Showing posts with label ဖြန့်ဝေခြင်း. Show all posts
Showing posts with label ဖြန့်ဝေခြင်း. Show all posts

27 Dec 2013

ဆရာကြီးဦးအောင်သင်းစာအုပ်များ (၁၄အုပ်)


(၁)စဉ်းစာစရာလေးတွေ
http://www.mediafire.com/?q11al763fxv6uol
(၂)အနာဂါတ်ကို မကြောက်နဲ့
http://www.mediafire.com/?lyg8eircuf9orfb
(၃)မျိုးဆက်သစ်အတွက် ဂန္ဓ၀င်မိတ်ဆက်
http://www.mediafire.com/?3xc67b7eeddcfj4
(၄)အမွေ
http://www.mediafire.com/?451re10bkbvl3cp
(၅)ကိုယ်တွေ့စာစီစာကုံး
http://www.mediafire.com/?r39197o8ryk1yww
(၆)မျိုးဆက်သစ်အတွက် ပိဋကတ်မိတ်ဆက်
http://www.mediafire.com/?c7ztpyctzg72ap4
(၇)ပေးသူ နှင့်ယူသူ
http://www.mediafire.com/?ed8cosad8gtdymv
(၈)ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ
http://www.mediafire.com/?44es1do4ppfgl46
(၉)ခေတ်သစ်ကမ္ဘာအတွက် ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု
http://www.mediafire.com/?aqcfm4m7xktfafp
(၁၀)မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့
http://www.mediafire.com/?686cxrptndc4dp6
(၁၁) ကန့်ကူလက်လှည့်
http://www.mediafire.com/?dvdqms67ua2eng1
(၁၂)သူတိုနှင့် ကျွန်တော်
http://www.mediafire.com/?37to5gl78cewotl
(၁၃)အတွေ့အကြုံနှင့်အတွေးအကြံ၏
http://www.mediafire.com/?8ekvinb7qhsk1tb
(၁၄)တောင်တွင်း၏အောင်သင်း
http://www.mediafire.com/download/l98kb4hz4916g2a/တောင်
တွင်း ၏အောင်သင်း.pdf
0n Air စာအုပ်၊စာပေ၊ဟာသ၊ကဗျာ၊နှင့်အခြားသောအရာများ

18 Jun 2013

ရာဇဝင်ကို ရိုင်းစေသူများ”


   ၁၉၉၃-ခုနှစ်လောက်ဆီကပေါ့။ အဲဒီတုန်းက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး သုံးခုရဲ့ (ယခု)ပဓာန နာယက ဖြစ်တဲ့ ဆရာတော်ဘုရားကြီး ကလည်း လောကတ္ထစရိယာပြစ်မှုနဲ့ နန်းတွင်းဆူညံတောရမှာ နိုင်ငံတော်ရဲ့ သီးခြား အပူဇော်ခံ အဖြစ် တစ်နှစ်ခွဲကျော် ချီးမြှောက်ပြီး ပြန်ကြွလာခါစ သာသာပါ။ မန္တလေးစာသင်တိုက်ကြီးများရဲ့အကျော်အမော် ဆရာတော်ကြီးများ တစ်နေရာမှာ ဆုံကြတဲ့ မထေရ်မြတ်တို့ စကားဝိုင်းတစ်ခုကို ကြားနာမှတ်သားလိုက်ရပါတယ်။ ဒီစကား ဝိုင်းမှာ....

    မန္တလေးမြို့၊ ဘုရားကြီးတိုက်က အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက နယားဆရာတော်ဘုရားကြီး လည်း ပါပါတယ်။
နယားဆရာတော်ကြီးရဲ့တူ အရှင်မြတ်တစ်ပါးကလည်း လောကတ္ထစရိယာမှုနဲ့ပဲ ဝတ်ဖြူစင်ကြယ်လဲပြီး ရဲဘက်လို့ အမည်ပေးထားတဲ့ သွေးရဲရဲ၊ ချွေးရဲရဲ စခန်းအပို့ခံထားရတဲ့အချိန် ဖြစ်နေလို့ စကားဝိုင်းမှာပါတဲ့ မထေရ်ကြီးတစ်ပါးက နယား ဆရာတော်ဘုရားကြီးကို “ဆရာတော့်တူ အကြောင်းရော ဘယ်လိုများ ကြားတုန်း၊ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းလေး ဘာလေးများ ဆရာတော် အနေနဲ့ မစောင့်ရှောက်နိုင် ဘူးလား”ဆိုတဲ့ အကြောင်း မေးလျှောက်ပါတယ်။

   နယားဆရာတော်ဘုရားကြီးက “မေးမနေနဲ့ဆရာတော် .. ဒီကောင်က လူမိုက်ပဲဟာ မိုက်လို့ အဖမ်းခံရပြီး ထောင်ကျတာ၊ ဘာလုပ်ပေး စရာလိုမလဲ”လို့ ပြန်ကြားပါတယ်။ အဲဒီစကားဝိုင်းမှာ ငြိမ်ပြီး နားထောင်နေတဲ့ မစိုးရိမ် တိုက်သစ်ဆရာတော်က “ဆရာတော် ထောချသူနဲ့ ထောင်ကျသူမှာ ထောင်ကျသူက လူမိုက်၊ ထောင်ချသူကတော့ လူ လိမ္မာလို့ ဆိုရမှာလား”ဆိုတော့ “ထောင်ကျပါတယ်ဆို မှတော့ လူမိုက်ပေါ့”တဲ့။

“ဒါဖြင့်ရင် အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကြီးတို့နှစ်ဦးမှာ အဇာတသတ်က လူလိမ္မာ၊ ဗိမ္ဗိသာရမင်းကြီးက လူမိုက်ကြီးလို့ ဆိုရမလား ဆရာတော်”လို့ ထပ်ပြီးလျှောက်ထားလိုက်တော့ နယားဆရာတော်ကြီးက မစိုးရိမ် ဆရာတော်လည်း မကြာခင်လေးကမှ အဲဒီနေရာက ထွက်လာခဲ့တာကို သတိရပြီး “ဘွာ .. ဘွာ .. တပည့်တော်ပြောတဲ့ ထောင်ကျသူဆိုတဲ့အထဲမှာ မစိုးရိမ်ဆရာတော် မပါဘူး”တဲ့။ “ဗိမ္ဗိသာရမင်းကြီးရော ဆရာတော်”ဆိုတော့ “အဲ .. ကိုယ့်တူကို ဒေါသဖြစ်လို့ ပြောလိုက်မိတာပါ၊ ဒီလိုလည်း မဟုတ် ပါဘူး”ဆိုပြီး စကားကို လျှောချသွားပါတယ်။

  ဆရာတော်ကြီးများ အချီအချပြောနေတဲ့ အကြောင်းအရာကို နားထောင်ရင်း လောကသဘာဝတွေဟာ ဓမ္မ သဘာဝအရ အလေးအနက် ဆင်ခြင်ကြည့်တဲ့အခါ အမှတ်တမဲ့ သိထားတာတွေနဲ့ တကယ့်အမှန်တရားတို့ ပြောင်းပြန်ဖြစ်နေ တတ်တာကို သတိထား မိလိုက်တယ်။

    အထင်ရှားဆုံးအဖြစ်နဲ့ သတိထားလိုက်မိတာကတော့ “အရအကုန်နဲ့ အရှုံးအမြတ်”ဆိုတဲ့ ကိစ္စပါပဲ။ လောကထဲမှာတော့ “ရရင်မြတ်တယ်၊ ကုန်ရင် ရှုံးတယ်”လို့ပဲ ခပ်ပေါ့ပေါ့ မှတ်ထင်ခံယူကြတာများပါတယ်။ ဒါကြောင့်လည်း နံနက်လင်း အိပ်ရာကနိုးတာနဲ့ တပြိုင်နက် “ရအောင်ရှာဖို့”ဆိုတဲ့ အတွေးက ပထမဆုံး စိုးမိုးထားကြတော့တာပေါ့။

    အခု ဆရာတော်ကြီးများပြောတဲ့ အဇာတသတ်နဲ့ဗိမ္ဗိသာရမင်းကြီးတို့ရဲ့ ဖြစ်ရပ်စုံကို အသေအချာစဉ်းစားပြီး တွေးကြည့် လိုက်တော့ အဇာတသတ်မင်းဟာ အင်္ဂတိုင်း၊ မဂဓတိုင်းဆိုတဲ့ တိုင်းကြီးနှစ်တိုင်းကို အာဏာပိုင်တဲ့ ရာဇဂြိုဟ်ရဲ့ ထီးနန်း စည်းစိမ်ကို ရထားသူ။ ဗိမ္ဗိသာရ မင်းကြီးကတော့ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ရသူပေါ့။ ဒါပေမယ့် အဇာတသတ်ဟာ ဒီထီးနန်းစည်းစိမ်ကို တရားသဖြင့် ရယူခဲ့သူ မဟုတ်ပါဘူး။ အလွန်ကို မဖွယ်မရာဖြစ်တဲ့ အဖသတ် ကံကြီးကို ကျူးလွန်ပြီး ရယူပိုင်ဆိုင်ထားတာပါ။

    ဒါကြောင့်လည်း အရကြီးသလောက် အရှုံးကလည်း ကြီးလှပါတယ်။ ထီးနန်းစည်းစိမ်ကို ရယူပိုင်ဆိုင် ထားစဉ်မှာ ကိုပဲ ညဥ့်အချိန်ရောက်လို့ အိပ်စက်မယ်ဆိုပြီး မျက်လုံးနှစ်ခု မှိတ်လိုက်တာနဲ့ တပြိုင်နက် ဓားလှံတွေ အရာမကနဲ့ ထိုးကြ၊ ခုတ်ကြတော့ မလို ငရဲနိမိတ်တွေ ထင်မြင်ပြီး တဖျပ်ဖျပ်တုန်လှုပ် လန့်နိုးနေရလို့  အိပ်ကောင်းခြင်းနဲ့ မအိပ်စက်နိုင်ပါဘူးတဲ့။ အများအမြင်မှာ နန်းတော်ပေါ်က ရှင်ဘုရင်၊ သူ့ရင်ထဲမှာတော့ တကယ့်ငရဲသားပါ။ (ဒီဒုက္ခကြီးကတော့ နောင်အခါ ဘုရား ရှင်နဲ့တွေ့ခွင့်ရလို့ သာမည ဖလသုတ်ဆိုတဲ့ ဒေသနာတော်ကြီးကို နာယူပြီးတဲ့အခါမှာ ကင်းလွတ်ခွင့် ရသွားခဲ့ပါတယ်။)

    နောက်ထပ် ရှုံးချက်နာတာကတော့ သူခင်းခဲ့တဲ့ “အဖသတ်နန်းယူ”ဆိုတဲ့ နမူနာဆိုးကြီးက သားစဉ်မြေးဆက် ငါးဆက်အထိ လိုက်လာလို့ ရာဇဂြိုဟ်ရဲ့ အစဉ်အလာကြီးမားသလောက် ခေတ်ပြိုင်ဝန်းကျင်က လေးစားရတဲ့ ရာဇဝင်ဟာ မျက်နှာမဖော်ဝံ့လောက် အောင် ရိုင်းသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ရာဇဝင်ရိုင်းတဲ့ဒဏ်ကို မခံမရပ်နိုင်ကြတော့တဲ့ တိုင်းသူ ပြည်သားတွေက ငါးယောက် မြောက် အဖသတ်ဘုရင် “နာဂဒါသ”ကို ဝိုင်းဝန်းလုပ်ကြံ အဆက်ဖြတ်လိုက်ကြလို့ ဒီမျိုးနွယ် ပြတ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဇာတသတ်ဟာ ရာဇဝင်ကို ရိုင်းစေတဲ့ ရှင်ဘုရင်အဖြစ်လည်း မှတ်တမ်း ဝင်သွားပါတယ်။ (ဒီမှတ်တမ်းဆိုးကြီးက ဘယ်လိုမှ ပယ်ဖျက်လို့ မရပါဘူး။ ခုထိ ပိဋကတ်တော်ထဲမှာ ထင်ရှားရှိနေဆဲပါ။)

    နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး သာမညဖလသုတ် ဒေသနာတော်ကို ဟောပြီးတဲ့အခါ ဘုရားရှင်မိန့်ကြားလို့ သိလိုက် ရတာက တကယ့် ရှုံးချက်နာတာပါ။ “တကယ်လို့သာ အဇာတသတ်ဟာ အဖသတ်ကံဆိုတဲ့ ပဉ္စာနန္တရိယကံကြီးကို မကျူးလွန်ခဲ့ရင် ဒေသနာတော်ရဲ့အဆုံးမှာ သောတာပန်အရိယာ ဖြစ်ကိုဖြစ်ရမှာ။ ခုတော့ သူ့ရဲ့ သောတာပန်ဖြစ်နိုင်စွမ်း ပါရမီအရင်းအမြစ်ကို အဖသတ်ကံကြီးနဲ့ တူးဖြိုပြီး ထီးနန်းစည်းစိမ်နဲ့ လဲစားခဲ့မိလို့ အရိယာဖြစ်ခွင့် ရှုံးသွားပြီတဲ့။ (ဒီအရှုံးဟာလည်း ခုထိအဖတ်ဆယ်လို့ မရသေးပါဘူး။)

    ဒါတင်မကသေးဘူး ပဉ္စာနန္တရိယကံကြီးဆိုတာ မဂ်တား၊ ဖိုလ်တားဖြစ်ရုံသာမက အပါယ်မျိုးစေ့ စစ်စစ်ကြီးလည်း ဖြစ်တာကြောင့် ဘယ်လို ကုသိုလ်မျိုးနဲ့မှ ပြေပျောက်အောင် အစားထိုးလို့လည်း မရပါဘူး။ ဒါကြောင့် အဇာတသတ် မင်းကြီးဟာ ဘုရားရှင်နဲ့တွေ့ပြီး သာသနာတော်မှာ အရေးအပါဆုံးဖြစ်တဲ့ သာမညဖလသုတ်ဒေသနာတော်ကြီးကို နာကြား ခွင့်ရလို့ သာသနာ တော်မှာ အရေးအပါဆုံး ပထမသင်္ဂါယနာတင်ပွဲရဲ့ သာသနာ့ဒါယကာကြီးဖြစ်တဲ့အထိ ကုသိုလ်တွေ ပွားခဲ့ပေမယ့် အဝီစိအထိ လားရောက် ရမယ့်အရေးလောက်ကိုပဲ ဟန့်တားနိုင်ခဲ့ပါတယ်။ သေသည်ရဲ့အခြားမဲ့မှာတော့ “လောဟကုမ္ဘီ”ဆိုတဲ့ ငရဲမှာ ကျရောက်ရ ပါတယ်။ အနှစ်ခြောက်သောင်းကြာမယ်ဆိုတော့ အခုအထိလည်း အဲဒီမှာ အရှုံး ဒဏ်ကို ခံနေရဆဲပါ။

အရအကုန်နဲ့အရှုံးအမြတ်

ဒါတွေအားလုံးကို ခြုံကြည့်လိုက်တဲ့အခါ “လုပ်ရပ်၊ ဖြစ်ရပ်တွေရဲ့ စာရင်းချုပ် အမြတ်အရှုံးဆိုတာ ရခြင်း၊ ကုန်ခြင်း တို့နဲ့ တိုင်းတာလို့ မမှန်နိုင်ဘူး။ တရားခြင်း၊ မတရားခြင်းနဲ့ တိုင်းတာမှသာ မှန်ကန်နိုင်တယ်”ဆိုတဲ့ အဖြေမှန် ထွက်ပေါ်လာ ပါတယ်။

ဟုတ်ပါတယ်။ ရခြင်းမှာလည်း တရားသဖြင့်ရရင် မြတ်တယ်၊ မတရားသဖြင့်ရရင် ရှုံးပါတယ်။ ကုန်ခြင်းမှာလည်း အလားတူ ပါပဲ၊ တရားသဖြင့် ကုန်ရင် မြတ်ပါတယ်၊ မတရားသဖြင့်ကုန်ရင်တော့ ရှုံးပါတယ်။

   ရခြင်းရဲ့အမြတ်အရှုံးနှစ်မျိုးမှာ “တရားသဖြင့် ရရင်မြတ်တယ်”ဆိုတာကတော့ ဘုရားရှင် “သုခသုတ်”မှာ ဟော တော်မူသလို ပါပဲ။ “ပိုင်ဆိုင်ခြင်း၊ သုံးဆောင်ခံစားရခြင်း၊ ကြွေမြီးကင်းခြင်း၊ မတရားမှု ကင်းခြင်း”ဆိုတဲ့ ချမ်းသာ လေးမျိုးကို ရရှိနိုင်တဲ့အတွက် မြတ်ပါတယ်။

  “မတရားသဖြင့်ရရင် ရှုံးတယ်”ဆိုတာကတော့ အဇာတသတ်တို့လို ရာဇဝင်ရိုင်းစေတဲ့ ရခြင်းမျိုး၊ ခိုးယူ၊ ယုယက်၊ နိုင်ထက် စီးနင်း သိမ်းပိုက်ယူတဲ့ ရခြင်းမျိုးဟာ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံးမှာ ရှုံးပါတယ်။ ဒီအရှုံးကတော့ သတိထား အသိပွား သူများသာ သဘောပေါက်နိုင်တဲ့ အရှုံးမျိုးပါ။

 လောကဓမ္မ ကောင်းကျိုးတွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေကြသူတွေအနေနဲ့ ကိုယ်တိုင် လုပ်ဆောင် နေကြပါ လျက်နဲ့ ကောက်ချက် မှန် မချနိုင်တာကတော့ “ကုန်ခြင်းရဲ့ အမြတ်နဲ့အရှုံး”ပါ။

မြတ်ဗုဒ္ဓရဲ့ ဒေသာနတော်များမှာ ကုန်ခြင်းနဲ့ပတ်သက်လို့ -

(၁) စွန့်ကြဲပေးကမ်း လှူဒါန်းလို့ ကုန်ခြင်း (စာဂက္ခယ)။
(၂) စားသောက်သုံးစွဲလို့ ကုန်ခြင်း (ပရိဘောဂက္ခယ)။
(၃) ဖြုန်းတီးခြင်း (သို့) ရေ၊ မီး၊ မင်း၊ ခိုးသူ၊ သားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ ပြုန်းတီးပြီး ကုန်ခြင်း (ဗျသနက္ခယ) ဆိုပြီး (၃)မျိုးရှိတယ်။ ဒီ (၃)မျိုးထဲမှာ နံပါတ်(၁)ကုန်ခြင်းမျိုးဟာ မြတ်သော ကုန်ခြင်းဖြစ်တယ်လို့ ဟော တော်မူပါတယ်။

 ဒါကြောင့် ကုန်ခြင်းမှာလည်း နံပါတ်(၁)ဖြစ်တဲ့ စွန့်ကြဲပေးကမ်းလို့ ကုန်ခြင်းဟာ မြတ်တယ်။ နံပါတ်(၃)ဖြစ်တဲ့ ဖြုန်းတီး၊ ပြုန်းတီးပြီးကုန်ခြင်းကတော့ ရှုံးတယ်။ နံပါတ်(၂)ဖြစ်တဲ့ သုံးဆောင်ခံစားလို့ ကုန်ခြင်းကတော့ “အရှုံးအမြတ်မရှိတဲ့ အရင်း”လို့ သဘောပေါက်ကြရမှာပါ။

အရှုံး အမြတ်နဲ့ အကြီးအသေး

အရှုံးနဲ့အမြတ်ကို သိပြီးတဲ့အခါ အကြီးနဲ့အသေးကိုလည်း ထပ်ပြီး ခွဲခြမ်းကြည့်နိုင်ပါသေးတယ်။ အရှုံး(၂)မျိုးမှာ ဘယ်အရှုံးက အရှုံးကြီးလဲ၊ ဘယ်အရှုံးက အရှုံးသေးလဲ။ အမြတ်နှစ်မျိုးမှာလည်း အဲဒီလိုပဲပေါ့။

   ဖြေးဖြေးစဉ်းစားကြည့်ပါ။ မတရားကုန်ရတဲ့ ဖြုန်းတီးမှု၊ ပြုန်းတီးမှုကြောင့် ရှုံးရတယ်ဆိုတာဟာ အလွန်ဆုံး အခုတစ်ဘဝ တစ်သက်တာ အတွက်သာ ရှုံးရတာပါ။ ဒီအရှုံးအတွက် သံသရာနဲ့ချီပြီး ဘဝအဆက်ဆက် ပေးဆပ်စရာ မလိုပါဘူး။ မတရားရယူပြီး ရှုံးရတဲ့ အဇာတသတ် ရဲ့အရှုံးမျိုးကတော့ တစ်ဘဝတစ်သက်တာအတွက် မကပါဘူး။ သံသရာနဲ့ချီပြီး ပေးဆပ်ရမှာပါ။ လောကုမ္ဘီငရဲမှာ ကျခံရမှာက အနှစ်ခြောက် သောင်းသာလို့ ဆိုပေမယ့် အဲဒီကလွတ်မြောက်ပြီးတဲ့ အခါမှာ လည်း သူကိုယ်တိုင် “ဝိဇိတာဝီ”ဆိုတဲ့ ပစ္စေကဗုဒ္ဓ ဖြစ်ဖို့အတွက် အနည်းဆုံး (၂)အသင်္ချေနဲ့ကမ္ဘာတစ်သိန်းလောက် ပါရမီတွေဖြည့်ရဦးမှာမို့ ပါရမီဖြည့်သူတို့ ထုံးစံအတိုင်း ခံရမယ့် ဒုက္ခတွေ၊ သေရမယ့် ဘဝတွေဟာ ခန့်မှန်းလို့ မရနိုင် လောက်အောင် အသင်္ချေပေါင်းများစွာပါ။

ဒါကြောင့် အရှုံးခြင်း ယှဉ်ကြည့်ရင် ကုန်ပြီး ရှုံးရတာထက် ရပြီးရှုံးရတဲ့ အရှုံးက အတိုင်းမသိ ကြီးမားပါတယ်။
အမြတ်နှစ်မျိုးကိုလည်း စဉ်းစားပြီး တွက်ကြည့်ပါ။ မိမိရဲ့ ကံဥာဏ်လုံ့လတွေနဲ့ တရားသဖြင့်ရရှိတဲ့ ရာထူးဂုဏ်သိန်၊ စည်းစိမ် ဥစ္စာတွေဆိုတာ “သမုဒ္ဒရာထက်၊ တစ်ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်}}ဆိုတဲ့အတိုင်း တစ်ဘဝ တစ်သက်တာ အတွက်ပဲ မြတ်တာပါ။

  ပစ္စည်းဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်အသက်တို့ကို စွန့်လွှတ် အနစ်နာခံပြီး လောကတ္ထစရိယကို ကျင့်ကြသူတို့ရဲ့ ကုန်ပြီး မြတ်တဲ့ အမြတ်ကတော့ ဖြစ်ဆဲတစ်ဘဝကစပြီး သံသရာခရီးဆုံးရာ နိဗ္ဗာန်အထိ အတိုင်းအဆမရှိ မြတ်ကြပါတယ်။ အာဇာနည်တို့ရဲ့ အမြတ်ဆုံးခရီးဆိုတာ ကုန်ပြီး မြတ်တဲ့ အမြတ်ခရီးပဲ မဟုတ်ပါလား။

ဒါကြောင့် အရှုံးချင်း ယှဉ်ရင် ရပြီး ရှုံးတဲ့ အရှုံးက အရှုံးကြီးတယ်။ အမြတ်ချင်း ယှဉ်ရင်တော့ ကုန်ပြီး မြတ်တဲ့ အမြတ်က အမြတ်ကြီးတယ်လို့ သဘော ပေါက်ကြရမှာပါ။

“မနုဿတ္တ ဒုလ္လဘ”ဆိုတဲ့ သုဂတိ လူ့ဘုံ၊ လူ့ဘဝရတုန်း ရခိုက်ဆိုတဲ့ ခဏကောင်း အခိုက်အတန့်ကောင်းလေးမှာ ဒီအရ အကုန်နဲ့အရှုံးအမြတ် အကြီးအသေးတို့ကို သတိရှိရှိ၊ အသိရှိရှိ တွက်မိကြဖို့ အလွန်အရေးကြီးပါတယ်။

  မတရားရတဲ့ အရှုံးဟာ အရှုံးတကာထဲမှာ အကြီးဆုံးဆိုတာကို သဘောပေါက်ကြမယ်ဆိုရင် “ဘယ်သူသေသေ၊ ငတေမာ ပြီးရော”တို့၊ “ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါဖို့ပဲ အရေးကြီးတယ်”တို့ဆိုတဲ့ မတရားရယူမှုမျိုးတွေနဲ့ ကိုယ့်တွက်ကိုယ့်တာ ဘဝနာရုံသာမကဘဲ ကိုယ်ဖြစ်တည် ကျင်လည်ရာ နိုင်ငံနဲ့အဝန်း ရှင်ရောလူပါ၊ သတ္တဝါအားလုံး နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်စေတဲ့ ရာဇဝင်ရိုင်းမှုမျိုးတွေကို ဘယ်သူမှ ကျူးလွန်ဝံ့ကြမှာ မဟုတ်တဲ့အတွက် လောကကြီး အေးချမ်းသာယာသွားမှာ မလွဲပါဘူး။

  အလားတူပဲ တရားသဖြင့် စွန့်လွှတ် အနစ်နာခံပြီး ရရှိတဲ့ အမြတ်ဟာ အမြတ်တကာထဲမှာ အသာဆုံး အလွန်ဆုံးဖြစ်တဲ့ အာဇာနည်တို့လုပ်ထုံး နည်းလမ်းကြီးဖြစ်တယ်ဆိုတာကို သဘောပေါက်ကြမယ်ဆိုရင်လည်း ရရှိပိုင်ဆိုင် သမျှ ဘဝနဲ့စည်းစိမ်တို့ကို “အိပ်၊ စား၊ ကာမ”ဆိုတဲ့ တိရစ္ဆာန်လို အဖြစ်မျိုးနဲ့ အချည်းနှီး ကုန်လွန်မသွားစေကြဘဲ လောက ကျိုး သာသနာကျိုးအတွက် မဖြစ်မနေ စွန့်လွှတ်ဆောင်ရွက်ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ တိုးပွားသည် ထက်တိုးပွား လာမှာဖြစ်လို့ လောကကြီး ပိုမိုတိုးတက်သာယာလာမှာ အမှန်ပါ။

မြတ်ဗုဒ္ဓကတော့ “ကံနဲ့ကံရဲ့အကျိုးကို ငါဘုရားရှင် သိသလိုသာ သိရှိလက်ခံကြမယ်ဆိုရင် လောကမှာ မကောင်း မှုကို ပြုဝံ့သူဆိုတာလည်း မရှိနိုင်တော့သလို ကောင်းမှုကို မပြုဘဲ နေဝံ့သူလည်း မရှိနိုင်ဘူး”လို့ မိန့်ကြားတော်မူပါ တယ်။

ရာဇဝင်ရိုင်းမှုများ ဆိတ်သုဉ်း ကိုယ်ကျိုးစွန့်သူ အာဇာနည်များ ဆထက်ထမ်းပိုး တိုးတက်ပြီး
နိုင်ငံနဲ့အဝန်း တိုးတက်သာယာ ဝပြောပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

13 Mar 2013

ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး

လောကမှာ ကဲ့ရဲ့သူဆိုတာ စကားမပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။
နှိုင်းနှိုင်းချိန်ချိန် တိုင်းတိုင်းဆဆ ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။
စကားတွေ သိပ်ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။
တကယ်တော့ ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး။
ဒီတော့ ကဲ့ရဲ့မှာကို တွေးကြောက်မနေနဲ့။
ကိုယ်ကသာ အလုပ်မှန်ကန်နေပေ့စေ။
ကြောက်စရာမလို၊
စိတ်အား သေးနုပ်တဲ့သူတွေဆိုတာ ကဲ့ရဲ့တတ်စမြဲပဲ။
အဲဒါမျိုးကိုပြောတာ။
"လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း၊
လူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏"။
လူကောင်းတစ်ယောက် ချီးမွမ်းမှုကိုသာ အရေးစိုက်ပါ။

( ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

3 Mar 2013

သံဝေဂကထာ

သံဝေဂကထာ
=========
မင်းတို့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ လူဖြစ်ရတာနဲ့ မဖွံ့ဖြိုးမတိုးတက်တဲ့နိုင်ငံမှ
ာ လူဖြစ်ရတာ ဘယ်ဟာက ကောင်းတုန်း? ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ လူဖြစ်ရတာ ကောင်းတာပေါ့၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဆိုတာ လမ်းတယ်ကောင်းတယ်ကွာ၊ လျှပ်စစ်မီးတွေ လုံလောက်တယ်ကွာ၊ ရေတွေ လုံလောက်တယ်ကွာ။ မင်းတို့ ဗမာပြည် လမ်းတွေ ကောင်းသလား? (မကောင်းပါဘုရား) ရေတွေ လုံလောက်လား? (မလုံလောက်ပါဘုရား) အဲဒါတွေ မလုံလောက်သေးတော့ မင်းတို့က ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံလို့ပြောမလား၊

ကဲ ကောင်းပြီ မင်းတို့ ကထိန်ခင်းတဲ့ ကုသိုလ်က ယူပေးလို့ နောင်ဘ၀မှာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ သန်းကြွယ်သူဌေးကြီး ဖြစ်ပြီထားဗျာ၊ အဲဒီသန်းကြွယ်သူဌေးကြီးရဲ့ ခန္ဓာကိုယ်မှာ သေလောက်တဲ့ ရောဂါ စွဲကပ်လာရင် သူပိုင်ဆိုင်တဲ့ ငွေကြေးက မသေအောင် ကူညီနိုင်ရဲ့လား၊ မင်းတို့ အီရန်ရှာဘုရင်ဆိုတာ ကြားဘူးလား၊ အီရန်ရှားဘုရင်က သူ ဘယ်လောက်ထိ ချမ်းသာသလဲဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်းနှစ်သောင်း ချမ်းသာတယ်ကွ၊ မင်းတို့ အမေရိကန်ဒေါ်လာ သန်းပေါင်းနှစ်သောင်းဆိုတာ ဗမာပြည်တပြည်လုံး လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေးလောက် မကဘူး၊ မင်းတို့ ဗမာပြည် လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေး ၁၉၇၂-ခုနှစ်တုန်းက သန်းပေါင်း သုံးထောင်နဲ့ ခြောက်ရာရှိတယ်ကွ၊ ၁၉၇၂၊ ၈၂၊ ၉၂၊ ၂၀၀၂-ခုဆိုတော့ နှစ်ပေါင်းသုံးဆယ်၊ အဲဒီ ၁၉၇၂ခုနှစ်တုန်းက ဗမာပြည်တပြည်လုံး လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေးဟာ တရားဝင်ကြေညာတယ်၊ ကျပ်ငွေ သန်းပေါင်း သုံးထောင်ကျော်ရှိတယ်တဲ့၊ ခုနက အီရန်ရှားဘုရင်ပိုင်တာက ဒေါ်လာငွေ သန်းပေါင်းနှစ်သောင်းကွ၊ ဘယ်ဟာက များတုန်း၊
မင်းတို့ ဗမာတွေ သိပ်ပြီးတော့ ဘ၀င်မမြင့်နဲ့၊ အီရန်ရှားဘုရင်ပိုင် တယောက်ပိုင်ဆိုင်တဲ့ ငွေကြေးလောက်မှ မင်းတို့ ဗမာပြည် တပြည်လုံး မပိုင်းဘူး၊
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ အဲသလောက် ချမ်းသာတဲ့ သန်းကြွယ်သူဌေးကြီးဖြစ်ပြီထား၊ အဲဒီသူဌေးကြီးရဲ့ ခန္ဓာကိုယ်မှာ သေလောက်တဲ့ ရောဂါစွဲကပ်လာရင် သူပိုင်ဆိုင်တဲ့ ငွေကြေးက မသေအောင် မကူညီနိုင်ဘူး၊ အခု အီရန်ရှားဘုရင် သေပြီ၊ မရှိတော့ဘူး၊ သူပိုင်ဆိုင်တဲ့ ဒေါ်လာသန်းပေါင်းနှစ်သောင်းကျော်က သူ့ခန္ဓာကိုယ်မှာ ဖြစ်တဲ့ရောဂါကို ပျောက်ကင်းအောင် မကူညီနိုင်ဘူး။

ဒါကြောင့်မို့လို့ ကနေ့လုပ်ကုသိုလ်ကြောင့် အိုဘေးနာဘေူး သေဘေးက မကင်းတဲ့ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းဆိုတဲ့ လောကီချမ်းသာကို ဆုမတောင်းပါနဲ့၊ အိုဘေး နာဘေးသေဘေးက ကင်းတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရပါလို၏ ဆုတောင်း။ ။

ဆုတောင်နေရုံနဲ့လဲ မရဘူး။ မင်းတို့ ငါတို့ လူ့ဘ၀ လူ့စည်းစိမ်ဆိုတာ ဘယ်လောက်မှ မကြာဘူး၊ အသက်ရှစ်ဆယ် ကိုးဆယ်ဆိုရင် သေသလား မသေဘူးလား၊ မိုးရွာဘို့ တက်လာတဲ့ တိမ်တွေလိုပဲကွ၊ တိမ်တွေ တခဲနက်တက်လာပြီး ဗြောင်းဗြောင်း ဗြောင်းဗြောင်းဆို မိုးရွာချ၊ မိုးပေါ်မော့ကြည့် တိမ်တွေ ရှိသေးလား၊
ကိုင်းလိုက်ဆို ။
လူ့သက်လူ့အိမ် လူ့စည်းစိမ်ကား မိုးတိမ်လျှပ်နှယ်၊ ပျံ့သောကြယ်မျှ ကြာနွယ်ရေချာက်၊ သေမီးတောက်သို့၊ ချုပ်ပျောက်ခန္ဓာ၊ ကွယ်ရရှာသည်၊ မှန်စွာအနိစ္စပါတကား၊ မှန်စွာဒုက္ခပါတကား၊ မှန်စွာအနတ္တပါတကား။ ။

(၁၃၆၉- စိန်ရတုအထိမ်းအမှတ် သြ၀ါဒ မှ)

မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ

12 Dec 2012

စာဖတ်ခြင်း နှင့် ပိုမိုတိုးတက်သော ဘဝ



စာမတတ်သူသည် တံခါးပေါက်မပါသော အိမ်နဲ့ တူ၏ ။အပြင်သို့ ဘာမှ မမြင်ရ။
စာတတ်ပြီး စာမဖတ်သူသည် တံခါးပေါက်ရှိပါလျှက် မဖွင့်သောအိမ်နဲ့ တူ၏ ။ 
 အသိပညာတံခါးပိတ်လျှက် ရှိ၏ ။ စာဖတ်ခြင်းသည် လူတို့ အတွက်
ကျယ်ပြန့် သော ဗဟုသုတ ၊ အကြားအမြင်ရစေ၏ ။ 
စဉ်းစားဆင်ခြင်နိုင်သော ဥာဏ်ပညာကိုလည်း ဖြစ်စေ၏ ။
                                                                        ( လယ်တွင်းသား စောချစ် )


ရှေးလူကြီးများ၏ ဆိုရိုးစကား အရ "စာမတတ်သူ ၊ စာမဖတ်သူသည် မျက်စိကန်း နေသူဖြစ်သည် '' ဟု ပြောဆိုခဲ့သည်ကို မှတ်သားခဲ့ရ ဖူးပါသည် ။ထိုအပြင့် ''စာအုပ် ၊ စာပေ လူမိတ်ဆွေ '' ဆိုတဲ့ မြန်မာစကားပုံ နှင့်အညီ မိမိတို့အား အရာရာကို သွန်သင်ဆုံးမပေးနေသည့်အရာမှာ စာအုပ်ကောင်းများပင် ဖြစ်ပါသည် ။ '' ဖတ်ပြန်သော်ကား ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေတိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည့် '' ဆိုသည့် ရှင်မဟာရဌသာရ၏ ဆုံးမစာပါ အတိုင်း ပညာမရှိသော ဇနီးသည် ၊ မလိမ္မာသော သားသမီးများပင် စာပေစကားကို နေ့တိုင်းကြားဖန်များလာပါက ဗဟုသုတများ ပြည့်စုံလာကာ လိမ္မာရေးခြား ရှိလာမည်ဖြစ်သည် ။

ကျွန်တော်တို့လူငယ်တွေ တစ်နေ့တစ်နေ့အားလပ်ချိန်တွေကို စာဖတ်ခြင်းဖြင့် အကျိုးရှိစွာ အသုံးပြုစေချင်ပါတယ် ။ မည်သူမဆိုယနေ့ ညအိပ်ယာဝင်ချိန်သည် ယနေ့မနက် အိပ်ယာထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ်ပညာ ပိုရှိနေရမည်။ သို့မဟုတ်ပါက လူသားတစ်ဦးအနေနှင့် အကြီးမား ဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည် ဟု လီယိုဗတ်စကာဂလီယာ က ပြောခဲ့ဖူးသည်။ မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။

ဒီအတွက် မည်သို့လုပ်မည်နည်း ................. ?????

တစ်နည်းသာရှိသည် " စာဖတ်ပါ " ။ နေ့စဉ်ဖတ်ပါ ။ စာဖတ်သည် ဆိုရာ၌ ငြင်းခုံဝေဖန်ရန်၊ တစ်ဖက်လူ မှားကြောင်း သက်သေသက္ကာယ ပြရန် သက်သက် အတွက် မဖတ်နှင့်။ ပြောသမျှယုံကြည်ရန်၊ သူဆိုတိုင်း လက်ခံရန်ဖတ်ခြင်းမျိုးလည်း မဖြစ်စေနှင့်။ အလားတူ ပြောစရာဆိုစရာ ရရုံအတွက်မျှလည်း မဖတ်နှင့်။ အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။ စာဖတ်ခြင်းသည် လူအားပြည့်ဝစေ၏၊ ဆွေးနွေး ပြောဆိုခြင်းသည် အသင့်ပြင်ဆင်ပြီးဖြစ်စေ၏၊ ရေးမှတ်ခြင်းက တိကျစေပေသည်။ စာအုပ်အမျိုးမျိုးတို့အနက် သမိုင်းကျမ်းတို့သည် ဖတ်သူအား အမြင်ကျယ်စေသည်။ ကဗျာစာဆိုတို့ကမူ ကွန့်မြူးသော ဥာဏ်ဖြင့် ထူးကဲရှုမြင်တတ်စေသည်။ သင်္ချာကား လျင်မြန်သော ဥာဏ်ကို ပေးသည်။ သဘာဝသိပ္ပံသည် ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေပြီး ဒဿနက တည်ကြည်
လေးနက်စေသည်။

ယုတ္တိဗေဒနှင့် ၀စနာလင်္ကာရ(အာဝဇ္ဇန်း) ပညာများကမူ သူတပါးနှင့် ရင်ဆိုင်ယှဉ်ပြိုင် ပြောဆိုနိုင်ပေသည်။ ဖတ်သောစာတို့သည် ဖတ်သူ၏ စရိုက် လက္ခဏာများ အဖြစ်သို့ ကူးပြောင်းကြမြဲဖြစ်၏။ ထိုကြောင့် မည်သည့်စာပေအမျိုးအစားကိုမဆို ဖတ်သင့်ပါတယ် ။အကောင်းနဲ့အဆိုးဆိုတာ အမြဲတွဲလျက်ရှိတာကြောင့် စာဖတ်တဲ့အခါမှာလည်း စာအုပ်ထဲက အကြောင်းအရာများဟာ မိမိရဲ့ အတွေးအခေါ်ကို အဆိပ်အတောက် မဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်။ စာဖတ်တဲ့သက်တမ်း ကြာလာတဲ့အခါမှာ ဘယ်လိုစာအုပ်မျိုးက ဖတ်ရှုသင့်သလဲ ၊ ဘယ်လို စာအုပ်မျိုးက မဖတ်ရှုသင့်ဘူးလဲဆိုတာကို စာဖတ်သူဟာ သူ့ အလိုလို သိမြင်လာပါတယ်။ စာဖတ်ခြင်းဖြင့် ဝေါဟာရများ ကြွယ်ဝလာသလို ဘာသာစကားကိုလည်း ကျွမ်းကျင်လာပါတယ်။ စာဖတ်တယ်။ ပြီးလျှင် တွေးတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။

နောက်ဆုံးမှာတော့ ပေးထားတဲ့အချက်အလက်များကို အသုံးပြုပြီးတော့ ဆက်လက်လုပ်ဆောင်သွားတယ်။ ဒီအခြေခံအသိပညာကတော့ ဘာသာရပ်တိုင်းမှာ အတူတူပင်ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ ဘယ်ဘာသာရပ်ကိုမဆို လေ့လာသင်ယူနေတဲ့သူများအတွက် အကျိုးကျေးဇူးများပါတယ်။ ထို့အပြင် စာဖတ်ခြင်းဖြင့် စာရေးခြင်းစွမ်းရည်ကိုလည်း တိုးတက်လာစေပါတယ်။ စာဖတ်နေစဉ်မှာ မိမိနဲ့ မကျွမ်းဝင်တဲ့ စာအုပ်ပါအကြောင်းအရာများကို တွေးတောမိတတ်ပါတယ်။ ထိုသို့ တွေးတောခြင်းဟာ ဦးနှောက်ရဲ့ မီးခိုရောင်ဆဲလ်များကိုပါ ပိုမို အသုံးပြုစေတဲ့အတွက် စာဖတ်သူဟာ ပိုမို ထက်မြက်တဲ့သူ ဖြစ်လာပါတယ်။ စာဖတ်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့ အရည်အသွေး တိုးတက်ကောင်းမွန်စေ
တာတင်သာမကပဲ လုပ်ငန်းခွင်မှာလည်း တိုးတက်ကောင်းမွန်စေပါတယ်။ စာအုပ်များထဲမှ ယဉ်ကျေးမှု၊ ဘာသာ၊ စီးပွားရေးများအပြင် အခြားအကြောင်းအရာများစွာကို လေ့လာ သိရှိနိုင်ပါတယ်။

မိမိနဲ့ အတွေးအမြင် ရှုထောင့်မတူညီတဲ့ အာဘော်ကို စာအုပ်ထဲမှာ ဖတ်ရှုရတဲ့အခါမှာ စာရေးဆရာနဲ့ မိမိနဲ့အကြားမှာဒီမတူညီတဲ့ အမြင်ရှုထောင့် ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို စဉ်းစား ဆင်ခြင်မိစေ ပါတယ်။ အဲဒီလို မိမိနဲ့ မတူညီတဲ့ဖက် တစ်ခုကနေ တွေးတော စဉ်းစားမိတဲ့အခါမှာ မိမိရဲ့ စိတ်ဟာလည်း အခြားသူများကို နားလည်လာပြီး ပိုမို ပွင့်လင်းလာပါတယ်။ အခြားသူတစ်ဦးရဲ့ ဖြစ်တည်နေမှုကိုလည်း လေးစား လာတတ်ပါတယ်။ မဂ္ဂဇင်းများ၊ ခေတ်လွန်များ၊ ဘဝသရုပ်ဖော် ဝထ္ထုများ ဘယ်စာကို မဆို ဖတ်ဖို့ပဲ အရေးကြီးပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ခြင်းဖြင့် စာရေးဆရာက ရှုထောင့်တစ်မျိုးမှ တင်ပြထားသော် လည်း စာဖတ်သူက လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ပြီး လွတ်လွတ်လပ်လပ် စိတ်ကူး မျှော်မြင်နိုင်ပါ တယ်။ စာဖတ်ခြင်းဖြင့် ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ် မြင့်မားလာပါတယ်။

စာများများ ဖတ်လေလေ၊ လူအများက မေးတဲ့ မေးခွန်းတွေကို မိမိက ပိုမို ဖြေလာနိုင်လေလေ ဖြစ်လာပြီး နောက်လူအများ မဖြေရှင်းနိုင်သော ပြဿနာများ၊ အမေးပုစ္ဆာများကို မိမိက ဖြေရှင်းလာနိုင် ပါတယ်။ အဲဒီအတွက် မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ရှုတယ်ဆိုရင် စာအုပ်ထဲက ဇာတ်ကောင်များ၊ ဇာတ်လမ်း ဇာတ်ကွက်များကို မှတ်မိတဲ့အလေ့ ဖြစ်လာပြီးနောက် မှတ်နိုင်စွမ်း မှတ်ဥာဏ်ကလည်း ပိုမို ကောင်းမွန်လာပါတယ်။ စာဖတ်တဲ့သူမှာ အများတကာကို ဝေမျှစရာ အကြောင်းအရာများစွာ ရှိနေတတ်ပါတယ်။ စာများများဖတ်လေလေ ဝေမျှစရာတွေက မကုန်နိုင်လေပါပဲ။ နောက်ဆုံး ဘာမှ အကျိုးကျေးဇူး မရှိဘူးပဲ ထားပါဦးတော့။

ဘဝရဲ့ နေ့ရက်တွေမှာ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အချိန်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ အကျိုးကျေးဇူးများ လွန်းတဲ့အတွက် အားလပ်ချိန်မှာ စာဖတ်ခြင်း အလေ့အထဟာ မွေးမြူသင့်တဲ့ အကျင့်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

''ဗာဟုဿဉ္စ၊ သိပ္ပဉ္စ'' ဗဟုသုတအကြားအမြင်များခြင်း၊ အတတ်ပညာရှိခြင်း၊ တတ်မြောက်ခြင်းသည် 'မင်္ဂလာ' မည်ကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သကဲ့သို့ပင် စာအုပ်စာပေများစွာ ဖတ်ခြင်းဖြင့် မိမိတို့ဘဝကို ပိုမိုတိုးတတ်ကောင်းမွန်သော ဘ၀ကို တည်ဆောက်နိုင်ကြလိမ့်မည်ဟု ကျွန်တော်ထင်မြင် ယူဆပါသောကြောင့် ကျွန်တော်တို့လူငယ်တိုင်း စာဖတ်ကြပါ လို့ နှိုးဆော်တိုက်တွန်းလိုက်ပါရစေခင်ဗျာ ။

ကိုးကားသော လင့်များ - http://theinzawygn.blogspot.com/
ကိုပဲလေး ဘလော့မှ ကူယူးဖော်ပြသည်။။။။။။။။။

1 Nov 2012

ရဟန်းတော်များ၏ ပညာရေး

ပညာရေးသည် သင်ပေးတာအဓိကလား၊ သင်ယူတာအဓိကလား၊ 
မြန်မာနိုင်ငံ၏ လက်ရှိပညာရေး စနစ်သည် စာမေးပွဲကို ဗဟိုပြုထားသည်။ 
အစိုးရကလည်း စာမေးပွဲကိုဗဟိုပြု၊ 
ဆရာ၊ဆရာမ ကျောင်းသူ ကျောင်းသားမိဘများကလည်းစာမေးပွဲကိုဗဟိုပြု၊ 
စာသင်ခန်းသည် ကျောင်းသူ ကျောင်းသားများ၏ သင်ယူရာဌာနမဟုတ်တော့ဘဲ စာမေးပွဲဖြေရန်လေ့ကျင့်ပေးသောဌာနအဖြစ် ပြောင်းလဲသွားကြောင်း၊
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်ကျောင်းသားများကို 
ဘဝတစ်သက်တာ အသုံးဝင်မည့် ဗဟုသုတနှင့် နည်းပညာများကို ပေးစွမ်းနိုင်ရုံမကစဉ်းစားဆင်ခြင်နိုင်သော ဉာဏ်ကို ပေးသည့် ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီပညာရေးစနစ်ကို ကျင့်သုံးကြသောနိုင်ငံများသည် 
'တက်ကြွစွာသင်ယူခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း' 
(Active Learning and Critical Thinking) 
သင်ကြားနည်းစနစ်ကို အသုံးပြုကြကြောင်း 
ဒီလှိုင်းစာစောင်တွင် ဖော်ပြခဲ့သော 
'ဒီမိုကရေစီနှင့် ပညာရေးပြောင်းလဲမှု ကျောင်းသားတွေ ဘယ်လိုသင်မလဲ' 
ဆောင်းပါးတွင် ဒေါက်တာသိန်းလွင် (ပညာရေး) က တင်ပြသွားပါသည်။ 
အထက်ပါ စကားစုသည် ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ကြသော ဘာသာကြီးလေးခု ရှိပါသည်။ 
ထိုအထဲတွင် ဗုဒ္ဓဘာ သာဝင်ဦးရေသည် ၆ဝ ရာခိုင်နှုန်းရှိပါသည်။ 
ရဟန်းတော်ဦးရေနှင့် သီလရှင်၊ အဘိုးအဘွားဦးရေတို့ သည် ခုနှစ်သိန်းခန့်ရှိပါသည်။ ထိုအရေအတွက်ဦးရေတို့ကို ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့က 
ကျွေး မွေးပြုစုစောင့်ရှောက်ထားပါသည်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကဆရာတော်တစ်ပါးက 
ရဟန်း၊ သီလရှင်၊ ဘိုးဘွားတို့နေ့စဉ် ကျွေးမွေးထားရသည့် ကုန်ကျစရိတ်မှာ (တစ်နေ့တာ) စစ်ကိုင်းတံတားကြီးတစ်စင်းစာမျှလောက်အထိ ရှိကြောင်း သြဝါဒပေးဖူးပါသည်။ ဟုတ်မည်ထင်ပါသည်။

ကောင်းပြီ။ ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကနေ ကျွေးမွေး၊ 
နေရာထိုင်ခင်း၊ အဆောက်အအုံတွေပေး၍ အကိုးကွယ်ခံ အဓိကရဟန်းတော်များနဲ့ သီလရှင်များသည် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကို ဘယ်လို အထောက်အပံ့တွေပေးနေပါသလဲဆိုတာ ဆန်းစစ်ဖို့လိုပါသည်။ 
အကိုးကွယ်ခံ သက်သက်နဲ့နေသွား မည်ဆိုလျှင် 
ကြာလာရင် ပြတိုက်ထဲသွားကြည့်ရမည်ဖြစ်သည်။

ခေတ်သစ်စနစ်သစ်ပြောင်းလဲနေသည့် ဒီမိုကရေစီခေတ်မှာ 
သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေကိုလည်း 
စည်းစနစ်ကျနစွာ စိစစ်ဖို့ လိုလိမ့်မည်ဟု ထင်သည်။ 
ဒါမှသာ အထက်တန်းကျကျ မျက်နှာပန်းလှ လှ ကမ္ဘာ့အလယ်မှာ 
ဗုဒ္ဓဘာသာရယ်လို့ ဝံ့ကြွားနိုင်မည်ဖြစ်ပါသည်။ 
အဲသလိုမှမဟုတ်ဘဲ ဝတ်ချင်သ လိုဝတ်၊ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်သလို ထွက်ဆိုရင်၊ လမ်းဘေးတကာ ဈေးတကာသပိတ်ပိုက်ပြီး အလှူခံနေမည်ဆိုရင် 
ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာဝင်တွေ မျက်နှာငယ်ရမည်ဖြစ်ပါသည်။

နောက်ပြီး အရည်အချင်းပြည့်သည့် သာသနာ့ ဝန်ထမ်းရဟန်းတော်များကို အခွင့်အရေးတစ်ရပ်ပေးရင် မကောင်းပေဖူးလားဟု တွေးမိသည်။ 
ဥပမာ-နိုင်ငံတော်ကဖြစ်စေ၊ လူမှုရေးအဖွဲ့အစည်းကဖြစ်စေ၊ 
ပစ္စည်းလေးပါး ပြည့်စုံအောင် ထောာက်ပံ့ပေးသင့်သည်။ 
ပြည်သူလူထုအပေါ် အမြဲတမ်းမှီခိုနေရမည် ဆိုရင်လည်း သဘာဝမကျပေ။ 
ပြည်သူလူထုမှာ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ လုံးပတ်ချာနေရ၍ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ရဟန်းတော်တွေက ဗုဒ္ဓဘာသာဝင်ပြည်သူလူထုကို ဘာတွေလုပ်ပေးနေသလဲဆိုတာ အရေးကြီးသည်။ 
တိုက်ပိတ်ပြီး ရဟန်းတော် အချင်းချင်း စာပေသင်ကြားပို့ချခြင်းဖြင့်လည်း ခရီး မတွင်နိုင်ပေ။ ယနေ့ကာလတွင် B.A၊ M.A၊ Ph.D ဘွဲ့ရ ရဟန်းတော်တွေပေါသော်လည်း 
၎င်းရဟန်း တော်များသည် ဒကာ၊ ဒကာမတွေထံ အလှူခံရင်း ရုန်းကန်နေကြရပါသည်။
သာသနာ့ဝန်ထမ်း ရဟန်းတော်များအနေဖြင့် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့ကို 
တစ်စိတ်တစ်ပိုင်း အနေနဲ့ အားကိုးသင့်၊ အားကိုးထိုက်အောင် လုပ်ငန်းတစ်ခုခုလုပ်ဆောင်ပေးနိုင်ရမည်။
ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်တို့ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးသည်
ပြတိုက်တွင်သွားထားရမည့် ပညာရေးစနစ်ဖြစ် ပါသည်။
 ကမ္ဘာတွင်ဝင့်ကြွားနိုင်အောင် များစွာကြိုးစားဖို့လိုပါသည်။
ဥပမာ-၂ဝဝ၄ ကမ္ဘာအေးမဟာပါသာဏ လိုဏ်ဂူတွင်ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံအစည်း အဝေးကိုကြည့်ရင် 
သာသနဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကိုသိနိုင်ပါသည်။ 
ထိုညီလာခံအ စည်းအဝေးပွဲတွင် 
မည်သည့် တိပိဋကဓရတစ်ပုံဆောင်၊ နှစ်ပုံဆောင်၊ သုံးပုံဆောင်တွေမှ 
အင်္ဂလိပ်လို ဝင်ရောက်ဆွေးနွေးသူ မရှိသလောက်နည်းခဲ့သည်။ ရေငုံနှုတ်ပိတ်နေကြသည်များသည်။ 
ထိုအစည်းအဝေးပွဲကို သင်ခန်းစာယူ၍ ယခုအခါ တိပိဋကဓရ ဆရာတော်တစ်ပါးသည် အောက်စ်ဖို့တက္ကသိုလ်တွင် မခံချင်စိတ်ဖြင့် အင်္ဂလိပ်စာသင်ယူနေသည်။ ပညာသင်သည်ဆိုသည်မှာ ကြီးငယ်အချိန်မရွေးပါ။ 
သို့ သော်လည်း လူ့ဘဝသည်အချိန်တိုတောင်းလှပါသည်
ထိုသို့ခေတ်ရှေ့ရေးကို ကြိုတင်မြင်တော်မူ၍ 
မင်းကွန်းတိပိဋကဆရာတော်ကြီးဦးစီး၍ မန္တလေး၊ ရန်ကုန်တို့တွင် 
နိုင်ငံတော်ပရိယတ္တိ သာသန တက္ကသိုလ်ဆိုပြီးနှစ်ခု တည်ထောင်ခဲ့ပါသည်။ 
နောက်ပေါ် ထွန်းတော်မူလာသည့် တိပိဋကဓရဆရာတော်များ လုပ်ဆောင်ချက်များက မင်းကွန်းဆရာတော်ကြီး နှင့်ယှဉ်လျှင် 
အကောင်အထည် ဖော်နိုင်မှုအားနည်းသည်ဟုမြင်ပါသည်။ 
မင်းကွန်းဆရာတော်ကြီး၏ ခြေလှမ်းကို လိုက်မနင်းနိုင်ရင်
မင်းကွန်းဆရာတော်ကြီး၏ ဂုဏ်သိက္ခာကိုတက်စေမှာမဟုတ်ပါ။

နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်သည် မန္တလေး၊ ရန်ကုန်နှစ်ခုသာရှိ၍ 
ထပ်မံတိုးဖွဲ့ ဖွင့်လှစ်ရန် လိုပါသည်။ ဓမ္မာစရိယ သုံးကျမ်းအောင်ပြီးကာမှ 
တက်ရသည့် I.T.B.M-U ခေါ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ဆိုပြီး တက္ကသိုလ်လည်းရှိပါသည်။ ထိုတက္ကသိုလ်ကတော့ 
ပြည်ပရဟန်းတော်များကို အဓိကရည်ရွယ်၍ ဖွင့်ထားခြင်းဖြစ်ပါသည်။ 
အမေရိကန်၊ ဂျပန်၊ အရှေ့တောင်အာရှမှ ကြွလာသည့် ရဟန်းတော်များနှင့်
မြန်မာရဟန်းတော် အနည်းငယ်တို့ တက်ရောက်နေကြပါသည်။
မန္တလေး၊ ရန်ကုန်တက္ကသိုလ်နှစ်ခုတွင် တက်ရောက်ရမည့် ရဟန်းတော်များသည် 
ပထမကြီးတန်း အောင်၊ အင်္ဂလိပ်စာ ၁ဝ တန်း၊ တက္ကသိုလ် ဝင်တန်းအဆင့်ရှိရမည်ဖြစ်ပါသည်။ တစ်နှစ်ကိုတက္ကသိုလ် နှစ်ခုပေါင်း ၆ဝ ကျော်ကျော်လောက်သာ ဝင်ခွင့်ပေးထားပါသည်။ 
တစ်နှစ်ကို ပထမကြီး တန်းအောင် သံဃာအရေအတွက်က ၅,ဝဝဝ ကျော်နှင့် 
ဓမ္မာစရိယကျမ်းပြီး အရေအတွက်က ၂၅ဝ ကျော်တို့ဖြစ်ပါ သည်။ 
အောင်သည့် အရေအတွက်နဲ့ တက္ကသိုလ်တို့မှာ လုံးဝမျှတမှုမရှိပါ။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကို အခုအချိန်ပြောင်းလဲပြီး 
ခေတ်မီမီ စီမံမည်ဆိုရင် နောက်မကျသေးပါ။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ 
ပညာရေးတွင် ပါဠိပထမပြန်ကစ၍ အင်္ဂလိပ်၊ သင်္ချာတို့ကိုတွဲ၍ သင်သင့်ပါသည်။ 
ယနေ့ မ-ဟ-န ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ထေရဝါဒသြဝါဒစရိယဆရာတော်ကြီး ဦးသျှောင်ဆရာတော်ကြီးနှစ်ပါးတို့မှာ လောကီ (B.A) ဘွဲ့ အသီးသီး 
ရရှိတော်မူ ထားကြသည့် ဆရာတော်ကြီး များဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူလူထုတို့အတွက် တစ်ထောင့်တစ်နေရာက 
အကျိုးရှိစေရန် သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပ
ညာရေးကို အဆင့်မြင့် ပညာရေးအဖြစ် ပြောင်းလဲသင့်ပါကြောင်း ….။
7 DAY NEWS JOURNAL
http://www.dhammagarden.com/http://www.maukkha.org/ မှ ကူးယူဖော်ပြပါသည်။

25 Oct 2012

ထိုအပြုံး



ပြင်သစ်စာရေးဆရာအန်တွိုင်းဆန်တက်ဇူပေရီ၏ “မင်းသားလေး”( The Little Prince) ၀တ္ထုကိုစာသမားတော်တော်များများသိကြပါသည်။ ကလေးများအတွက် နှစ်ခြိုက်ဖွယ် ပုံပြင် တစ်ပုဒ်ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသောစာအုပ် တစ်အုပ်လည်းဖြစ်ကြောင်းဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။

“မင်းသားလေး” ကိုသိသော်လည်းဆန်တက်ဆူပေရီ၏ အခြားဝတ္ထုတို-ရှည်များကိုကားသိသူနည်းလှပါသည်။ ဆန်တက်ဆူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်းနာဇီတို့နှင့်တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကလည်းသူသည် စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအားဆန့်ကျင်သည့်ဘက်က ၀င်ေ၇ာက်တိုက်ခိုက်ခဲ့ပြီးယင်းစစ်ပွဲကာလသူ့အတွေ့အကြုံတစ်ရပ်ကိုမူတည် ၍ “ထိုအပြုံး”(the smile)အမည်ရှိ ၀တ္ထုတစ်ပုဒ်ေ၇းခဲ့သည်။၎င်းဝတ္ထုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။ “ထိုအပြုံး”ကိုသူသည် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့်ေ၇းသည်လား၊ ၀တ္ထုတစ်ပုဒ်အဖြစ် ဖန်တီင်္းခဲ့ခြင်းလား ကျွန်တော် မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော်ယူခဲ့ပါသည်။
၎င်းစာ၌ ဆန်တက်ဇူပေရီက…
သူ့အားရန်သူတို့ဖမ်းမိသွားပြီးအချုပ်ခန်းတစ်ခုထဲထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံ၇သောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပုံများအရနောက်နေ့မျာတော့ သူ့အားသတ်မှာမုချ ဟုသူယူဆခဲ့ကြောင်းရေးပါသည်။
သည့်နောက် သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလို ပြန်ပြောပါမည်။ “ငါ့ကိုသတ်တော့မှာမုချဟု ကျွန်တော်သိနေပြီ။ လူကအကြီးအကျယ်တုန်လှုပ်ချောက်ချားကာခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာသည်။ အိတ်တွေထဲလျောက်နိုက်ကာစီးကရက် တစ်လိပ်တလေများသူတို့ရှာတုန်းကမတွေ့ဘဲကျန်ရစ်လေမည်လားဟုစမ်းကြည့်မိသည်။ ကံအားလျော်စွာတစ်လိပ်ရသည်။ သို့သော် လက်တွေအကြီးအကျယ်တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာတပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ယူသွားသဖြင့် မရှိတော့။
“ကျွန်တော့အားစောင့်ကြပ်နေသူကိုသံတိုင်ကြားမှနေ၍ ကြည့်မိသည်။ သူကကျွန်တော်နှင့် မျက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့် ဘယ်သူမျက်လုံးချင်းဆိုင်ချင်မည်လဲ။ “မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ” ကျွန်တော် လှမ်း၍ ပြောလိုက်သည်။ သူကျွန်တော့်ကိုလှမ်းကြည့်ပြီးပခုံးတစ်ချက်တွန့်ကာစီးကရက်မီးညှိပေးရန် လျှောက်လာသည်။
သူအနားကပ်ပြီးမီးညှိပေးနေစဉ် အမှတ်မထင် သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော် ပြုံးပြလိုက်ုသည်။ ဘာကြောင့်ပြုံးပြမိသလဲ ကျွန်တော့်ဘာသာမသိ။ ကျွန်တော်စိတ်ဂနာမငြိမ်ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် လူတစ်ယောက်နှင့် တစ်ယောက် အဲသည်လောက် နီးကပ်နေသည့် အခါမျိုးမှာ ပြုံးမပြဘဲမနေနိုင်တာလားမပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲသည် အခိုက်အတန့်မှာသူ့နှလုံးသားနှင့် ကျွန်တော့်နှလုံးသားကြား၊ တစ်နည်းပြောရသော် ကျွန်တော်တို့ လူသားဝိညာဉ်နှစ်ခုကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိလိုက်သည့်အခါမှာ ဖြစ်သလိုမီးပွားတစ်ခုခုန်ကုးသွားသည်ဟုထင်လိုက်ရသည်။ သူ့မှာနဂိုမူလက ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော် ကျွန်တော့်အပြုံးကသံတိုင်များကြားမှနေ၍ သူ့ထံခုန်ကူးသွားပြီးသည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌ လည်းအပြုံးတစ်ခုပေါ်လာသည်။ သူက ကျွန်တော့်စီးကရက်ကိုမီးညှိပေးပြီးနောက် အနားမှ ခွာ၍မသွားသေးဘဲ ကျွန်တော့်မျက်လုံးများကိုစူးစိုက်စွာပင်ကြည့်ကာ ပြုံး၍နေသည်။
ကျွန်တော်လည်းသူ့ကိုဆက်၍ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့်တစ်ယောက်မဟုတ်တော့၊ သူ့ကိုလူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ။ 

ကျွန်တော့်ကိုသူကြည့ှ်ရှုနေပုံ၌လည်းအဓိပ္ပယ်သစ်တွေပါလာပြီ။ “ခင်ဗျားမှာသားသမီးရှိလား” သူကမေးသည်။
“ရှိပါတယ် ခင်ဗျ၊ ဟောဒီမှာဟောဒီမှာ”
ကျွန်တော် ပျာပျာသလဲပိုက်ဆံအိတ်ကိုဖွင့်ကာ ကျွန်တော့်မိသားစုဓါတ်ပုံကိုထုတ်ယူပြီးသူ့အားပြသည်။ သူလည်းသူ့ကလေးများဓါတ်ပုံတွေ ထုတ်လာကာသည်ကလေးတွေနှင့် ပတ်သတ်ပြီးသု့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည်များကိုပြောပြနေသည်။ တဖြည်းဖြည်း ကျွန်တော့်မျက်လုံးထဲမှာမျက်ရည်တွေအိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာစိုးရိမ်ထိတ်လန့်လှကြောင်း၊ သည်ကလေးတွေကြီးပြင်းအောင် စောင့်ေ၇ှာက်နိုင်ခွင့်မရှိတော့မှာပူပန်နေသည့်အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေကိုနားထောင်ရင်းသူ့မျက်လုံးမှာလည်း မျက်ရည်တွေရစ်ဝဲလာသည်။
သည့်နောက်မူဘာစကားတစ်ခွန်းမျှမပြောဘဲသူကရုတ်တရက် ကျွန်တော့်အချုပ်ခန်းတံခါးသော့ကိုဖွင့်ကာ ကျွန်တော့်ကိုအပြင်ထုတ်သည်။ အချုပ်ထောင်အပြင်ဘက်ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြားတိတ်တဆိတ်စွာပင် ဖြတ်သန်းခေါ်ဆောင်လာပြီး မြို့စွန်နားရောက်သည့်အခါ ကျွန်တော့်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် နှုတ်ဆက်စကားတွေဘာတွေလည်းပြောမနေတော့ဘဲ မြို့ဘက်ဆီသူပြန်လှည့်သွားသည်။
“ကျွန်တော့်အသက်ကိုအပြုံးတစ်ခုကကယ်ဆယ်လိုက်ခြင်းပေတည်း။”
မှန်သည်။ ဟန်ဆောင်မှူကင်းသော ကြိုတင်ကြံရွယ်ချက်မပါသော ပင်ကိုသဘာဝအပြုံး(သို့မဟုတ်) လူနှစ်ဦးအကြားအရိုးသားအပွင့်လင်းဆုံးပေါင်းကူးဆက်သွယ်မှု။

ဆန်တက်ဇူပေရီ၏ သည်ဝတ္ထုလေးကိုအလုပ်ခွင်မျာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တစ်တွေမှာဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူးဂုဏ်ထူး၊ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများကဘယ်လိုမြင်စေချင်သည် ဟူသောကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာအထပ်ထပ်ဖုံးကာကိုယ့်ကိုကိုယ် ကွယ်ကာထားကြသည်.။ သို့သော် ဘာတွေဘယ်လိုဖုံးဖုံးအောက်ဆုံးမှာတော့ တကယ့်လူပုဂ္ဂိုလ် အစစ်အမှန်ကရှိနေသည်ဆိုတာသိကြမြင်ကြစေလို၍ ပဲဖြစ်သည်။
အဲသည် အတွင်းပိုင်းအနက်ရှိုင်းထဲကအရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။ ကျွန်တော့်ကိုယ်တွင်းကအဲသည် ၀ိညာဉ်ဟုပဲ ကျွန်တော်အမည်ပေးလိုက်သောအစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းကအလားတူအစိတ်အပိုင်းတို့ အပြန်အလှန်သိကျွမ်းသွားကြပြီဆိုလျှင် ကျွန်တော်တို့ ဘယ်နည်းနှင့်မျှ ရန်သူတွေမဖြစ်နိုင်ကြတော့။ တစ်ယောက်ကိုတစ်ယောက် မမုန်းတီးနိင်၊ မနာလိုဝန်တိုမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်းမရှိနိုင်တော့။
ယခုတော့ ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစားတည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ်ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် အစစ်အမှန်မတွေ့ဆုံနိုင်ကြဘဲရှိနေသည်။ ဆန်တက်ဇူပေရီ၏ ၀တ္ထုက ၀ိညာဉ်နှစ်ခု အပြန်အလှန် တွေ့ထိသိမြင်သွားကြသည့် ထူးခြားသောအခိုက်အတန့်လေးအကြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်းအဲသည်လိုအခိုက်အတန့်လေးတချို့တော့ ကြုံဖူးပါသည်။ ဥပမာတစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကိုရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုးဆိုပ်ါစို့။
နို့စို့အရွယ်ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်းအလားတူဖြစ်မိတတ်သည်။ သည်လိုကလေးငယ်မျိုးကိုတွေ့ရသည့်အခါ ကျွန်တော်တို့ ဘာကြောင့်ပြုံးပြမိတတ်ကြသလဲ။
အပေါ်ယံလွှာတစ်ခုမျှ ကွယ်ကာထားခြင်းမရှိသူတစ်ဦးကိုတွေ့မြင်လိုက်ရ၍လား။ သူ၏အပြုံးဟန်ဆောင်မှူအကင်းဆုံးအပြုံး၊ အစစ်မှန်ဆုံးအပြုံးဖြစ်ကြောင်း ကျွန်တော်တို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူအချင်းချင်းသိကျွမ်းခင်မင်ကာနှစ်လိုအားရစွာပြုံးလိုက်မိခြင်းလား…။

ဖေမြင့်
မူရင်း။ ။Hanoch McCarty ၏ The Smile

11 Oct 2012

ပြဿနာတစ်ရပ်ကို ဖြေရှင်းရန် စဉ်းစားတွေးခေါ်ခြင်း




သူငယ်ချင်းတို့ ရေ ကျွန်တော်ဒီနေ့ တင်ပြမယ့်အကြောင်းအရာကတော့  ဘ၀မှာ
ပြဿနာရပ်တွေနဲ့ ကြုံတွေ့ လာခဲ့ရင် ဘယ်လို ဖြေရှင်းသင့်လဲဆိုတဲ့ အကြောင်းအရာ
လေးပါ ။ကျွန်တော်တို့ နေ့ စဉ်ဘ၀ကို ဖြတ်သန်းကြတဲ့အခါမှာ တစ်ချိန်မဟုတ်တစ်ချိန်
ချိန်တော့ ပြဿနာတွေနဲ့  ရင်ဆိုင်ဖြေရှင်းရမှာပါ ။
အကြောင်းကိစ္စကြီးငယ်တာ ကွာပါ
လိမ့်မယ် ။လောကမှာ လူတိုင်းကတော့  ပြဿနာတွေနဲ့ မကင်းနိုင်ကြပါဘူး ။
“ပြဿနာ”ဆိုသည် မှာ ရင်ဆိုင် မဖြေရှင်းဘဲအချိန်ကြာကြာလျစ်လျူရှုထားလျှင်မှေးမှန်
ကာပျောက်ကွယ်သွားရတာ ရှသလိတချို့  “ ပြဿနာ ”တို   မှာ ရင်ဆိင် မဖြေရှင်းလျှင်
ပိ၍ကြီးထွားလာတတ်ကြသည်။ ထိသို့ ကြီးထွားလာသော “ပြဿနာ”ကို လျစ်လျူရှုပြန်
လျှင် တချိန်ချိန်မှပါက်ကဲမှုတွေ နှင့် ရင်ဆိင်ရတတ်ပါသည်
ပြဿနာနှင့် ပတ်သက်ပြီး ပုံပြင်လေးတစ်ခုက ဒီလိုဆိုထားပါတယ်.............။
တစ်ခါက မုဆိုးကြီး တစ်ယောက်ဟာ သူ့သားကို အသိပညာ တစ်ခုပေးချင်လို့ သူတော
လိုက်သွားရာကို ခေါ်သွားသတဲ့။ တစ်နေရာလည်း ရောက်ရော တောင်ကမူလေး တစ်ခုမှာ
ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာ ကြည့်
ခိုင်းပြီး နေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ ရောက်အောင် ခဲလုံးတစ်လုံးနဲ့
ပစ်ပေါက်လိုက်တယ်။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ ထရပ်လိုက်တယ်။ ပြီးတော့
ဘာရယ်ညာရယ်မှန်း မသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်။ သူ့ကိုလာလန့်စေတဲ့ခဲလုံးကို
လိုက်ကိုက် နေတော့တယ်။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊ စားစရာလဲ မဟုတ်ဘူး
ဆိုတာသိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်
လာခဲ့ကြတယ်။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့
ပြန်တယ်။ ဒီတစ်ခါမှာတော့ သူတို့ဟာ နေရာအချက်အချာ ကောင်းတဲ့ သစ်ပင်ပေါ်မှာ နေရာယူ
ကြတယ်။ သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ တစ်ခုရှိတယ်။ ကျောက်ဂူဝ
မှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြော
ပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း ပစ်လိုက်တယ်
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွားစိုက်တယ်။ စွပ်ခနဲ့
လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖျတ်ခနဲ့ကြည့်ပါတယ်။ ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြား
ထဲလာစိုက်တဲ့ မြားကိုသေသေချာချာကြည့်ပြီး ငြိမ်နေတယ်။ ခဏကြာတော့ မြားလာရာ လမ်းကြောင်း
ကို မျှော်ကြည့်တယ်။ပြီးတော့ မြားကိုတလှည့် ၊ မြှားလာရာ လမ်းကြောင်းကို တလှည့်သေချာကြည့်
တယ်။ မြှားတံကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြှား လာရာလမ်းကြောင်ရဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့
ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်။

ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။

ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။

ခွေးကတော့ ခွေးပါပဲ.....။

ဒီလိုပဲ...ခင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့။ လောကကြီးမှာလဲ ဒီလိုပါပဲ။ ကိုယ့်ဆီရောက်
လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား။ ပြဿနာရဲ့အစကရှာပြီး ပြေလည်အောင် ရှင်းတတ်လား ၊ ဆိုတဲ့ လူနစ်မျိုးကွဲ သွားပါတယ်။

ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ။

ငါဟာ...........ခြင်္သေ့..........လား ၊ ခွေး...လား။
အဖြေရလာပါလိမ့်မယ်။ ။
ပုံပြင်ထဲကလိုပြဿနာတစ်ခုခု သင့်မှာ  ရှိနေပြီဆိုပါစို့ ။သင့်ဘယ်လို ဆုံးဖြတ်မလဲ စဉ်းစား
တွေးခေါ်ကြည့်ရအောင် လားခင်ဗျာ .......................။
ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ဘယ်နေရာမှာ ဘယ်လို ပြဿနာဖြစ်နေသလဲ
ဆိုတာကို အရင် ထင်ရှားအောင် လုပ်ရမယ်။ပြီးတော့ အဓိက ကျတဲ့ အဆင်မပြေဖြစ်နေ
တဲ့ ပြဿနာကို ရွေးထုတ်ရမယ်။ထိုနောက်  အဲဒီရွေးထားတဲ့ ပြဿနာကို ဆန်းစစ်ဝေဖန်
ရမယ်။..။ နောက်တစ်ဆင့်ကတော့ အလားအလာရှိတဲ့အဖြေတွေ ရှာထုတ်ရမယ်။ ပြဿ
နာကို ဖြေရှင်းနိုင်မယ့် အဖြေတွေကို ရှာကြည့်ရမယ်။ပြီးတော့အလားအလာရှိတဲ့ အဲဒီအ
ဖြေတွေထဲက အကောင်းဆုံးကို ဖြစ်မြောက်အောင် အစီအစဉ်ဆွဲရမယ်။အောင်မြင်တဲ့ အ
ထိအကောင်အထည်ဖော်ယူရမယ် နောက်ဆုံးအဆင့်ကတော့ မိမိရဲ့ ဖြေရှင်းချက်ကို ထိ
ရောက် မထိရောက်ဆိုတာ ဝေဖန်အကဲဖြတ်ကြည့်ရမယ်။
ပြဿနာ တစ်ရပ်ကို ဖြေရှင်းရန် စဉ်းစား တွေးခေါ်ခြင်းတွင် ချဉ်းကပ်ပုံ အမျိုးမျိုး
ခွဲခြမ်း စိတ်ဖြာ စဉ်းစား တွေးခေါ်ခြင်းသည် ပြဿနာ တစ်ရပ်၏ ပါဝင်ဖွဲ့စည်းထားသော
အစိတ်အပိုင်းများကို တစ်စစီ ခွဲခြား စဉ်းစားခြင်း ဖြစ်သည်။ မည်သည့် အပိုင်းက ပြဿနာ
ဖြစ်စေသည်ကိုခွဲခြမ်း စိတ်ဖြာ ဆုံးဖြတ်ရမည် ဖြစ်သည်။
ပြုပြင်ဖန်တီးနိုင်အောင်တွေးခေါ်ခြင်း 
ပြုပြင်ဖန်တီးနိုင်အောင်တွေးခေါ်ခြင်း  တွင် အသစ် တီထွင်ထားသော နည်းလမ်းများဖြင့်
ပြဿနာကို မည်သို့မည်ပုံ ချဉ်းကပ်ရမည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။
ကျိုးကြောင်းပြ စဉ်းစားတွေးခေါ်ခြင်း
ကျိုးကြောင်းပြ စဉ်းစားတွေးခေါ်ခြင်းတွင် အစီအစဉ်တကျ ယေဘုယျမှ အတိအကျအဖြေ
ရအောင်ကျိုးကြောင်း ဆင်ခြင်ခြင်းဖြင့် ရှင်းရှင်း လင်းလင်း သိရှိရန် စဉ်းစား တွေးခေါ်ခြင်း
ဖြစ်သည်။
ဆန်းသစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်း
ဆန်းသစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်းတွင် မိမိ မည်သည့် အရာကိုပြီးမြောက်
အောင်ကြိုးစားနေသည်။ အောင်မြင်ပြီးနောက် မည်သည့် အကြောင်းအရာကိုသိရှိလာ
မည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။
လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်း
လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်းတွင် ပြဿနာ၏ အလုံးစုံ အဓိပ္ပာယ်က
ဘာလဲဆိုတာ စဉ်းစားတွေးခေါ်ခြင်း ဖြစ်သည်။
ကဲ သူငယ်ချင်းတို့ လည်း ကိုယ်မှာ ပြဿနာတစ်ခုခု ကြုံတွေ့ လာခဲ့ရင် ဖြေရှင်းနိုင်
လောက်ပြီလို့ ထင်ပါတယ် ။သူငယ်ချင်းအားလုံး ကျန်းမာရွင်လန်းစွာဖြင့် ဘ၀မှာ 
ကြုံတွေ့ လာမယ့် ပြဿနာရပ်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေသော် ။။။။။။။။။။။။။။။။။။။
သူငယ်ချင်းအားလုံးကို
အစဉ်လေးစားခင်မင်လျှက်က
ညချစ်သူ

ကိုးကား။။။။။