ထိုအပြုံး
ပြင်သစ်စာရေးဆရာအန်တွိုင်းဆန်တက်ဇူပေရီ၏
“မင်းသားလေး”( The Little Prince)
ဝတ္ထုကိုစာသမားတော်တော်များများသိကြပါသည်။ ကလေးများအတွက် နှစ်ခြိုက်ဖွယ်
ပုံပြင် တစ်ပုဒ်ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသောစာအုပ်
တစ်အုပ်လည်းဖြစ်ကြောင်းဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။
“မင်းသားလေး”
ကိုသိသော်လည်းဆန်တက်ဆူပေရီ၏ အခြားဝတ္ထုတို-ရှည်များကိုကားသိသူနည်းလှပါသည်။
ဆန်တက်ဆူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်၍
ဒုတိယကမ္ဘာစစ်အတွင်းနာဇီတို့နှင့်တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်မတိုင်မီကလည်းသူသည် စပိန်ပြည်တွင်းစစ်တွင်
ဖက်ဆစ်များအားဆန့်ကျင်သည့်ဘက်က
ဝင်ေ၇ာက်တိုက်ခိုက်ခဲ့ပြီးယင်းစစ်ပွဲကာလသူ့အတွေ့အကြုံတစ်ရပ်ကိုမူတည် ၍
“ထိုအပြုံး”(the smile)အမည်ရှိ ၀တ္ထုတစ်ပုဒ်ေ၇းခဲ့သည်။၎င်းဝတ္ထုလေးအကြောင်း
ကျွန်တော် ယခုပြောလိုပါသည်။ “ထိုအပြုံး”ကိုသူသည်
ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့်ေ၇းသည်လား၊ ၀တ္ထုတစ်ပုဒ်အဖြစ်
ဖန်တီင်္းခဲ့ခြင်းလား ကျွန်တော် မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ
ကျွန်တော်ယူခဲ့ပါသည်။
၎င်းစာ၌ ဆန်တက်ဇူပေရီက…
သူ့အားရန်သူတို့ဖမ်းမိသွားပြီးအချုပ်ခန်းတစ်ခုထဲထည့်ထားလိုက်ကြောင်း၊
ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံ၇သောအကြည့်နှင့်
ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပုံများအရနောက်နေ့မျာတော့ သူ့အားသတ်မှာမုချ
ဟုသူယူဆခဲ့ကြောင်းရေးပါသည်။
သည့်နောက်
သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလို ပြန်ပြောပါမည်။
“ငါ့ကိုသတ်တော့မှာမုချဟု ကျွန်တော်သိနေပြီ။
လူကအကြီးအကျယ်တုန်လှုပ်ချောက်ချားကာခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာသည်။
အိတ်တွေထဲလျောက်နိုက်ကာစီးကရက်
တစ်လိပ်တလေများသူတို့ရှာတုန်းကမတွေ့ဘဲကျန်ရစ်လေမည်လားဟုစမ်းကြည့်မိသည်။
ကံအားလျော်စွာတစ်လိပ်ရသည်။ သို့သော် လက်တွေအကြီးအကျယ်တုန်နေသဖြင့်
စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာတပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့
မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ယူသွားသဖြင့် မရှိတော့။
“ကျွန်တော့အားစောင့်ကြပ်နေသူကိုသံတိုင်ကြားမှနေ၍
ကြည့်မိသည်။ သူကကျွန်တော်နှင့် မျက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့်
ဘယ်သူမျက်လုံးချင်းဆိုင်ချင်မည်လဲ။ “မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ”
ကျွန်တော် လှမ်း၍ ပြောလိုက်သည်။
သူကျွန်တော့်ကိုလှမ်းကြည့်ပြီးပခုံးတစ်ချက်တွန့်ကာစီးကရက်မီးညှိပေးရန်
လျှောက်လာသည်။
သူအနားကပ်ပြီးမီးညှိပေးနေစဉ်
အမှတ်မထင် သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက်
ကျွန်တော် ပြုံးပြလိုက်ုသည်။ ဘာကြောင့်ပြုံးပြမိသလဲ ကျွန်တော့်ဘာသာမသိ။
ကျွန်တော်စိတ်ဂနာမငြိမ်ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်သည်။ ဒါမှမဟုတ်
လူတစ်ယောက်နှင့် တစ်ယောက် အဲသည်လောက် နီးကပ်နေသည့် အခါမျိုးမှာ
ပြုံးမပြဘဲမနေနိုင်တာလားမပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့
ပြုံးပြလိုက်မိသည်။ အဲသည် အခိုက်အတန့်မှာသူ့နှလုံးသားနှင့်
ကျွန်တော့်နှလုံးသားကြား၊ တစ်နည်းပြောရသော် ကျွန်တော်တို့
လူသားဝိညာဉ်နှစ်ခုကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိလိုက်သည့်အခါမှာ
ဖြစ်သလိုမီးပွားတစ်ခုခုန်ကုးသွားသည်ဟုထင်လိုက်ရသည်။ သူ့မှာနဂိုမူလက
ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော်
ကျွန်တော့်အပြုံးကသံတိုင်များကြားမှနေ၍ သူ့ထံခုန်ကူးသွားပြီးသည့်နောက်တွင်
သူ့နှုတ်ခမ်းပေါ်၌ လည်းအပြုံးတစ်ခုပေါ်လာသည်။ သူက
ကျွန်တော့်စီးကရက်ကိုမီးညှိပေးပြီးနောက် အနားမှ ခွာ၍မသွားသေးဘဲ
ကျွန်တော့်မျက်လုံးများကိုစူးစိုက်စွာပင်ကြည့်ကာ ပြုံး၍နေသည်။
ကျွန်တော်လည်းသူ့ကိုဆက်၍ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့်တစ်ယောက်မဟုတ်တော့၊ သူ့ကိုလူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ။
ကျွန်တော့်ကိုသူကြည့ှ်ရှုနေပုံ၌လည်းအဓိပ္ပယ်သစ်တွေပါလာပြီ။ “ခင်ဗျားမှာသားသမီးရှိလား” သူကမေးသည်။
“ရှိပါတယ် ခင်ဗျ၊ ဟောဒီမှာဟောဒီမှာ”
ကျွန်တော်
ပျာပျာသလဲပိုက်ဆံအိတ်ကိုဖွင့်ကာ
ကျွန်တော့်မိသားစုဓါတ်ပုံကိုထုတ်ယူပြီးသူ့အားပြသည်။
သူလည်းသူ့ကလေးများဓါတ်ပုံတွေ ထုတ်လာကာသည်ကလေးတွေနှင့်
ပတ်သတ်ပြီးသု့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက်
မျှော်မှန်းထားသည်များကိုပြောပြနေသည်။ တဖြည်းဖြည်း
ကျွန်တော့်မျက်လုံးထဲမှာမျက်ရည်တွေအိုင်လာသည်။ ကျွန်တော့်မိသားစုကို
ကျွန်တော်မတွေ့ရတော့မှာစိုးရိမ်ထိတ်လန့်လှကြောင်း၊
သည်ကလေးတွေကြီးပြင်းအောင်
စောင့်ေ၇ှာက်နိုင်ခွင့်မရှိတော့မှာပူပန်နေသည့်အကြောင်းများ
ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေကိုနားထောင်ရင်းသူ့မျက်လုံးမှာလည်း
မျက်ရည်တွေရစ်ဝဲလာသည်။
သည့်နောက်မူဘာစကားတစ်ခွန်းမျှမပြောဘဲသူကရုတ်တရက်
ကျွန်တော့်အချုပ်ခန်းတံခါးသော့ကိုဖွင့်ကာ ကျွန်တော့်ကိုအပြင်ထုတ်သည်။
အချုပ်ထောင်အပြင်ဘက်ရောက်လာပြီးနောက်
လမ်းကြိုလမ်းကြားများအကြားတိတ်တဆိတ်စွာပင် ဖြတ်သန်းခေါ်ဆောင်လာပြီး
မြို့စွန်နားရောက်သည့်အခါ ကျွန်တော့်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက်
နှုတ်ဆက်စကားတွေဘာတွေလည်းပြောမနေတော့ဘဲ မြို့ဘက်ဆီသူပြန်လှည့်သွားသည်။
“ကျွန်တော့်အသက်ကိုအပြုံးတစ်ခုကကယ်ဆယ်လိုက်ခြင်းပေတည်း။”
မှန်သည်။
ဟန်ဆောင်မှူကင်းသော ကြိုတင်ကြံရွယ်ချက်မပါသော ပင်ကိုသဘာဝအပြုံး(သို့မဟုတ်)
လူနှစ်ဦးအကြားအရိုးသားအပွင့်လင်းဆုံးပေါင်းကူးဆက်သွယ်မှု။
ဆန်တက်ဇူပေရီ၏
သည်ဝတ္ထုလေးကိုအလုပ်ခွင်မျာ ကျွန်တော်ပြောပြလေ့ရှိသည်။
အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တစ်တွေမှာဂုဏ်သိက္ခာတွေ၊
ဘွဲ့ထူးဂုဏ်ထူး၊ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများကဘယ်လိုမြင်စေချင်သည်
ဟူသောကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာအထပ်ထပ်ဖုံးကာကိုယ့်ကိုကိုယ်
ကွယ်ကာထားကြသည်.။ သို့သော် ဘာတွေဘယ်လိုဖုံးဖုံးအောက်ဆုံးမှာတော့
တကယ့်လူပုဂ္ဂိုလ် အစစ်အမှန်ကရှိနေသည်ဆိုတာသိကြမြင်ကြစေလို၍ ပဲဖြစ်သည်။
အဲသည်
အတွင်းပိုင်းအနက်ရှိုင်းထဲကအရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။
ကျွန်တော့်ကိုယ်တွင်းကအဲသည် ၀ိညာဉ်ဟုပဲ
ကျွန်တော်အမည်ပေးလိုက်သောအစိတ်အပိုင်းနှင့်
သင့်ကိုယ်တွင်းကအလားတူအစိတ်အပိုင်းတို့
အပြန်အလှန်သိကျွမ်းသွားကြပြီဆိုလျှင် ကျွန်တော်တို့ ဘယ်နည်းနှင့်မျှ
ရန်သူတွေမဖြစ်နိုင်ကြတော့။ တစ်ယောက်ကိုတစ်ယောက် မမုန်းတီးနိင်၊
မနာလိုဝန်တိုမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်းမရှိနိုင်တော့။
ယခုတော့
ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစားတည်ဆောက်ထားကြသည့် အလွှာအထပ်တွေ
ရစ်ပတ်ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက်
အစစ်အမှန်မတွေ့ဆုံနိုင်ကြဘဲရှိနေသည်။ ဆန်တက်ဇူပေရီ၏ ၀တ္ထုက ၀ိညာဉ်နှစ်ခု
အပြန်အလှန် တွေ့ထိသိမြင်သွားကြသည့်
ထူးခြားသောအခိုက်အတန့်လေးအကြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်လည်းအဲသည်လိုအခိုက်အတန့်လေးတချို့တော့ ကြုံဖူးပါသည်။
ဥပမာတစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကိုရုတ်တရက်
ချစ်ကျွမ်းဝင်သွားမိခြင်းမျိုးဆိုပ်ါစို့။
နို့စို့အရွယ်ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်းအလားတူဖြစ်မိတတ်သည်။
သည်လိုကလေးငယ်မျိုးကိုတွေ့ရသည့်အခါ ကျွန်တော်တို့
ဘာကြောင့်ပြုံးပြမိတတ်ကြသလဲ။
အပေါ်ယံလွှာတစ်ခုမျှ
ကွယ်ကာထားခြင်းမရှိသူတစ်ဦးကိုတွေ့မြင်လိုက်ရ၍လား။
သူ၏အပြုံးဟန်ဆောင်မှူအကင်းဆုံးအပြုံး၊ အစစ်မှန်ဆုံးအပြုံးဖြစ်ကြောင်း
ကျွန်တော်တို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က
ရွယ်တူအချင်းချင်းသိကျွမ်းခင်မင်ကာနှစ်လိုအားရစွာပြုံးလိုက်မိခြင်းလား…။
ဖေမြင့်
မူရင်း။ ။Hanoch McCarty ၏ The Smile
No comments:
Post a Comment