လျှင် ထိုအစိုးရပြောင်းလဲဖို့အတွက် ရဟန်းတော်များမှာလည်း သွယ်ဝိုက်၍ တာဝန်ရှိနေပြန်သည်။        ယနေ့ နိုင်ငံတော်ကား အဘက်ဘက်က ချွတ်ယွင်းလျက်ရှိသည်။ ထင်ရှားသောသာဓကမှာ မန္တလေးမှာ မီးလောင်တိုင်း ရဟန်းတော်များပိုတွေ့နေရတတ်ခြင်းပင် ဖြစ်သည်။ (ယခုတွေ့ရသေးသလားတော့ မသိပါ)။ ဤအလုပ်များသည် မီးသတ်သမားများ လုပ်ရမည့်အလုပ်ဖြစ်သည်။ သို့သော် ထိုမီးလောင်သော နေရာက မိမိ၏ ရဟန်းဒကာ၊ ဆွမ်းဒကာများ အိမ်တွေနှင့် နီးနေလျှင် ထိုရဟန်းမှာလည်း တာဝန်သွယ်ဝိုက်၍ ရှိသွားတော့သည်။ ထိုဒကာများ ဒုက္ခရောက်လျှင် ထိုရဟန်းလည်း ဒုက္ခရောက်တော့သည်သာ။ မည်သို့ဆိုစေ မီးသတ်ကား၊ မီးသတ်သမားများ၊ အစိုးရဆိုင်ရာဝန်ထမ်းများက ကျပ်ကျပ်မတ်မတ်လုပ်ပေးနေမည်ဆိုလျှင် ထိုရဟန်းဝင်ပါလာစရာ မလိုပေ။ သူတို့က ထိုသို့မလုပ်လျှင်တော့ ရဟန်းက ဝင်ပါလာပေလိမ့်မည်။ မီးလောင်နေသည်ကို ကျည်ဆံဖြင့် ငြှိမ်းသတ်၍မရပါ။ လူဆူလျှင် ကျည်ဆံဖြင့် ငြှိမ်းနိုင်သော်လည်း မီးလောင်လျှင်တော့ ကျည်ဆံဖြင့်မရတော့။ ထို့ကြောင့် ရဟန်းတော်များနှင့် အုပ်ချုပ်မည့်အစိုးရကလည်း သွယ်ဝိုက်၍ ဆက်စပ်နေပြန်တော့သည်။        ပို၍ တစိမ်းတရံဆန်သောကိစ္စက ရဟန်းနှင့် အလုပ်အကိုင်ရှာဖွေပေးရေး ( ဂျော့ဖ် ခရီရေးရှင်း) ကိစ္စဖြစ်သည်။ ရဟန်းတစ်ချို့က ဤကိစ္စများပင်ပါဝင်နေကြသည်။ လူတစ်ချို့ကို အလုပ်အကိုင်လေးဘာလေးရစေရန် စီမံပေးလာကြသည်။ တကယ်တမ်းဆိုရလျှင် နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ဦးရေလျှော့ချရေးသည် အစိုးရ၏တာဝန်တစ်ရပ်သာဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးကိစ္စဖြစ်သဖြင့် အစိုးရလုပ်မှလည်း ထိရောက်သည်။ အစိုးရကလုပ်မပေးနိုင်သည့်အခါ အစိုးရလုပ်ရမည့်အလုပ်တစ်ချို့ကို ရဟန်းတော်မျာလုပ်လာကြသည်။ ထိုသို့သော ရဟန်းတော်များအတွက် အစိုးရရွေးချယ်ပိုင်ခွင့် ရှိနေသင့်သည်။        ဒါကို ဝိနည်းတော်ထဲမှာ မပါဘူး- ဟု ဆိုနိုင်သည်။ သို့သော် ဝိနည်းတော်နှင့်မညီဟုလည်း ပြောရန်ခက်ပါသည်။ ဝိနည်းတော်၌ အစိုးရကို၊ အတိုက်အခံပါတီကို မဲပေးက အာပတ်သင့်စေဟု ဆိုမထားသောကြောင့် ဖြစ်သည်။        ဘုရားလက်ထက်ကတော့ မဲစနစ်ကို သံဃာထဲတွင်သာ ကျင့်သုံးခဲ့ဟန်တူသည်။ အစိုးရကိစ္စ၊ ရှင်ဘုရင်ကိစ္စကတော့ ဧကရာဇ်၊ ပဒေသရာဇ်များဖြစ်ကြသောကြောင့် မည်သူမျှ မဲပေးရန်မလိုတော့ပါ။ ထိုကိစ္စမျိုးမရှိခဲ့သည့်အတွက် ပြဿနာမရှိခဲ့။ ပြဿနာမရှိခြင်းကြောင့် သိက္ခာပုဒ်လည်း ပညတ်ရန်မလိုခဲ့ပေ။ ထို့ကြောင့် ဝိနည်းကိစ္စကို ပြောလို့မရတော့။ “ မသင့်တော်ဘူး ထင်ပါတယ်” ဟုသာ ခပ်ဝါးဝါး ပြောနိုင်တော့သည်။        လတ်တလော နှစ်(၂၀) နှင့် (၃၀) အကြား၌ နိုင်ငံခြားသာသနာပြုကိစ္စ တော်တော်ခေတ်စားလာကြ၏။ ( အရင်က ပီနန်ဆရာတော်တို့၊ ဆရာတော် ဦးသေဌိလတို့လို တစ်ပါးစ၊ နှစ်ပါးစသာရှိသည်။) မြန်မာရဟန်းတော်များ ပြည်ပကို တော်တော်ထွက်လာကြ၏။ အလုပ်အကိုင်ရှာဖွေရန်ထွက်လာသော မြန်မာများလည်း ဆတိုးမကများလာ၏။ ပရော်ဖက်ရှင်နယ်တွေပါ၏။ မဟုတ်တာတွေလည်းပါ၏။ ပရော်ဖက်ရှင်နယ်တွေက ပြဿနာမဟုတ်သော်လည်း ပရော်ဖက်မရှင်သူတို့ကား ဒုက္ခကြီးလှ၏။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုသည့် အလုပ်အကိုင်ရှာဖွေပေးသော အေးဂျင့်များ၊ ပြည်တွင်းဒုက္ခကိုသာသိပြီး ပြည်ပဒုက္ခကို မသိကြရှာသော ငမိုက်သား၊ ငမိုက်သူများ။ ကျွန်စနစ်မရှိဟုဆိုစေ၊ ကျွန်စနစ်ထက်ဆိုးသော ပညာပါပါဒုက္ခပေးတတ်သော စစ်အေးအရင်းရှင်များ၊ စသည်တို့ကြောင့် လူမှုရေးပြဿနာများက များလှ၏။        ထိုပြဿနာများကို မြန်မာနိုင်ငံဆိုင်ရာသံရုံးများက ဖြေရှင်းပေးရမည်ဖြစ်သည်။ ထိုသံရုံးက မရှင်းသောအခါ ထိုပြဿနာများက စာနာတတ်သော မြန်မာလူနည်းစုနှင့် ရဟန်းတော်များထံ ရောက်သွားတတ်သည်။ ( လွန်ခဲ့သော နှစ်နှစ်ခန့်က ဖြစ်သည်။) ဘုန်းကြီးအမှုရွာမပတ်ရပဲ ရွာမှုများ ဘုန်းကြီးတွေထံ ပတ်လေတော့သည်။ ထိုအခါ ရဟန်းတော်တစ်ချို့က အစိုးရလုပ်ရမည့်တာဝန်တို့ကို ဝင်လုပ်ရလေတော့သည်။        ထိုရဟန်းများမှလည်း အစိုးရကောင်းပေါ်ထွက်ရေးအတွက် တာဝန်ရှိပေသည်။ ဆိုလိုသည်မှာ မဲပေးခွင့်ရစေသင့်သည်။        ရှေးရိုးစွဲအမြင်ဖြင့် “မဖြစ်သင့်” ဟု ဆိုသော ပုဂ္ဂိုလ်များရှိနေပေလိမ့်မည်။ ထိုရှေးရိုးစွဲကြောင့် ဘယ်လောက်နောက်ကျကျန်ခဲ့ပြီလဲဟု တွေးရန်ရှိလာပြန်သည်။        ကြည့်ပါ။ အင်္ဂလိပ်စာကို တိရစ္ဆာနကထာ (မဂ်ဖိုလ်မှ ဖီလာဖြစ်သောစကား) ဟုဆိုကာ မသင်ခဲ့ကြ။ မသင်တော့ မစွံကြ။ သာသနာပြုရာမှာပင် နောက်ကောက်ကျကျန်ခဲ့ကြ၏။ ပိဋကတ်တော်များကို အင်္ဂလိပ်ပြန်ထားသော အင်္ဂလိပ်ဘာသာများကို တိရစ္ဆာနကထာဟု မည်သူပြော၍မှန်အံ့နည်း။ ဤသို့ဆိုလျှင် ပါဠိမှ မြန်မာမှုပြုထားသော မြန်မာပြန်ကျမ်းစာများကိုလည်း တိရစ္ဆာနကထာတွင် ထည့်ကြမှသင့်ပေလိမ့်မည်။ အကြောင်းကား မူရင်းပါဠိဘာသာဖြင့် မဟုတ်သောကြောင့်တည်း။        အချုပ်ဆိုရသော် မြို့နေရွာနေရဟန်းများသည် လူထုကြီးနှင့်ဆက်စပ်နေသည်။ ထို့ကြောင့် လူထုခံစား၊ စံစားနေရသော ဒုက္ခ၊ သုက္ခတို့လည်း သူတို့ကို ထိခိုက်စေသည်။ လူထုကြုံတွေ့နေရသော ဒုက္ခ၊ သုက္ခတို့သည် အများအားဖြင့် အုပ်ချုပ်သောအစိုးရနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ထိုရဟန်းတို့နှင့် အစိုးရပေါ်လစီတို့လည်း ထိစပ်နေပေတော့သည်။        ထို့ကြောင့် မှန်ကန်သောအစိုးရပေါ်ထွက်လာရေးအတွက် ရဟန်းတော်များမှာလည်း တာဝန်မကင်းပေ။ ထို့ကြောင့် “ သတ္တာနံ ဟိတာယ၊ သုခါယ” ကိုထောက်ကာ လူထုကြီးပွါးတိုးတက်ဖို့ဆိုလျှင် မဲပြားလေးတစ်ပြား ထည့်ရုံမျှဖြင့် အာပတ်ကြီးကြီးကျယ်ကျယ် သင့်မည်မဟုတ်ကြောင်း အိပ်မက်မက်မိသည်။        အမှန်ဆိုရမူ ချက်လက်မှတ်ကို အလှူခံရခြင်းထက် မဲပြားကိုကိုင်ခြင်းက အာပတ်သင့်ဖို့ ရာနှုံးပိုနည်းပါသည်။        သို့သော် သံဃာရတနာကို ဦးထိပ်ထားသောအားဖြင့် လူပုဂ္ဂိုလ်များ မဲမပေးမီ သုံးရက်ခန့်ကြိုတင်ပြီး ဆန္ဒရှိသော သံဃာတော်များကို မဲပေးခွင့်ပြုလိုက်လျှင် တံခွန်နှင့် ကုက္ကားဟု အိပ်မက်တစ်ခု မက်လိုက်မိပါတော့သတည်း။


သီဟနာဒ




No comments:

Post a Comment