6 Sept 2012

ဒေါက်တာမောင်သင်းနဲ့ဘာသာရေး

                                      ဒေါက်တာမောင်သင်းနဲ့ဘာသာရေး

တတိယနှစ်တက္ကသိုလ် ကျောင်း သားဘဝ ဒီဇင်ဘာကျောင်းပိတ် ရက် ပါ။ ကျွန်တော်တို့မြို့က ပဲခူးနဲ့(၇)မိုင်ဝေး ပါတယ်။ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်က ဦးပဉ္ဇင်းတွေ ဆွမ်းဆန်စိမ်း အလှူခံဖို့ကြွတော့ အမေက လောင်းပါတယ်။ အမေ ဆွမ်းဆန်စိမ်းလောင်းနေတုန်း ကျွန်တော် က ရဟန်းပျို တွေကိုကြည့်ပြီး ဒီလောက်ခွန်အားနဲ့ဲပြည့်စုံတဲ့ အရွယ် ယောက်ျားသားတွေ အလုပ် မလုပ်ဘဲ ဘာလို့များ သူများလှူ တဲ့ တန်း တဲ့ ပစ္စည်းတွေ စားနေရတာလဲ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်လုပ် လို့ ဖြစ်သား နဲ့ ဆိုပြီးရေရွတ်မိပါတယ်။ အမေကလှည့်ကြည့် မျက်စောင်းထိုးပါတယ်။ ဆွမ်းလောင်းလို့လဲပြီးရော ငသင်း လို့ခေါ် ပါတယ်။

အမေစိတ်ဆိုးရင် မောင်ဖြုတ်ပြီး ငတတ်ပြီး ခေါ်တတ်ပါတယ်။ နင်ကအလုပ်လုပ်တယ်ဆိုတာ လယ်လုပ်၊ စက်ရုံမှာ လုပ်၊ ဈေးရောင်းမှ အလုပ်လို့ထင်တာလား၊ ကျောင်းဆရာတွေလိုပဲ ဆရာတော်တွေလည်း လူတွေကို လိမ္မာ အောင် ဒေါသ၊ မောဟ၊ မာန၊ လောဘနည်းအောင် ဟောပေး၊ သင်ပေးတဲ့ အလုပ်လုပ် နေတာလေ ဆရာ တစ်မျိုး တဲ့ ပြီးတော့နင်တို့ပြောနေ တဲ့ ဆိုရှယ်လစ် ကွန်မြူနစ် တို့ဆိုတဲ့ အဖွဲ့တွေပေါ်တာ ဘယ်လောက်ကြာပြီ လဲတဲ့။ ကျွန်တော်ကနှစ် (၈၀) ကျော်ပါ။ အများဆုံး (၁၀၀)ပေါ့ အမေလို့ပြောတော့ သံဃာ့ အဖွဲ့က နှစ်ပေါင်း(၂၅၀၀)ကျော်ပြီ  ဟို ဦးနုခေတ် က ဖဆပလ အခုမရှိတော့ဘူး မဟုတ်လား။ အဲဒီလို မခိုင်မာတဲ့ အဖွဲ့တွေပေါ များတဲ့ အထဲက၊ ဒီလောက်နှစ်ပေါင်း ၂၅၀၀ကျော် တည်မြဲတာ ကောင်းလို့ပေါ့။ ဘာကောင်း တာလဲ ငါ မပြောတတ်ဘူး။ နင့်ဟာနင် ရှာကြည့်။ အမေရဲ့နှစ်ပေါင်း ၂၅၀၀ကျော် တည်မြဲတဲ့ အဖွဲ့ ဟာ ကောင်းလို့ပေါ့ ဆိုတဲ့စကားကြောင့် ကျွန်တော်ဖတ်တဲ့စအုပ်တွေ ဟာ မာ့က်စ်၊ လီနင်၊ မော်စီတုံး တို့ဘက် ကို ရှေ့ဆက် မသွားတော့ပါ။ ဗုဒ္ဓ ဓမ္မဆီိ သို့ လမ်းကြောင်းပြောင်းခဲ့ပါတယ်။

                                      ဒေါက်တာမောင်သင်းနဲ့ပညာရေး
ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ အမေ့ကို အနားပေးပြီး အမေ့ကုန်စုံဆိုင် အ လုပ် ပဲ ဆက်လုပ်မယ် ကျွန်တော် ဆုံးဖြတ်ပြီး အမေ့ကို ပြောတော့ ဘွဲ့ရ (၁၆) တန်းအောင် (သူငယ် တန်းလေး၊ သူငယ်တန်းကြီး (၂)တန်း၊ ကထမတန်း မှ ၁၀ တန်းထိ (၁၀) တန်း၊ ဘွဲ့ (၄) တန်းပါဆို တော့  ၁၆ တန်းပါ) တဲ့ သူက တစ်တန်းမှ မအောင်တဲ့  ''၀'' တတ် သူတွေလုပ်တတ် တဲ့ အလုပ်ကို ဆက်လုပ်မယ်ဆိုတော့ မင်း ဘာလို့ ပညာသင် ခဲ့တာလဲသား၊ (၁၆) နှစ်လုံးလုံး မရှုံးဘူးလား တဲ့၊ အမေရဲ့ ဈေးကွက် အတွက်အရ  ပေါ်ထွက်လာတဲ့ ဘ၀အောင်မြင်ရေး ဒဿနပါ၊ အဖေ၊ အမေထက် (၁၆) တန်းသာတဲ့ ကျွန်တော်ဟာ အမြင့်ကို မလှမ်းဘဲ ခပ်နိမ့်နိမ့် ဘ၀ မှာ ပျော်ပိုက်နေလို့ မဖြစ်တော့ပါ။ ဒါနဲ့ အောင်စာရင်းထွက်တော့ Qualify ၀င်တာနဲ့ မဟာဘွဲ့ သင်တန်းကို ထုံးစံအတိုင်း ကိုယ် ကျောင်းစရိတ် ကိုယ်ရှာ၊ စုပြီး ကျောင်းဆက်တက်ခဲ့တာ ယနေ့ ဘ၀ရောက် ခဲ့ပါတယ်။

ကျွန်တော် ယနေ့ ပါမောက္ခချုပ်ဆိုတဲ့ဘ၀ ရောက်ခဲ့ရတာဟာ တစ်တန်းမှမအောင်ဘဲ သေစာ၊ ရှင်စာလောက် သာ ဖတ်တတ်တဲ့ ''၀ '' တတ် အမေ က ပေးခဲ့တဲ့ သုံးမကုန်တဲ့ အမွေကြောင့်ပါ။

 ဒေါက်တာမောင်သင်း
.
ကောင်းသန့် ၏ ငယ်ငယ်တုန်းက စာစု များမှ

No comments:

Post a Comment