24 Sept 2012
အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ
18 Sept 2012
သမိုင်းလှလွန်းသည့်စာတစ်ပိုဒ်(တက္ကသိုလ်ဘုန်းနိုင်)
(၁)
ဦးပေါ်ဦးကို မြန်မာ့သမိုင်း၌ အလွန်ထင်ရှားသော ပညာရှိအမတ်ကြီးအဖြစ်
မြန်မာတိုင်းလိုလို သိကြသည်။ ကဗျာစာဆိုကြီးအဖြစ် သိသူကား နည်းပါးသည်။
သိသူများပင်လျှင် ဦးပေါ်၏စာကို နှုတ်တက်ရွရွ ရွတ်ဆိုပြပါဟု ဆိုလျှင်
န၀ဒေးတို့၊ နတ်သျှင်နောင်တို့၊ လက်ဝဲသုန္ဒရတို့၏ စာတွေကို ရွတ်ဆို
ပြနိုင်သကဲ့သို့ လွယ်လွယ်ကူကူ ရွတ်ဆိုမပြ နိုင်ကြ။
ဦးပေါ်ဦး၏စာက ရိုမင်းတစ် စာမျိုးမဟုတ်။ ခံစားမှုမပါမဟုတ် ပါသော်လည်း
လက်ဝဲသုန္ဒရ၏ ခံစားမှုမျိုးပင်မဟုတ်။ သူ့စာက ပုဂ္ဂလိက အဇ္ဈတ္တ ခံစားမှုကို
ဖော်သည့် လိုင်းရစ် ကဗျာမျိုး မဟုတ်သောကြာင့် သာမန်လူတို့အတွက် ရင်ခုန်ဖွယ်
မတွေ့။ သည်တော့..... အသည်းမစွဲ...... ။
၁၉၇၉ ခုနှစ်မှစကာ စာဆိုတော် ဟောပြောပွဲများတွင် 'သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်' ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော် ဟောပြောခဲ့သည်။
ဝါသနာဆိုသော စကားကိုလည်း လူအများက ပေါ့ပေါ့ဆဆ နားလည်ထားကြသည်။ အရှင်မဟာရဌသာရ ဆိုလိုသည့် နက်နဲသော အဓိပ္ပါယ်ကို မသိကြ။
ပါဠိပညာရှင်ကြီး ချီး(လ်)ဒါး(စ်) [Childers] က ၀ါသနာကို-
Vasana- Impression remaining on the mind from past good or evil actions and producing pleasure or pain.
ဝါသနာဟူသည် [ပစ္စုပ္ပန်ဘ၀] စိတ်၌ အတိတ်ဘ၀မှ ကုသိုလ်၊ အကုသိုလ်ကံတို့၏
အာနိသင်ကြောင့် ရှိနေသော အကျိုးတရားဖြစ်သည်။ သုခဝေဒနာကိုလည်းကောင်း၊
ဒုက္ခဝေဒနာကိုလည်းကောင်း ပေါ်စေတတ်သည်- ဟု အဓိပ္ပါယ် ဖွင့်ဆိုသည်။
စာဆိုတို့၌ ဤသို့လျှင် လေးနက်သော ၀ါသနာမျိုး ရှိကြသည်။
မြင့်မြတ်ကြီးကျယ်သော စာဆိုကြီးများ၌ မြင့်မြတ်ကြီးကျယ်သော ၀ါသနာ ရှိကြသည်။
အမှန်တရားကို တွေ့လျှင် သုခဝေဒနာ ပေါ်ပြီး၊ အမှားကို တွေ့လျှင်
ဒုက္ခဝေဒနာပေါ်ကာ... ချီးမွမ်းသင့်သည်ကို ချီးမွမ်း၍ ကဲ့ရဲ့သင့်သည်ကို
ကဲရဲ့လျက် စာရေးဖွဲ့တတ်ကြသည်။ ဤ၀ါသနာသဘောကား အလွန်တွန်းအားကြီးသည်။
ကိုယ်ကျိုးကိုပင် စွန့်လွှတ်ရဲစေတတ်သည်။
ဤကဲ့သို့ စာဆိုကြီးများ၏ ၀ါသနာအကြောင်း ဟောပြောတိုင်း ဦးပေါ်ဦး၏ အဖြစ်နှင့်
သူ့စာနှစ်ပိုဒ်ကို ရွတ်ပြလျက် ကျွန်တော် ဟောပြောလေ့ရှိပါသည်။
စာတပိုဒ်က သူ့ ရတု၏ အစပိုဒ်မှ အဖွင့်စကား။
"တင့်တိုးကျက်သရေ၊ မြင့်ဖြိုးဝေသား၊ စက်နေပမာ၊ ချက်မြေချာဝယ်၊ တေဇာကွန့်မြူး၊ ကြယ်သောက်ရှူးနှင့်၊ ပျံ့လူးဥက္ကာ၊ ကဲ့ပမာသို့......."
ဤအပိုဒ်က 'အကျိုး' ကို ရည်ညွှန်းသည်။
နောက်တပိုဒ်က.. သူ့ရတု၏ အဆုံးပိုဒ်မှ နိဂုံးကောက်ချက်စကား။
"ကျင့်မျိုးခက်ဝေ၊ မြင့်တိုးစေသား၊ မိုးမြေတုတ်ခွန်၊ ယုတ်မလွန်အောင်၊ အမွန်ရှည်ကြာ၊ တည်စိမ့်ငှာဟု"
ဤအပိုဒ်က 'အကြောင်း' ကို ပြသည်။
အမျိုးဘာသာ သာသနာနှင့် မြန်မာ့လူ့ဘောင်အကျိုး ချစ်မြတ်နှိုးသည့် မေတ္တာ၊ စေတနာ၊ ၀ါသနာ တို့မှ ပေါက်ဖွား ပေါ်ထွန်းလာသည့် ကဗျာ.......။
(၂)
ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတို့သည် အဆင့်မြင့်သော ယဉ်ကျေးမှုဖြင့်
အချုပ်အခြာ အာဏာပိုင်စိုး ၍ ကမ္ဘာပေါ်တွင် နေလာခဲ့ကြသည်မှာ ကြာခဲ့ပြီ။
ကျွန်တော်တို့၏ ယဉ်ကျေးမှုသက်သည် ယနေ့ ဥရောပသားအများ၏ ယဉ်ကျေးမှုသက်ထက်
ပိုကြီးသည်။
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အမျိုးသားသွင်ပြင်လက္ခ ဏာ၊ ကိုယ့်ထီး၊
ကိုယ့်နန်း၊ ကိုယ့်ကျငှန်းဟု ခေါ်သော အချုပ်အခြာ အာဏာပိုင်မှုတို့ဖြင့်
နှစ်ပေါင်းထောင်ကျော် ကမ္ဘာမြေပေါ်၌ ရပ်တည်နိုင်ခဲ့ကြသည်မှာ
အကြောင်းမဲ့မဟုတ်။ အကျိုးမှန်သမျှ၌ အကြောင်းရှိသည်သာတည်း။
ဂျီအိုပေါ်လစ်တစ် [Geopolitic] ခေါ် ပထ၀ီနိုင်ငံရေးပညာအရဆိုလျှင် အင်္ဂလိပ်လို
စတိတ်[State] ခေါမလို ပေါ်လီတီးယား[Politeir]၊ မြန်မာလို နိုင်ငံဟုခေါ်သော
လူ့အဖွဲ့အစည်း အမြင့်စားတခု ပေါ်ပေါက်လာရန် ပထ၀ီဒေသတခုအတွင်း အတူနေကြသူ
လူတို့အားလုံး၏ စိတ်အတွင်း၌ စတိတ်အိုင်ဒီယာ [State idea] ဟုခေါ်သည့်
နိုင်ငံသဘော ပေါ်လာရသည်။ နိုင်ငံသဘော ဆိုသည်မှာလည်း လူ၏ အသိဥာဏ်တမျိုး
ဖြစ်လေ သည်။ အားလုံးအကျိုးအတွက် အားလုံးစောင့်ရှောက် လိုက်နာကြရမည့်
စည်းကမ်းစနစ် လိုအပ်သည်ဟု နားလည်လာသော အသိဥာဏ်ဖြစ်သည်။ ထိုအသိဥာဏ်သည်လည်း
လူတို့၏ တူညီသော ရည်ရွယ်ချက်များကို သဘောတူ ဖော်ပြခြင်း [statement of
purpose] မှ ထင်ရှား ပေါ်လာရသည်။
စည်းကမ်းစနစ်များ ချမှတ်ခြင်း၊ ထိုချမှတ်ထားသော စည်းကမ်းစနစ်များကို
အကောင်အထည်ဖော်ရန်၊ ထိန်းသိမ်းကာကွယ်စာင်ရှောက်ရန် ထက်မျက်သောအဖွဲ့အစည်း၊
ထိရောက်သော စီမံခန့်ခွဲမှု စသည်တို့ တည်ထောင်ခြင်းသည် နိုင်ငံတခု၏
ရည်ရွယ်ချက်များပင် ဖြစ်လေသည်။ ထိုရည်ရွယ်ချက်များကိုပင် အင်္ဂလိပ်လို
ဗိုင်းအေးဗလစ်တီအော့(ဖ်)စတိတ် [viability of state] ဟု ခေါ်သည်။
မြန်မာလိုတော့.... နိုင်ငံ၏ အမြစ်ခိုင်ရှင်သန်ကြီးပွါးခြင်း ၏
အကြောင်းခံတရား ဟု ခေါ်သည်။
ရှေးပဝေသဏီတည်းက မြန်မာတို့၌ နိုင်ငံသဘောခေါ် အသိဥာဏ်ရှိသည်။ နိုင်ငံ၏
အမြစ်ခိုင်ရှင်သန်ကြီး ပွါးခြင်း၏ အကြောင်းခံတရားတွေ ရှိပြီး...
ထိုအကြောင်းခံတရားတွေကို ကောင်းစွာ စောင့်ရှေက်သည်။
ဦးပေါ်ဦး၏ စာသည် ထိုသို့သော အကြောင်းခံတရားတွေကို ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်နေ သည်။
(၃)
ဘိုးတော်မင်းတြားကား မြန်မာ့သမိုင်းမှ မင်းကောင်းမင်းမြတ်တပါး ဖြစ်လေသည်။
သို့ရာတွင်... ပုထုဇဉ်ဖြစ်သောကြောင့် မှားနိုင်သည်။ တခါတွင် ဘိုးတော် မင်းတြားသည် 'ပညာရှိ သတိဖြစ်ခဲ' အမိန့်တခု ချမှတ်ခဲ့လေသည်။
မြစ်တော်လေး ညောင်ရမ်းမင်းအတွက် မြဧယဉ်ပြုလုပ်ရန် သဿမေဓဆိုင်ရာမှ ငွေတော်
ရှစ်သိန်း ရွှေတိုက်မှ ထုတ်ယူစေဟု မင်းကြီးတို့အား အမိန့်တော် ထုတ်ပြန်သည်။
ဤသည်ကို အမတ်ကြီး ဦးပေါ်ဦး ကြားသောအခါ-
"မင်းကြီးများ၏ ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမ၀သေးပါဘူး" ဟု ဆိုလေသည်။
[မြန်မာစာညွန့်ပေါင်းကျမ်း။ စတုတ္ထတွဲ။ စာမျက်နှာ ၂၂၉]
ဘိုးတော်မင်းတြား မျက်တော်မူသောကြောင့် ရာထူးအဆောင်အယောင်တို့ကို နှုတ်ပြီး ဦးပေါ်ဦးအား သိန္နီမြို့နယ်သို့ အကျဉ်းနှင့် ပို့စေသည်။
အမှန်ကား... ဦးပေါ်ဦးပြောပုံမှာ နင့်သီးလွန်းသောကြောင့် ရုတ်တရက်သော်
မင်းတြားကြီးကို အပြစ်မဆိုသာ။ လောက၀တ်၊ ရာဇ၀တ်၊ ဓမ္မ၀တ်ဟူ၍ မြန်မာ့ယဉ်ကျေးမှု
ထုံးတမ်းစဉ်လာတွေ ရှိသည်။ ဤသည်တို့ကို ဦးပေါ်ဦး သိသည်။ သိလျက်နှင့်
ဘာကြောင့် နင့်နင့်သီးသီး ဆိုခဲ့သနည်း.....။
ငယ်ကျွန်ယုံဖြစ်သောကြောင့် သခင့်အပေါ် ဂရုဏာဒေါသောနှင့် ပြောမိဟန်လည်း
တူသည်။ ထို့ထက်... သမိုင်းရှေ့ရေးတွေးမျှော်ပြီး "လေးနက်ရန်
သွေးထွက်ခံပြီး" ပြောသည်ဟု ယူဆရသည်။
နင့်သီးသော်လည်း ဦးပေါ်ဦး၏ စကား၌ ပညာပါနေသည်။ နှုတ်မထိန်းနိုင်၍ လွှတ်ခနဲ ထွက်သောစကားမျိုး မဟုတ်။
ရှင်ဘုရင်ဆိုသည်မှာ... ဘာနည်း။ ရှင်ဘုရင်ပါးဝသည် ဆိုသည်မှာ ဘာနည်း။
ကဗျာသတ္တိ အနက် ကိန်းဝင်နေသော စကားဖြစ်လေသည်။ နောင်လာနောက်သားတို့ စကားတလုံး
တင်ကျန်ရစ်အောင် ပြောခြင်း လည်း ဖြစ်နိုင်သည်။
သိန္နီရောက်မှ ဦးပေါ်ဦးသည် ရတု ၆ ပိုဒ်ရေးပြီး ဘုရင့်ထံပို့၍ သူ့စေတနာကို ရှင်းပြသည်။
သူ့စေတနာကို မရှင်းပြမီ... ရှေးအစဉ်အလာကို လိမ္မာပါးနပ်စွာ ဖော်ပြသည်။
"... ညဥ့်ရောင်ဆည်းဈာ၊ နေ့ညီလာ၌၊ ရွှေဗျာလှစ်ကြူ၊ မိန့်တော်မူလျက်၊
ယူလျှင်ယူသင့်၊ မယူသင့်ဖြင့်၊ ရှင်ပင့်မေးတော်၊ အရေးပေါ်လျှင်၊
တွေးမြှော်မဆိုင်း၊ ဥာဏ်ချင့်နှိုင်း၍၊ ဟုတ်တိုင်းထင်ထင်၊ တင်လျှောက်အင်ကို၊
နေ့စဉ်မသွေ၊ မှတ်ရချေ၍...."
ဘုရင်သည် ကိစ္စပြဿနာများ၌ အတ္တနောမတိ မလုပ်တတ်။ သင့်၏ မသင့်၏ မှန်၏ မမှန်၏ကို
ညညီလာ၊ နေ့ညီလာများ၌ မှူးမတ်များနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်သည်။
ဦးပေါ်ဦးကဲ့သို့ တာဝန်သိသော မှူးမတ်များကလည်း တွေးခေါ်စဉ်းစားပြီး
ဟုတ်တိုင်းမှန်ရာ ဖြောင့်ဖြောင့်တင်ကြသည်။
လောကဓမ္မတာ နန်းတွင်း၌ ဖြစ်တတ်ကြသည့် သဘာဝကိုလည်း -
"သံကျူးသံသာ၊ သံချိုဝါနှင့်၊ သာယာသမှု၊ နန်းရတုကို၊ နန်းမှုကုန်အောင်၊
နန်းဘုံဆောင်၌၊ နန်းယောင်မတ်များ၊ သိနိုးနာနှင့်၊ စကားပြေစွာ၊
မရေရာပင်......" ဟု ဝေဖန်ပြသည်။
ဘုရင့်အကြိုက် နောကျေအောင်လေ့လာပြီး အပြောကောင်း အပြောလှတွေနှင့်
လိမ်ညာစားနေသူ မှူးမတ်များလည်း ရှိကြသည်။ သူတို့သည် တကယ်တမ်း ဘာမျှ
ဟုတ်ဟုတ်ပတ်ပတ် မသိကြ။ အကြိုက်လိုက်ပြောတတ်ကြသည်သာ ဖြစ်သည်။
မိမိကတော့ ထိုသူမျိုးတွေထဲ မပါ။ မိမိစကားသည်.. နင့်သီးကောင်း နင့်သီးမည်ဖြစ်သော်လည်း... မိမိ၏ စေတနာကား -
"ကျင့်မျိုးခက်ဝေ၊ မြင့်တိုးစေ" ရန်ဖြစ်သည်။
သူ့စာမှ 'ဥာဏ်ခလုပ်ကို နှိပ်ပြသော' စကားနှစ်လုံးကား...
'ကျင့်မျိုး' နှင့် 'မြင့်တိုး' ဟူသော စကားနှစ်လုံး ဖြစ်လေသည်။
ကျင့်မျိုးဆိုသည်မှာ.. အကျင့်ကောင်း အကျင့်မြတ်မျိုးတွေ ဖြစ်လေသည်။
ထုံးစံကောင်း ထုံးစံမြတ်၊ စည်းကမ်းကောင်း စည်းကမ်းမြတ်တွေကား..
ကျင့်မျိုးတွေ ဖြစ်လေသည်။ သစ်ပင်ကြီး တပင်၌ အကိုင်းအခက် အရွက်တွေ ဝေဖြာနေမှ
ရှင်သန်ပွါးစည်နေသော သစ်ပင်ဟု ခေါ်ရသည်။ နိုင်ငံတခုတွင်လည်း အကျင့်မြတ်
အကျင့်ကောင်းတွေသည် ဝေဖြာနေရမည်။ ဦးပေါ်ဦးက [viability of state] ခေါ်
နိုင်ငံ၏ အမြစ်ခိုင် ရှင်သန်ကြီးပွါးခြင်း၏ အကြောင်းခံတရားကို မြန်မာလို
ပြောခြင်းဖြစ်သည်။ "မြင့်တိုးစေ" ဟူသောစကားက အနာဂတ်ကို ညွှန်သည်။
ကျငိ့မျိုးတွေသည် ပစ္စုပ္ပန်တွင်မက အနာဂတ်အဆင့်ထိ ဆင့်ပွါးတိုးတက်
မြင့်မားသွားရမည်။ သို့မှသာ... ရှေးစကားနှင့် ဆိုလျှင် သားတော်စဉ်
မြေးတော်ဆက် ထီးသက်နန်းသက် ရှည်မည်။ ယခု ခေတ်စကားနှင့်ဆိုလျှင် နိုင်ငံတော်
တည်တံ့ခိုင်မြဲ ကြီးပွါးမည်။ ဘုရင်နှင့် မှူးမတ်များတွင်
ဤပစ္စုပ္ပန်တာဝန်နှင့် အနာဂတ်တာဝန်တွေ ရှိသည်။ ရှေ့ဆောင်နွားလား
ဖြောင့်သွားရမည်။ မသွားသော် နောက်နွားတွေ လမ်းကြောင်းကောက်၍
လမ်းပျောက်သွားနိုင်သည်။
ယခု ဘိုးတော်မင်းတြားသည် 'သတိမမူသဖြင့်၊ ဂူမမြင် ဖြစ်ခဲ့ရသည်၊' အနီးရှိ
မှူးမတ်များကလည်း 'ဥဏ်ချင့်ချိန်၍၊ ဟုတ်တိုင်းထင်ထင်' မတင်လျှောက်ကြ။
မှူးမတ်တွေ တာဝန်ပျက်လေသည်။
ယခု မြဧယဉ်အတွက် ငွေတော် ရှစ်သိန်းကိစ္စမှာ နိုင်ငံတော် အရေးမဟုတ်။ ဘုရင်၏ ကိုယ်ရေးကိုယ်တာအရေး ဖြစ်လေသည်။
ဤကိစ္စမျိုးတွေနှင့် ပတ်သက်သည့် စည်းကမ်းဘောင် စည်းကမ်းမြတ်တွေကို-
"ကမ္ဘာဦးနတ်၊ သူ့ဥက္ကဌ်တို့၊ ပညတ်တော်မှန်၊ ဝေဖန်ဟန်ကား..." - အစချီလျက် ဦးပေါ်ဦးက လျှောက်လဲ လေတော့သည်။
ကမ္ဘာဦးနတ်ဆိုသည်မှာ ကမ္ဘာဦးက ဘုရားအလောင်းတော် မဟာသမ္မတ မင်းကြီး ဖြစ်လေသည်။
လူအပေါင်းနှင့် နောက်မင်းအားလုံး၏ ဥက္ကဌကြီး ဖြစ်လေသည်။ ထိုမင်းမြတ်ကြီးက
မည်သို့ စည်းကမ်းသတ်မှတ်ခဲ့ ပါသနည်း။
"ကမ္ဘာဦးနတ်၊ သူ့ဥက္ကဌ်တို့၊ ပညတ်တော်မှန်၊ ဝေဖန်ဟန်ကား၊ လေးတန်ဓမ္မ၊ သင်္ဂဟတွင်၊ သဿမေဓေါ်၊ ခွန်သီးတော်မူ၊ စစ်သူရိက္ခာ၊ ဖြစ်စေရာ၏။ '
သဿမေဓမှ... သဿ ဟူသောစကားက ကောက်၊ ကောက်စပါးဟု အဓိပ္ပါယ်ရှိသည်။
ကိုယ်ပိုင်လယ်ယာလုပ်သူ ပြည်သူတွေထံမှ ကောက်ယူခွင့်ရှိသော
အခွန်ငွေဖြစ်လေသည်။ ရှေးခေတ်ကဆိုလျှင် ထိုအခွန်မျိုးကား.. နိုင်ငံတော်၏
အများဆုံးဝင်ငွေ ဖြစ်လေသည်။ ထိုငွေတွေကို ဘုရင့်ကိုယ်ရေးအတွက်
သော်လည်းကောင်း၊ အခြား ဘာရေးအတွက် သော်လည်းကောင်း မသုံးရ။ ထိုငွေတွေကို
စစ်သူရိက္ခာ အတွက်သာ သုံးရမည်။ ယခုခေတ်စကားနှင့် ဆိုလျှင်..
ကာကွယ်ရေးအသုံးစရိတ်၊ အလွန်အရေးကြီးသမျှ၊ စည်းကမ်းကြီးလှသော အသုံးစရိတ်၊
နိုင်ငံ့အတွက် သေရေးရှင်ရေး ဘဏ္ဍာတော်...။
ဘုရင့် ကိုယ်ရေးကိုယ်တာအတွက် လုံးဝသုံးခွင့်မရှိသော အခွန်တော်ငွေတွေကိုလည်း ဦးပေါ်ဦးက ရေတွက်ပြသည်။
မြို့ပေါ်ရှိ အိမ်များ၊ ဈေးများ၊ ကုန်သွယ်မှုများ၊ သူကြွယ်သူဌေးများထံမှ
ကောက်ခံရသော အခွန်ကို အသည်ဝန်သို့ အပ်ရသည်။ သူက "လမ်းရေးသာယာ၊
မြို့တန်ဆာဖြင့်၊ ပြင်ရာနေရာချွန်" တို့အတွက် သုံးရသည်။ စည်ပင်သာယာရေးအတွက်
ဘဏ္ဍာတော်...။
ဘုရားကျောင်းကန်စသော မြေတို့မှ ရရှိသည့် အခွန်ကို ဦးပေါ်ဦးက '၀တ္ထုဂါမ်ထွက်၊ ခွန်ဆီနက်' ဟု ခေါ်သည်။ ထိုငွေဖြင့်
"ဘုရားဂူဟောင်း၊ တန်ဆောင်းပြဿဒ်၊ စရပ်ကျောင်းဘုံ၊ ထူပါရုံကို၊ ကုံလုံမကျန်၊
ပြင်ဆင်ရန်..." သုံးရသည်။ သာသနာ့ အဆောက်အအုံများအတွက် ဘဏ္ဍာတော်တည်း။
နောက်ပိတ်ဆုံး -
"မြေသုဿန်မှ၊ စဏ္ဍာလတွင်၊ ရသည့်ခိုင်ခွန်၊ အရွတ်ဝန်က၊ ကြေပွန်အောင်သာ...." ဟု
သုဿန်မြေမှ ရသော အခွန်ကို အရွတ်ဝန်က တာဝန်ယူပြီး သူ့ကိစ္စနှင့်သူ
သုံးစွဲရသည်။
သည်အတိုင်းဆိုလျှင်တော့... ရှင်ဘုရင်တွင် ကိုယ်ရေးကိုယ်တာအတွက် ဘယ်ကငွေကို သုံးစွဲရမည် နည်း။
"ပဏ္ဏာတော်ပန်း၊ မြို့တနန်းက၊ ပို့မြန်းဆက်လှာ၊ ဂါရိကာနှင့်၊ လယ်ရာမြေဟု၊
အခြေပြုလျက်၊ ပြည်သူ့ခြားပိုင်း၊ တရားတိုင်းဖြင့်၊ လမိုင်းဆိုင်ရာ၊
ထိုသည့်တာကို၊ ဘဏ္ဍာတော်မြတ်၊ မင်းသုံးမှတ်လော့..." - ဟု ဦးပေါ်ဦးက
ရှင်းပြသည်။
အခြားမင်းများက ပဏ္ဏာဆက်သည့်ငွေများ၊ တရားဥပဒေအရ ဘုရင်၏ကိုယ်ပိုင်ဟု
သတ်မှတ်ပေးထား သော လမိုင်းလယ်ယာမှ ရသော ငွေများကိုသာ ဘုရင်သည်
ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခွင့်ရှိသည်။
ယခု.. ဤစည်းကမ်းကို ချိုးဖောက်ပြီး... ဘိုးတော်မင်းတြားက သဿမေဓငွေတော်ကို
ကိုယ်ရေးကိုယ် တာ အတွက် သုံးသည်။ နိုင်ငံတော်၏ အရေးတကာအနက် ကာကွယ်ရေးထက်
အရေးပိုကြီးသော အရာမရှိ။ ထီးသက်နန်းသက်ရှည်ရေး[အချုပ်အချာအာဏာတည်မြဲရေး]၊
နိုင်ငံတော်မပြိုကွဲရေး၊ နိုင်ငံတော်အေးချမ်းသာယာ ရေး၊
တရားဥပဒေစိုးမိုးရေးတို့အတွက် ကာကွယ်ရေး တောင့်တင်းခိုင်မာမှုသည်
အဓိကအကျဆုံး ကိစ္စဖြစ်သည်။ ရှင်ဘုရင်လုပ်သူအတွက် သည့်ထက်အရေးကြီးသောကိစ္စ
ဘာရှိသနည်း။ ဤကိစ္စ၌ပင် ဂရုမထားခဲ့သော် အခြားကိစ္စတွေ၌ ဘာဖြစ်ကုန်မည်နည်း။
တဖန် ဤမသင့်သောအမှုသည် အစဉ်အလာဖြစ်သွား၍ သားတော်စဉ် မြေးတော်ဆက်
အတုခိုးမှားခဲ့သော် နိုင်ငံတော်၏အနာဂတ်သည် ရင်လေးဖွယ် ကောင်းလေစွ။
ထို့ကြောင့် လေးနက်ရန် သွေးထွက်ခံပြီး 'ရှင်ဘုရင်ပါး မ၀သေးပါဘူး' ဟူသော စကားကို ဦးပေါ်ဦး ဆိုသည်။ အခြားစကားမရှိ။
ဘိုးတော်မင်းတြားသည်လည်း အံ့ဖွယ်ကောင်းလှသည်။
ဤ ရတု(၆)ပိုဒ်ကို ဖတ်ရသည်တွင် သတိပညာဝင်လာပြီး ဦးပေါ်ဦးကို ပြန်ခေါ်တော်မူ၍ ချီးမြှောက်တော် မူမြဲ၊ ချီးမြှောက်တော်မူလေသည်။
ရှင်ဘုရင်ဟူသည် မာန်ကြီးမြဲ ဖြစ်လေသည်။ အမှန်တရားနှင့် နိုင်ငံအကျိုးအတွက်
မင်းမာန်ကို နှိမ့်ချကာ အမှားကို ပြင်ရဲသော မင်းတြားကြီး၏ သတ္တိကို
ချီးမွမ်းရမည်သာ ဖြစ်လေသည်။
စာဆိုလည်း တင့်တယ်သည်။ မင်းလည်း တင့်တယ်သည်။ သြော်... သမိုင်းလည်း တင့်တယ်သည်။
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က တတိယနှစ်တွင်
နိုင်ငံအုပ်ချုပ်မှုသဘောတရား၊ စီမံခန့်ခွဲမှု ပညာ၊ စည်းကမ်းဥပဒေအမျိုးမျိုး
ပါဝင်သည့် နိုင်ငံရေးသိပ္ပံ [political science] ကို သင်ယူခဲ့ရသည်။
သင်ကြားခဲ့ရ သည်မှာလည်း ခေါမခေတ်မှ ယနေ့မော်ဒန်ခေတ်အထိ သူရို့ ဥရောပမှ
နိုင်ငံရေးသိပ္ပံတွေသာ ဖြစ်လေသည်။ မြန်မာအပါအ၀င် အာရှတိုက်မှ
နိုင်ငံရေးသိပ္ပံတွေ မပါ။ ကျွန်တော်တို့ မြန်မာနှင့် အာရှ ယဉ်ကျေးမှုကြီး
များတွင် နိုင်ငံရေးသိပ္ပံ မရှိသယောင်ယောင်။ မြင့်မြတ်သော စည်းကမ်း၊
ဥပဒေတွေနှင့် သဘောတရားတွေ မရှိလေဟန်...။
သူရို့ဆီမှ ဥပဒေဘောင်တွင်းမှ ဘုရင်စနစ်ကို ပုံကြီးချဲ့ပြကြသည်။ မြန်မာနှင့်
အရှေ့တိုင်းယဉ်ကျေးမှု တို့မှ ဘုရင်များကို သက်ဦးဆံပိုင်တွေအဖြစ် တဘက်သတ်
မြင်စေခဲ့သည်။
ပဒေသရာဇ်၊ ဧကရာဇ်ခေတ်ကား သူ့ခေတ်နှင့် သူသာတည်း။ သို့ရာတွင်
မြန်မာမင်းတို့ကို ထိန်းကွပ် ထားသော တရားဓမ္မတွေ၊ သဘောတရားတွေ၊
ထုံးတမ်းစဉ်လာတွေ၊ ဥပဒေစည်းကမ်းတွေ များစွာရှိလေသည်။
သမိုင်း၌ သမနိရှည်သော မြန်မာတွေတွင်.. နိုင်ငံ၏
အမြစ်ခိုင်ရှင်သန်ကြီးပွါးခြင်း ၏ အကြောင်းခံတရား တွေ ရှိသည်။ ထို
အကြောင်းခံတရားတွေကို ထိန်းသိမ်းစောင့်ရှာက်တတ်သော ပညာ၊ သတိ၊ သတ္တိ နှင့်
အစဉ်အလာကောင်းတွေလည်း ရှိခဲ့သည်။ ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံတကာနည်းတူ
လောကဓံတရားတွေ ကြုံသည့်အခါ ကြုံခဲ့ရသော်လည်း-
"တင့်တိုးကြက်သရေ၊ မြင့်ဖြိုးဝေသား၊ စက်နေပမာ၊ ချက်မြေချာဝယ်၊ တေဇာကွန့်မြူး၊ ကြယ်သောက်ရှူးနှင့်၊ ပျံ့လူးဥက္ကာ၊ ကဲ့ပမာသို့....."
မြန်မာဟူသည် ကမ္ဘာပေါ်၌ ကျက်သရေရှိရှိ တည်ရှိနေနိုင်စွမ်းသည်။
ဦးပေါ်ဦးနှင့် ဘိုးတော်မင်းတြားတို့၏ သမိုင်းစစ် ဇာတ်မှန်ကို သတိရမိတိုင်း... အထက်၌ ရေးခဲ့သကဲ့သို့..
စာဆိုလည်း တင့်တယ်သည်။ မင်းလည်း တင့်တယ်သည်။ သြော်... သမိုင်းလည်း တင့်တယ်သည်....
ဟု ကျွန်တော် ဂုဏ်ယူမိပါကြောင်း....။
တက္ကသိုလ်ဘုန်းနိုင်။
[တက္ကသိုလ်ဘုန်းနိုင်- အမြင့်သို့ အာရုံညွန့်တက်ခြင်း(သို့မဟုတ်) ကဗျာ - ပထမနှိပ်ခြင်း၊ ၂၀၀၂ ဇူလိုင် မှ ကူးယူဖော်ပြပါတယ်။]
by စာကြည့်တိုက်(ရွှေအိမ်စည်စာေ ပဒါနပြုပါသည်) on Thursday, June 14, 2012 at 9:54pm ·
16 Sept 2012
ဖတ်သာဖတ်
The Lord Morrison of Lambeth
Deputy Prime Minister of the United Kingdoကျွန်ုပ်သည် ငပျင်းတယောက် ဖြစ်၏။ ဘယ်လောက်ပျင်းသလဲဆိုရင် ကျွန်ုပ်ဘေးမှာ အမှိုက်ပုံကြီး တပုံဖြစ်လာရင်တောင် အမှိုက်ပုံကို ထရှင်းဖို့ နေနေသာသာ အဲသည့်အမှိုက်ပုံနဲ့ ဝေးရာကို နေရာရွေ့သွားဖို့တောင် ပျင်းပါသည်။ အဲဒီလို ပျင်းခြင်းဟာ ဥပဒေစာစကားနဲ့ ပြောရရင် " အခုမှ မပျင်း ရှေးကပင်ပျင်းသည်" ဟုပင်ဆိုရပါမည်။
ငယ်တုန်းက စာကျက်ဖို့ ပျင်း၏။
ကြီးလာတော့ ထမင်းချက်ဖို့ ပျင်း၏။
အရွယ်ရောက်လာတော့ ပိုက်ဆံအရှာထွက်ဖို့ ပျင်း၏။
ကျွန်ုပ်အိပ်ချင်ပြီဆိုလျှင် ဘယ်လောက်ပဲ ပိုက်ဆံရတဲ့ အလုပ်ပဲဖြစ်ဖြစ် ငြင်းပါသည်။
ထမင်းအငတ်ခံနိုင်ပေမယ့် အအိပ်အပျက်မခံနိုင်ပါ။
ကျွန်ုပ်ကို ချစ်ခင်အထင်ကြီးမှုများနဲ့ ဇနီးမယားတော်ထားသူကပင် နောက်ဆုံးတော့
အကြောင်းသိသွားသောအခါ မပြောသာပြောသာဖြင့် " လက်စသတ်တော့ နန္ဒာလေးက
ငပျင်းလေးပဲ" ဟုဆိုပါသည်။ အဲဒီလို သြော် ချရလောက် ပျင်းတဲ့ ကျွန်ုပ်ဟာ
စိတ်တိုင်းကျသာ ပျင်းခွင့်ရတိုင်း ပျင်းလိုက်ရရင်ဖြင့် အခုချိန်မှာ
"ခွက်လက်ဆွဲကာ တောင်းစားပါလည်း နင်သာ ငပျင်း လူ့ငဖျင်း" လို့ ဆိုရမယ့်
အခြေအနေကို ရောက်နေမှာပါ။
ဒါပေမယ့် အခုချိန်မှာတော့ ကျွန်ုပ်ဟာ သင့်တဲ့လျောက်ပတ်တဲ့ ခေတ်ပညာ Degree,
Diploma များနဲ့ ဘာသာစကား ၂ မျိုး ၃ မျိုးလောက်နဲ့ လောကအလယ်မှာ
ကိုယ်ယုံကြည်ရာ လမ်းကို ကိုယ်လျှောက်နိုင်စွမ်းတဲ့ အခြေအနေတရပ်နဲ့
ကိုယ့်ကိုကိုယ် ကျေနပ်စွာ ရပ်တည်နေပါတယ်။ (မှတ်ချက်...ကိုယ့်ကိုကိုယ်
ကျေနပ်ခြင်းဟာ ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းမဟုတ်ပါ)။ အဲဒီလို
ရပ်တည်နေနိုင်တာဟာ ကျွန်ုပ်ရဲ့ ကောင်းသလား ဆိုးသလားမပြောတတ်တဲ့ စိတ်ခံစားမှု
တခုကြောင့်နဲ့ အလေ့အကျင့် တခုကြောင့်လိုပဲ ဆိုချင်ပါတယ်။
"မခံချင်စိတ်" ဆိုတဲ့ စိတ်ခံစားမှုဟာ မွေးကတည်းက ကျွန်ုပ်မှာပါလာတယ်လို့
ဆိုရပါမယ်။ အဲသည့်စိတ်ကြောင့် ကျွန်ုပ် ခဏခဏ ဒုက္ခရောက်ရသလို၊
အဲသည့်စိတ်ကြောင့်ပဲ ကျွန်ုပ်စိတ်တိုင်းကျ ပျင်းခွင့်မရခဲ့ဘူး။ ငယ်ကတည်းက
အိမ်နီးနားချင်း ကလေးတယောက်ယောက် စာကျက်သံကြားရရင် အိပ်နေသည်ဖြစ်စေ၊
ကစားနေသည်ဖြစ်စေ၊ ဘာပဲ လုပ်နေလုပ်နေ ကျွန်ုပ်စာပြေးကျက်တတ်သည်။ သူတော့
ငါ့ထက် သာသွားတော့မှာပဲဆိုတဲ့ အတွေးက ကျွန်ုပ်သွေးတို့ကို ဆူဝေစေခဲ့သည်။
အရွယ်ရောက်လာတော့လည်း ဟိုလူ့သမီးက ဟင်းချက်ကောင်းသည်၊ ဒီလူ့သမီးက
မုန့်လုပ်ကောင်းသည်ဆိုသည့် အသံများက ကျွန်ုပ်ကို အိမ်တွင်းမှု
အသက်မွေးဝမ်းကျောင်းကို ရောက်အောင် ပို့ပေးခဲ့သည်။ အမှန်စင်စစ်
ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လိမ္မာရေးခြားရှိခြင်းကြောင့် တတ်ကျွမ်းရခြင်း
မဟုတ်ပါ။ ကိုယ့်ထက် မွေးကတည်းက အစစအရာရာ သာနေသူတို့ကို ကျွန်ုပ်
လိုက်လံတုပခြင်း မရှိသော်လည်း ကိုယ်နဲ့ သူမသာ ကိုယ်မသာ ဖြစ်နေသူများထဲမှ
ကျွန်ုပ်ထက်သာသွားမယ့်အရေးကိုေ တာ့ အခွင့်မပေးနိုင်ပါ။
သူ့ကို မနာလိုခြင်း၊ ဒုက္ခရောက်အောင်လုပ်ခြင်းမဟုတ်ပါ ။ သူ့ကို
အနိုင်မပေးခြင်းသာ ဖြစ်ပါသည်။ မခံချင်စိတ်၏ ပျင်းခွင့်မပေးမှုကြောင့်
လောကအလယ်တွင် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်မှု ကြီးငယ်တို့ကို ဖြတ်သန်းရင်း
ကျွန်ုပ်ကြီးပြင်းခဲ့ပါသည်။
ကျွန်ုပ်ကို လောကအလယ်မှာ တင့်တယ်စွာ ထားပေးခဲ့တဲ့ အလေ့အကျင့် တခုကတော့ "
စာဖတ်ခြင်း" ပါပဲ။ ကျွန်ုပ် ၃တန်းနှစ် နွေရာသီကျောင်းပိတ်ချိန်လောက် ကစပြီး
မနက်မိုးလင်းကတည်းက လမ်းမပေါ်ထွက်ကာ ကစားဖေါ်ရှာသည်မှာ ညနေ ၆နာရီ
အိမ်ကလိုက်ခေါ်သည့် အချိန်ထိပင် ဖြစ်ပါသည်။ ကျွန်ုပ်ကို စံချိန်ကျိုးအောင်
မကစားနိုင်သော ကလေးတို့ကို စောင့်စားရင်း လမ်းထဲရှိ အလကားဖတ်၍ရသော
စာအုပ်အငှားဆိုင်မှ စာအုပ်များကို အဖေါ်စောင့်ရင်း စာအုပ်ဆိုင်ရှေ့
မြောင်းနှုတ်ခမ်းတွင် ထိုင်ကာ ခြေထောက်နှစ်ချောင်းကို မြောင်းထဲသို့
တွဲလောင်းချပြီး စာဖတ်ဖြစ်ခဲ့၏။
ထိုစဉ်က ကျွန်ုပ်စ၍ဖတ်သော ဝတ္ထုမှာ မင်းသိင်္ခ၏ စုံထောက်ဝတ္ထုများဖြစ်၏။
ဖတ်ပင်ဖတ်သော်ငြားလည်း နားမလည်။ ဗမာလို ရေးထားတာကို
နားမလည်ရကောင်းလားဆိုပြီး ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်ကာ
နားမလည်သည်များကို လူကြီးများကိုမေးလိုက်၊ ဖတ်လိုက်နှင့်ဖတ်ဖြစ်ခဲ့၏။
သည့်နောက်တော့ ရွှေဥဒေါင်း၊ မြသန်းတင့်နှင့် ဘာသာပြန်ပေါင်းစုံတို့ကို
ဖတ်ဖြစ်ခဲ့၏။
ကျွန်ုပ်သည် ငယ်စဉ်က ပညာတတ်အသိုင်းအဝိုင်း ဆွေမျိုးများစုံလင်စွာ
စုပေါင်းနေထိုင်သော အိမ်ကြီးတွင် ကြီးပျင်းလာခဲ့ရသည့်အားလျော်စွာ
ကျွန်ုပ်ပတ်ဝန်းကျင်တွင်လည်း စာမျိုးစုံရှိနေခဲ့၏။ အများစုမှာ
မြန်မာလိုနှင့် အင်္ဂလိပ်လို ရေးထားသော စာများဖြစ်ကြ၏။ ဒီလိုနဲ့ တော်တော်လေး
အရွယ်ရောက်လာသောအခါ တက်ကျမ်းများ၊ ရသစာပေများ၊ဘာသာရေးစာအုပ်များ၊
အတ္ထုပ္ပတ္ထိများ၊ ကိုယ်တွေ့ဖြစ်ရပ်များ စသည်တို့ကို ဖတ်ဖြစ်ခဲ့၏။ ဖတ်သာဖတ်ရ၏။
နားမလည်သည်များကလည်း အနတ္တဂမပင်။ ထိုအချိန်အထိ စာဖတ်ခြင်းသည် ကျွန်ုပ်အတွက်
စာဖတ်ခြင်းမျှသာ ဖြစ်၏။ ဖတ်သော စာများကို အသုံးမချတတ်ခဲ့။
တနေ့သောအခါ ကျွန်ုပ်အတွက် တန်ဖိုးအလွန်ရှိသော၊ ကျွန်ုပ် အသွေးအသားတို့ကို
ဆူဝေစေသော၊ ကျွန်ုပ်ကို မြှောက်ထိုးပင့်ကော်လုပ်ပေးသော စာတပုဒ်ကို
ဖတ်လိုက်ရ၏။
ကျွန်ုပ်ပျင်းချင်သည့် အခါတိုင်း ထိုစာကြောင့် ပျင်းခွင့်မရခဲ့။
ကျွန်ုပ်အားလျှော့ချင်သည့် အခါတိုင်း ထိုစာကြောင့် အားလျှော့ခွင့်မရခဲ့။
ကျွန်ုပ်၏ မုန့်ဖိုးအတော်များများ၊ နည်းပါးသော ဝင်ငွေထဲမှ
ပိုက်ဆံအတော်များများသည်လည်း ထိုစာကြောင့် စာအုပ်ဖိုးများသာ ဖြစ်ခဲ့ရ၏။
ထိုစာကို မိတ်ဆွေလည်း စိတ်ဝင်စားသည်ဆိုပါက ဖတ်ကြည့်နိုင်ပါသည်။
သင့်ဘဝ(သို့) သင့်စိတ်ဓါတ်ကို ထိုစာက ပြုပြင်ပေးလိုက်လျှင်တော့
ကျွန်ုပ်တာဝန်မယူပါ။
ထိုစာ၏ ခေါင်းစဉ်မှာ ရိုးစင်းလှ၏။ " စာကို ရည်ရွယ်ချက်နဲ့ ဖတ်" ဟူသတတ်။
သို့သော် ကျွန်ုပ်ကတော့ "မူလတန်းတန်းကျောင်းသား ဝန်ကြီးချုပ်"ဟု ခေါင်းစဉ်
ပြောင်းပေးလိုက်ချင်၏။
လန်ဒန်မြို့ရှိ အလင်းရောင် မတောက်ပသည့် briston ရပ်ကွက်
လမ်းမတခုမှာဖြစ်သည်။ အချိန်က ည(၁၀)နာရီခန့်။ ဓါတ်ငွေ့မီးအိမ်၏
မှိတ်တုတ်တုတ် အလင်းရောင်အောက်မှာ လူတယောက် ခုံကလေး တလုံးကို
ဟောပြောစင်လုပ်ပြီး အာပေါင်အာရင်းသန်သန်ဖြင့် စကားပြောနေသည်။
" ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဘာသာရပ်ကို
ကိုယ်တိုင်လေ့လာကြည့်သွားစမ်းပါ ၊ အောင်မြင်အောင် ဘယ်လိုလုပ်မလဲ၊ ခင်ဗျားမှာ
ဘာတွေတော်နေလဲ၊ ဘယ်လို အခြေခံ အစွမ်းအစတွေ ရှိနေလဲ၊ ဦးခေါင်း လက္ခဏာပညာက
ပြောပြပါလိမ့်မယ်"
ထိုသူက ပြောလည်းပြော သူ့လက်ထဲက လူ့ဦးခေါင်းပုံ အစိတ်အပိုင်းတွေမှာ
ဆေးရောင်စုံတွေ ခြယ်ပြီး သချာင်္၊ သမိုင်း၊မှတ်ဥာဏ်စသဖြင့် အညွှန်းစာတွေ
ရေးထိုးထားတဲ့ ပုံကိုလည်း ဝှေ့ယမ်းပြနေသည်။
အဲသည့်အချိန်မှာ အသက်(၁၅)နှစ်ခန့်သာ ရှိသေးတဲ့ ကုန်ခြောက်ဆိုင်မှာ
အကူလုပ်သားအဖြစ် လုပ်ကိုင်နေရတဲ့Herbert Morrisonဆိုတဲ့ ကလေးတယောက်ဟာ
သူ့ခေါင်းမှာရော ဘယ်လို အဖုအထစ်လေးတွေရှိလဲဆိုတာ အလွန်အမင်းသိချင်သွားတယ်။
ဒါနဲ့ပဲ သူ့ရဲ့ ရှိစုမဲ့စု ပိုက်ဆံလေး ခြောက်ပဲနိကို ကိုင်ပြီး
ရှေ့တိုးသွားခဲ့တယ်။ ဦးခေါင်းလက္ခဏာဆရာက သူငယ်လေး ဦးခေါင်းကို ကိုင်ပြီး
အဖုအထစ်တွေကို တခုချင်း လျှောက်စမ်းကြည့်တယ်။
သည့်နောက်မှာတော့ ဦးခေါင်းဆရာက " မင်းခေါင်းသိပ်ကောင်းတယ်၊ မင်းဘာစာတွေ
ဖတ်လဲ"လို့ မေးပါသတဲ့။ " အများဆုံးကတော့ အပစ်အခတ်တွေပါပဲ" ။ သူငယ်လေးက
သတင်းစာ လက်ပွေ့သမားများ ရောင်းလေ့ရှိတဲ့ တပဲနိတန် သဲထိတ်ရင်ဖို
ဝတ္ထုလေးတွေကို ရည်ညွှန်းပြီး ပြောလိုက်သတဲ့။
ဘာမှ မဖတ်တာထက်စာရင် အပေါစားလည်း မဆိုးပါဘူး။ ဒါပေမယ့် မင်းခေါင်းက
သိပ်ကောင်းတယ်၊ ဒီလို အညံ့စား အမှိုက်သရိုက်လို ဟာမျိုးတွေနဲ့
မင်းခေါင်းနဲ့ မတန်ပါဘူး၊ ပိုကောင်းတဲ့ဟာတွေ ထည့်စမ်းပါ။ သမိုင်းတို့၊
အတ္ထုပ္ဗတ္ထိတို့ မင်းကြိုက်တာတော့ ရွေးပေါ့၊ ဒါပေမယ့် ကိုယ့်အတွက်
အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်ဖတ်တဲ့ အလေ့အထမျိုး
မွေးစမ်းပါ"လို့ သူက ဆိုလေသည်။
ဦးခေါင်းပေါင်းများစွာကို ကိုင်တွယ်စမ်းသပ်လာတဲ့ ပုဂ္ဂိုလ်က
သူငယ်လေးကို ထူးခြားသည့် ဦခေါင်းပိုင်ရှင်လို့ ပြောလိုက်တော့
သူငယ်လေးဟာ အလွန်ပဲ နှစ်ထောင်းအားရဖြစ်သွားခဲ့တယ်။ သူအိမ်ပြန်လာချင်မှာ
သူ့ရင်တွေ ခုန်နေခဲ့တယ်။ သူ့ဟာ အပေါစားစာတွေနဲ့ မတန်တဲ့
ဦးခေါင်းပိုင်ရှင်ပါလားလို့ သူ့ကိုယ်သူ အကြိမ်ကြိမ်ရေရွတ်နေမိခဲ့တယ်။
တဖက်ကလည်း သူဟာ မူလတန်းကျောင်းမှာပင် ပညာရေး ဆုံးခန်းတိုင်ခဲ့သော အဖြစ်က
သူ့ကို ခြောက်ခြားစေပြန်တယ်။
ဘာပဲဖြစ်ဖြစ် သူလုပ်ကြည့်ခဲ့တယ်။ သူရတဲ့ ဝင်ငွေထဲမှ အနည်းငယ်ကိုဖဲ့ကာ
မက်ကောလေး၏ အင်္ဂလန်သမိုင်းစာအုပ်ကို ဝယ်လိုက်တယ်။ သူဝယ်ဖတ်လိုက်တဲ့
စာအုပ်ဟာ သူ့အတွက် အင်မတန်ခက်ခဲနေခဲ့တယ်။ စာအုပ်ပြီးဆုံးဖို့
သူအတော်ကလေး ဒုက္ခခံခဲ့ရတယ်။
သည့်နောက်မှာတော့ သူဟာ အင်္ဂလိပ်သမိုင်းဖတ်စာများ စာအုပ်ကိုတွေ့သွားတယ်။
အဲသည့်စာအုပ်ကတော့ သူ့စိတ်တွေကို နိုးကြားအောင် လှူံ့ဆော်ပေးနိုင်စွမ်း
ရှိခဲ့တယ်။ အဲဒီ့စာအုပ်ကြောင့် သူဟာ အရွယ်မတိုင်ခင်မှာပဲ လူမှုရေး
ပြဿနာများကို စတင်သိမြင်ခွင့်ရလာခဲ့တယ်။ လန်ဒန်မြို့ ပတ်ဝန်းကျင်ရှိ
လူမှုအခြေအနေများ ပို၍ တိုးတက်ကောင်းမွန်လာအောင်
မည်သို့လုပ်မည်လဲဆိုတာမျိုးေ တွ သူတွေးစပြုလာတယ်။သူဟာ
စာကြည့်တိုက်တွေကို သွားစပြုလာတယ်။ သူ့အတွေးတွေကို စာအုပ်တွေက
ပေးနိုင်စွမ်းရှိမှန်း တစထက် တစ သူသိလာတယ်။
သူဟာ တဆင့်ပြီးတဆင့် စက်မှုတော်လှန်ရေးနဲ့ စပ်လျဉ်းသည့် လူမှုရေးရာ
လေ့လာချက်များ၊ လက်ရှိ ကာယအလုပ်သမား လူတန်းစား၏ လူမှုဘဝ
သုံးသပ်ဝေဖန်စာများကိုပါ သူဖတ်လာတယ်။ ပညာရေးမပြည့်ဝမှုကြောင့် ဖြစ်ပေါ်ရတဲ့
ပြဿနာတွေရဲ့ အဓိပ္ပါယ်ကို သူကွဲကွဲပြားပြား မြင်လာတယ်။ အမြင်သစ်နဲ့
ကြည့်တတ်လာတယ်။
စာပေလေ့လာလိုက်စားခြင်း၏ ပီတိနှင့် လှုပ်ရှားအားတက်မှုတို့က သူ့ကိုဖမ်းစားခဲ့တယ်။ အသိပညာမှ ရသော ဝမ်းမြောက်ရွှင်လန်းရမှုကား သူခံစားရဖူးသမျှထဲတွင် အကြီးမားဆုံးဖြစ်သည်ဟု သူခံယူ လာတယ်။ ထို့ကြောင့် သူဟာ စာဖတ်ချိန်နဲ့ ဖတ်စရာနေရာရဖို့ အားထုတ်ရ၏။
သူနေထိုင်ရာ ကုန်ခြောက်ဆိုင် အပေါ်ထပ်ရှိ အခန်းကျဉ်းကျဉ်းလေးဟာ
ဆောင်းတွင်းမှာ အင်မတန်ချမ်းစီးလှသောကြောင့် ကိုယ်မှာ စောင်တထည်ပတ်ပြီး
ဆိုင်ရှင်မိန်းမကြီးက မနက်စာစားမခေါ်ခင် အချိန်အထိ ရသမျှစာတွေကို
ကြုံးဖတ်၏။ ညဘက်တွင် အခန်းက အေးလွန်းသောကြောင့် သူ့အခန်းထဲမှာ
စာထိုင်မဖတ်နိုင်။ ကော်ဖီဆိုင်မှာ အပေါဆုံး ကိုကိုးတခွက်ယယ်ယူပြီး
ညဥ့်နက်သည်အထိ မကုန်အောင် သောက်ကာ စာထိုင်ဖတ်၏။
အဲသည့်နောက်မှာ ဘီယာချက်စက်ရုံတွင် တယ်လီဖုန်းအော်ပရေတာအဖြစ်
လုပ်ကိုင်စဉ်အခါကလည်း အလုပ်အသွားအပြန် ဘတ်စ်ကားစီးချိန်များ၊
ရထားစီးချိန်များမှာ စိတ်ပညာ၏ ပထမဥပဒေသများနှင့် ချားလ်စ်ဒါဝင်၏
လူ၏မူလအစကျမ်းများကို ဖတ်ရှုနိုင်ခဲ့တယ်။
သူ့ခေါင်းထဲမှာ အတွေးအမြင် အယူအဆတွေ ပြည့်နှက်လာတယ်။
သူ့အတွေးအမြင်အယူအဆတွေကို လက်တွေ့စမ်းသပ်အကဲဖြတ်ကြည့်ရန် အခွင့်အရေးတွေ
အများကြီးရလာခဲ့တယ်။ သူဟာ ဆိုရှယ်လစ်အစည်းအဝေးခန်းတွေ၊
သမဂ္ဂခန်းမတွေ၊လမ်းစုံလမ်းထောင့် ဆွေးနွေးဝိုင်းတွေမှာ
စကားတက်ပြောစပြုလာတယ်။
မူလတန်းအဆင့်သာ ပညာသင်ခွင့်ရတဲ့ သူ့ခေါင်းထဲမှာ လူထုကျန်းမာရေး၊
အိုးအိမ်စာကြည့်တိုက်၊ အလုပ်သမားရေးရာများမှသည် ကျန်းမာသန့်ရှင်းမှု
စစ်ဆေးရေး၊ ရေညစ်စွန့်ထုတ်ရေး၊ အမှိုက်သိမ်းစနစ်က စလို့ အများသုံး
ရေခန်းချိုးကိစ္စအထိ ပြဿနာပေါင်း သောင်းခြောက်ထောင် သူ့ခေါင်းထဲမှာ
တွေးတတ်လာတယ်။ ရှိလာတယ်။
ဒီလိုနဲ့သူဟာ "လေဘာ"လှုပ်ရှားမှုမှာ
အဖွဲ့သားတဦးဖြစ်လာခဲ့တယ်။သူ့ကော က်နှုတ်ချက်တွေ၊ အဆိုပြုချက်တွေကို
ခိုင်ခိုင်မာမာ ကာကွယ်နိုင်ဖို့ စာအုပ်စာတမ်းတွေကို သည့်ထက်တိုးပြီး
အလေးအနက် ဖတ်ဖို့ လိုအပ်ကြောင်းသိလာခဲ့တယ်။
အစည်းအဝေးတွေမှာ သူ့ကို မေးခွန်းတွေ တပြုံတခေါင်းကြီး မေးမြန်းရှိကြတယ်။
တခါတရံမှာ သူ့အတွက် အလွန်အဖြေရကျပ်တဲ့ မေးခွန်းမျိုးတွေ ပါလာတတ်တယ်။
ထိုအခါမျိုးမှာ သူ့အတွက် အားကိုးစရာဟာ စာအုပ်စာပေများသာ ဖြစ်ခဲ့ရတယ်။
အံ့သြဖွယ် ကောင်းလှစွာပဲ သူဟာ စာအုပ်စာပေများ အားကိုးနဲ့ ခက်ခဲလှစွာသော
မေးခွန်းပေါင်းများစွာကို ဖြေကြားနိုင်ခဲ့ပါတယ်။
တန်ဖိုးရှိလှတဲ့ အတွေ့အကြုံပေါင်းများစွာဟာ သူ့ကို
လွှတ်တော်အမတ်တစ်ဦးအဖြစ် တွန်းပို့ခဲ့တယ်။ ထို့နောက်မှာတော့ ဒုတိယ
ကမ္ဘာစစ်ကြီး အတွင်းမှာ ဗြိတိန်နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ်
တာဝန်ယူနိုင်ခဲ့တယ်။ ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲအဖြစ် ချာချီ၏
စစ်ကာလအစိုးရအဖွဲ့ဝင်မှာလည်း အရေးပါသူတစ်ဦးဖြစ်ခဲ့တယ်။
အက်တလီ အစိုးရလက်ထက်(၁၉ ၄၅-၁၉ ၅၁)မှာ အောက်လွှတ်တော်ရဲ့
အာဏာရလေဘာပါတီအမတ်များ၏ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ အစိုးရအဖွဲ့
ဒုတိယဝန်ကြီးချုပ်အဖြစ်လည်းကော င်း တာဝန်ထမ်းဆောင်နိုင်ခဲ့ကြောင်း
ဆောင်းပါးမှာ ဖေါ်ပြထားတယ်။
အဲသည့်ဆောင်းပါးကို ဖတ်လိုက်ရသည့် အချိန်မှစ၍ ကျွန်ုပ် ပျင်းချင်သည့်အခါ
ထိုဆောင်းပါးကို သတိရလာသည်။ ကျွန်ုပ် လောကကြီးကို
အရှုံးပေးချင်သောအခါတိုင်း ထိုဆောင်းပါးကို သတိရသည်။ လူတဦးတယောက်ရဲ့
အရည်အသွေး၊ အရည်အချင်းဆိုသည်မှာ မွေးရာပါ သဘာဝအင်အားများထက် ဖြစ်ချင်စိတ်၊
လုပ်ချင်စိတ်များ အပေါ်တွင်သာ မူတည်ကြောင်း ကျွန်ုပ်သတိပြုမိလာသည်။
" ငါက ခေတ်မီ နိုင်ငံကြီးတွေမှာ ခေတ်ပညာ မသင်ရလို့ ငါ့တိုင်းပြည်ကို
ဘာမှအကျိုးမပြုနိုင်ဘူးဆိုတဲ့ အတွေးအခေါ်မျိုး၊ ငါက အင်္ဂလိပ်စာ
ကောင်းကောင်းမတတ်လို့ လောကကို ဘာမှ အကျိုးမပြုနိုင်ဘူးဆိုတဲ့
အယူအဆမျိုးကို လုံးဝမထားသင့် မယူဆသင့်ပါဘူး။ ကျွန်ုပ်တို့
မြန်မာစာပေဟာလည်း ကမ္ဘာမှာ သေးသိမ် သိမ်နုတ်တဲ့ စာပေမဟုတ်ဘူးဆိုတာကို
ရဲရဲကြီး ယုံကြည်စေချင်ပါတယ်။
သင့်မိသားစု၊ သင့်ပတ်ဝန်းကျင်၊ သင့်လူအဖွဲ့အစည်း၊ သင့် ရပ်ရွာ၊
သင့်တိုင်းပြည်ကို ကောင်းကျိုးလည်းပြုချင်တယ်၊ သင့်မှာလည်း ပစ္စည်းဥစ္စာ၊
အတတ်ပညာအနေနဲ့ ဘာမှမယ်မယ်ရရ မရှိသေးဘူးဆိုရင်တောင် အားမလျှောလိုက်ပါနဲ့။
သင့်ဘေးမှာ စာအုပ်တွေရှိနေပါတယ်။ ဒီနေ့ပဲ ကောက်ဖတ်လိုက်ပါ မိတ်ဆွေ။
နန္ဒာ(ဂျပန်)
14 Sept 2012
စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်မှာ တိုးတက်မှုရရှိနိုင်ခြင်း
စာဘယ်လောက်ဖတ်သလဲပေါ်မူတည်ပြီး အင်္ဂလိပ်စာ အဆင့်အတန်း ကွာသွားပါတယ်။ စာဖတ်နည်း သူတွေ၊ လုံးဝစာမဖတ်သူတွေဟာ အင်္ဂလိပ်စာလည်း အားနည်းတတ်ကြတယ်။ စာအများကြီးဖတ်သူတွေ ဟာ အင်္ဂလိပ်စာမှာလည်း အဆင့်မြင့်မြင့် တတ်မြောက်လေ့ ရှိကြတယ်။
စာဖတ်တယ်ဆိုတာ ဘ၀တစ်သက်တာ ရရှိနိုင်တဲ့ အရေးကြီးဆုံးကျွမ်းကျင်မှုတွေထဲ
လူတစ်ယောက်နဲ့ စကားပြောကြည့်ရင် စာဖတ်များသူလား၊ စာဖတ်နည်းသူလား သိနိုင်ပါတယ်။ စာဖတ်များသူက သူ့ရဲ့ ရှုမြင်ပုံကို ဥပမာတွေ၊ နမူနာတွေနဲ့ သိုင်းဝိုင်းပြီး ပြောနိုင်တယ်။ သမိုင်းစာအုပ် ဖတ်ရတာ ၀ါသနာပါသူဆိုရင် သမိုင်းဖြစ်စဉ် ဥပမာတွေကို ထုတ်ပြနိုင်တယ်။ စာဖတ်တော့ ဗဟုသုတ ပိုရှိတာပေါ့။ ကမ္ဘာကြီးအကြောင်း ပိုပြီး သိလာတယ်။ စာဖတ်များတဲ့ဝန်ထမ်းကို အလုပ်ရှင် သဘောကျတယ်။ စာဖတ်များတယ်ဆိုကတည်းက ပညာတတ်သူဖြစ်တော့မယ်။ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်နိုင်တော့မယ်။ ဖတ်နေရုံနဲ့တော့ မပြီးဘူးပေါ့လေ။ အလုပ်ကိုလည်း စနစ်တကျ လုပ်ရမှာ ဖြစ်တယ်။
စာဖတ်ရင်း အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေကို တိုးတက်အောင် ဘယ်လို လုပ်ရမလဲ
စာဖတ်တဲ့အခါ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် လုပ်နိုင်တာတွေ ရှိပါတယ်။ ယခင်က မတွေ့မြင်ဘူးတဲ့ ဝေါဟာရတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီဝေါဟာရတွေကို ကျော်မဖတ်ဘဲ အချိန်ယူပြီး အဓိပ္ပာယ်သိအောင် လေ့လာသင့်တယ်။ ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ပြီး ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို တစ်ခါတစ်ရံ အကြမ်းအားဖြင့် သိနိုင်တယ်။ မသိသေးတဲ့ ဝေါဟာရကို ဘယ်လို သုံးထားသလဲ လေ့လာရမယ်။ ဒါဆို သဲလွန်စ ရလာတတ်တယ်။ အချို့ စာရေးဆရာတွေက ဝေါဟာရတွေကို သုံးရင်း အဓိပ္ပာယ်ပါ တစ်ပါတည်း ဖော်ပြတတ်တယ်။ စာဖတ်ရင်း အဓိပ္ပာယ်ပါ သိသွားမှာ ဖြစ်တယ်။
ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ပြီး ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို မသိနိုင်ရင်၊ စာရေးသူကလည်း အဓိပ္ပာယ်ဖော်ပြမထားရင်၊ အဘိဓာန်ကြည့်ရတော့မယ်။ အလုပ်ရှုပ်လိုက်တာလို့ ထင်ရပေမယ့် တတ်နိုင်သလောက် အဘိဓာန် ကြည့်ပေးသင့်တယ်။
စာအုပ်တစ်အုပ်ထဲက အခန်းတစ်ခန်းကို ဖတ်နေရင်း မသိသေးတဲ့ ဝေါဟာရတွေအားလုံးကို ချရေးထားပါ။ အခန်းတစ်ခန်း ဆုံးသွားရင် အဓိပ္ပာယ်ကြည့်ပါ။ မသိသေးတဲ့ စကားလုံး တစ်လုံး တွေ့တိုင်း စာဖတ်တာကို ရပ်ပြီး အဘိဓာန်ကြည့်ရရင် စာဖတ်နှေးသွားလိမ့်မယ်။ စာမျက်နှာ သုံးလေးမျက်နှာလောက် ဖတ်ပြီးမှ မသိသေးတဲ့ စကားလုံးတွေကို တစ်ပေါင်းတည်း ပြန်ကြည့်တာက ပိုပြီး အဆင်ပြေလိမ့်မယ်။
အင်္ဂလိပ်လို ရေးတတ်ဖို့လည်း အရေးကြီးတယ်
တစ်ချိန်မဟုတ်တစ်ချိန် အချက်အလက်တွေကို ချရေးဖို့ လိုအပ်လာမှာဖြစ်တယ်။ တက္ကသိုလ် တက်နေရင် စာတမ်းတွေ ရေးရမယ်။ ကုမ္ပဏီလုပ်နေရင် လုပ်ငန်းအဆိုပြုလွှာတွေ ရေးဖို့ လိုအပ်မှာ ဖြစ်တယ်။ ကုမ္ပဏီမှာ အလုပ်လျှောက်ရင် ကိုယ်ရေးမှတ်တမ်း ရေးရမယ်။ ဘွဲ့လွန်သင်တန်းတက်ရင် စာတမ်းပြုစု ရမယ်။ အဲဒီအခြေအနေအားလုံးမှာ အင်္ဂလိပ်စာ အဆင့်မြင့်မြင့်ရေးနိုင်မှ အောင်မြင်မှုရမှာ ဖြစ်တယ်။ ဒါကြောင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု တည်ဆောက်ထားဖို့ အထူးအရေးကြီးတယ်။ မှားမှားနေလို့ မဖြစ်ဘူး။ တစ်ခါတည်း မှန်အောင် တန်းရေးနိုင်ရမယ်။
စနစ်တကျ စာရေးတတ်ဖို့ကလည်း ပီပြင်အောင် ပြောတတ်ဖို့လိုဘဲ အရေးကြီးတယ်။ စကားပြောတဲ့အခါ စာရေးတဲ့အခါ သုံးလိုက်တဲ့ စကားအသုံးအနှုန်းတွေကို ကြည့်ပြီး ကိုယ့်အကြောင်းကို သူတပါးက သိနိုင်တယ်။ အင်္ဂလိပ်လို ပြောတဲ့အခါဖြစ်ဖြစ်၊ ရေးတဲ့အခါဖြစ်ဖြစ် အင်္ဂလိပ်စာကတော့ မှန်မှဖြစ်မယ်။ အင်္ဂလိပ်စာ အသုံးအနှုန်းမှားရင် တစ်ဘက်သား နားလည်မှု လွဲနိုင်တယ်။ ဒါမှမဟုတ် ပိုပြီးဆိုတာက ခပ်ညံ့ညံ့လို့ အထင်ခံရနိုင်တယ်။ စာဖတ်များသူကတော့ အဲဒီနယ်ပယ် ၂ခုစလုံးမှာ တိုးတက်မှု ရနိုင်တယ်။
စာဖတ်များရပါမယ်။ စာမျိုးစုံလည်း ဖတ်ဖို့ လိုပါတယ်။ စာဖတ်ရာမှာ ဘောင်ခတ်မထားပါနဲ့။ ပုံမှန်အားဖြင့် ဖတ်လေ့မရှိတဲ့ စာမျိုးကိုလည်း မကြာမကြာ ရှာဖတ်ပေးပါ။ အင်္ဂလိပ်စာအဆင့်နဲ့ မမှီ့တမှီ ဖြစ်နေတဲ့ ခပ်ခက်ခက် စာမျိုးကိုလည်း ဖတ်ဖို့ ကြိုးစားပါ။ ဒါမှ တိုးတက်မှာဖြစ်ပါတယ်။
www.exforsys.com မှ "How reading can improve your career" ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
Posted by Language Republic on August 29, 2012 at 13:36 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာSend Message View Discussions
Read more: စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်မှာ တိုးတက်မှုရရှိနိုင်ခြင်း - Myanmar Network http://www.myanmar-network.
13 Sept 2012
ဦးဘဂျမ်း၊ စင်ဒီကရောဖို့ဒ်နဲ့ ကြော်ငြာလောကရဲ့ ကိုယ်ကျင့်တရား
မောင်သာချို
(တစ်)
ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေးကို ဗဟိုကချုပ်ကိုင်သည့်
စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်ဆီသို့ ရွေ့လျားပစ်လိုက်ပြီးသည့်နောက် ဈေးကွက်နှင့်အ
တူတကွ ဖွံ့ထွားလာသည့်လုပ်ငန်းမှာ ကြော်ငြာလုပ်ငန်းပဲဖြစ်ပါသည်။ ကြော်ငြာအကျိုးဆောင်လုပ်ငန်းမျာ
တည်ထောင်လာကြကာ ရုပ်မြင်သံကြားပေါ်က စာနယ်ဇင်းများပေါ်က၊ ရေဒီယိုအသံလွှင့်လေလှိုင်းပေါ်က၊
လမ်းဘေးဝဲယာဧရာမဆိုင်းဘုတ်ကြီးမ
စီးပွားရေးလုပ်ငန်းအောင်မြင်မှုရ
ထိုကြော်ငြာပေါင်းစုံတို့ကို ကြည့်ရင်း၊ နားထောင်ရင်း၊ ဖတ်ရှုရင်းက ဖတ်မိသမျှ မှတ်မိသမျှ ကလေးများကို
သတိရလာမိကာ အတွေးတချို့တလေကို ဖောက်သည်ပြန်ချလိုခြင်း ဖြစ်ပါသည်။ Business ethic
ဟု ခေါ်မလား။ Advertising ethic ဟု ခေါ်မလား။ ကျွန်တော်မသိပါ။ ကြော်ငြာလုပ်ငန်းနှင့် စီးပွားရှာသူတို့
လိုက်နာသင့်သော ကိုယ်ကျင့်တရားများဟုပဲ ဆိုကြပါစို့။
(နှစ်)
ကျွန်တော်တို့ နိုင်ငံ၌ နာမည်ကျော်ကာတွန်းဆရာကြီးတစ်ဦး
ကာတွန်းဆရာကြီးဦးဘဂျမ်းဖြစ်ပါသ
ဦးဘဂျမ်းသည် တိုင်းကျိုးပြည်ပြုနိုင်ငံရေး ကာတွန်းများကို မည်သူ့မျက်နှာမှ မထောက်ဘဲ
ရဲရဲဝံ့ဝံ့ရေးခဲ့ရုံမျှမကဘဲ ကြော်ငြာကာတွန်းတစ်ခု
ကိုလည်း ဆွဲခဲ့ပါသေးသည်။ လွန်ခဲ့သော အနှစ်သုံးဆယ်လောက်က ထင်ရှားခဲ့သည့် “အောင်ဆုပန်”
ထီဆိုင်ကို ရေးပေးသည့် ကြော်ငြာပဲဖြစ်
ပါသည်။
ပုံတွင် လူငယ်တစ်ယောက် က ဧည့်ခန်းထဲက ကုလားထိုင်မှာ ထိုင်နေပါသည်။ သူ့အကျအိတ်ထဲမှာက
ထီလက်မှတ်ကလေးတွေကို တွေ့နေရသည်။ မိန်းမပျိုကလေးက မိမိ၏ချစ်သူအား ဧည့်ခံရန်
အစားအသောက် လင်ပန်းကလေးနှင့် ထွက်လာလို့။ အဖေနှင့် အမေက စကားတိုးတိုးပြောနေကြသည့် ပုံ။
အဖေက အမေ့ကို ပြောနေသည့်စကားက ကောင်ကလေးကို သာမန်အဆင့်နိမ့် ၀န်ထမ်းကလေးဟုဆိုကာ
သမီးနှင့်
သဘောမတူကြောင်း အပြတ်မပြောလိုက်ဖို့။ ကောင်ကလေး၏ အိတ်ထဲတွင် အောင်ဆုပန်က
ထိုးလာသည့် ထီလက်မှတ်တွေ တွေ့မိလို့ စသည့် စကားများပဲ ဖြစ်ပါသည်။ အလွန်လူကြိုက်များသည့်
ကာတွန်းကလေးဖြစ်ပြီး အောင်ဆုပန်ထီဆိုင်သည် ထီအလွန်ပေါက်တတ်သည်ဆိုသည့်
အာဘော်ကိုလည်း
မည်သည့်လူတစ်ယောက်ယောက်လုပ်ငန်း
မထိခိုက်မစော်ကားမိစေဘဲ ရောက်ရှိသွားစေသည့်ကြော်ငြာကာတွ
ကလေးပင် ဖြစ်ပါသည်။
သို့ဖြင့် ထိုကာတွန်းလူကြိုက်များသွားလေသေ
ဆရာကြီးဦးဘဂျမ်းကို ကြော်ငြာကာတွန်း
ဆွဲပေးဖို့ လာရောက်ကာ အလုပ်အပ်နှံကြပါသည်။ ဆရာကြီးဦးဘဂျမ်းက
အံ့သြစရာကောင်းလောက်အောင်ငြင်းဆ
ဘဂျမ်းကာတွန်းနှင့် ထောက်ခံကြော်ငြာပေးနေပါက အောင်ဆုပန်ထီဆိုင်
အပေါ် ယုံကြည်မှုလျော့နည်းသွားမှာပေါ့ဟ
ဆိုပါသည်။ ကာတွန်းဦးဘဂျမ်း၏ ကိုယ်ကျင့်တရားစောင့်ထိန်းပုံတစ
ကျွန်တော်မြင်လိုက်ရပါသည်။
ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးစင်ဒီကရော့ဖို့
သူက အိုမီဂါ ( OMEGA) နာရီကြော်ငြာ
အတွက် မော်ဒယ်လုပ်ပေးခဲ့သူဖြစ်ပါသည်။ အောင်မြင်သည့် နာရီကြော်ငြာဖြစ်လေရာ အခြားအခြားသော
နာရီကုမ္ပဏီများကလည်း စင်ဒီကရော့ဖို့ဒ်ကို ကြော်ငြာကိစ္စ လာရောက်ကမ်းလှမ်းကြပါသည်။ သို့သော်
သူက ငြင်းပါသည်။ အိုမီဂါနာရီအပေါ် စားသုံးသူတို့၏ ယုံကြည်မှု မပျက်
ပြားစေချင်သောကြောင့်ဟု ဆိုပါ၏။ ကာတွန်းဦးဘဂျမ်းနှယ် ကိုယ်ကြော်ငြာပေးသည့်
လုပ်ငန်းအပေါ်၌ စောင့်ထိန်းပုံဖြစ်ပါသည်။
ဒါဆို ပုဆိုးမှန်သမျှ၊ ထဘီမှန်သမျှ၊ ဖယောင်းတိုင်မှန်သမျှ၊ ဆပ်ပြာမှန်သမျှ၊ ကော်ဖီမစ်မှန်သမျှ၊
အိမ်သုံးဆေးမှန်သမျှ၊ ဒါအကောင်းဆုံးပါ။ဒါအကောင်းဆုံးပ
ကြော်ငြာပေးနေခြင်းများမှာ ကြည့်လို့ကောင်းရုံမှ တစ်ပါးထိုသက်ဆိုင်ရာ ကုန်ပစ္စည်းအပေါ်၌
ယုံကြည်မှုလျော့ပါးခြင်းရှိ မရှိ တွေးကြည့်ရုံနှင့် သိသာနိုင်ပါသည်။
(သုံး)
ကွယ်လွန်သူစာရေးဆရာကြီး ပါရဂူငယ်ငယ်က မအောင်မြင်သော မဂ္ဂဇင်းတစ်စောင်ကိုထုတ်ဝေရာ၌
ပါဝင်ခဲ့ဖူးပါသည်။ တစ်လ၊ နှစ်လနှင့်
ရပ်ဆိုင်းသွားသော မဂ္ဂဇင်းဖြစ်ပါ၏။ မဂ္ဂဇင်းနာမည်မှာ သာမာဝတီလား ဘာလား
ကျွန်တော်ကောင်းကောင်း မမှတ်မိတော့ပါ။ ထား။ ကျွန်တော်
ယခုပြောလိုသည့်ကိစ္စ၌ မဂ္ဂဇင်း နာမည်ကလည်း အဓိကမကျလှပါ။
ဆရာပါရဂူတို့ ထိုမဂ္ဂဇင်းကို သတင်းစာ၌ ကြော်ငြာထည့်ကြလေသောအခါ ကျွဲအုပ်၊ နွားအုပ် ကြီးကို
ဓာတ်ပုံရိုက်၍ ထည့်ကာ သာမာဝတီ
မဂ္ဂဇင်းကို တို့မဖတ်ဆိုသည့် စာသားထည့်သွင်းလျက် ကြော်ငြာခဲ့ကြသည်ဟု ဆိုပါ၏။ ကြော်ငြာကို
ဖတ်မိသူများက ထို မဂ္ဂဇင်းကို ရွံသွားကြ
ချဉ်သွားကြကြောင်း ဆရာပါရဂူကိုယ်တိုင် သုံးသပ်ဝေဖန်ချက်ဆောင်းပါးတစ်ပု
မဂ္ဂဇင်းမဖတ်သူများအား ကျွဲ၊ နွား
တိရစ္ဆာန်တွေဟု စော်ကားသလို ဖြစ်သွားခဲ့ရကြောင်းလည်း ဆရာက ဖွင့်ဟခဲ့ဖူးပါသည်။ ထို့ကြောင့်
လည်းကျရှုံးခဲ့ပုံရပါ၏။
ယနေ့ အချို့ကြော်ငြာများ၌ သည်ကော်ဖီမျိုးကို သောက်ဖူးလို့လားဟူသည့်လေသံမျိုး
လူ့အဆင့်အတန်းရှိသူတွေမှ သည်ဆန်မျိုးကို စားကြတာဟူ
သည့် လေသံမျိုးဖြင့် ကြော်ငြာနေကြခြင်းများသည် မိမိ၏ ပစ္စည်းကို ယခုမသုံးဖြစ်သေးသူ(သို့မဟုတ်)
မသုံးနိုင်သေးသူများကို နောင်
တစ်ချိန်ချိန်၌ မိမိထံသို့ ရောက်ရှိလာစေရန် ဆွဲဆောင်ရာမရောက်ဘဲ မိမိကို ရွံ့သွား၊ မုန်းသွား၊
ချဉ်သွားအောင် စော်ကားနေသည်နှင့် တူရာ
စဉ်းစားသင့်ကြသည်ဟု ယူဆပါ၏။
(လေး)
နည်းပညာအရ တစ်ဆင့်နိမ့်သော ကုန်ပစ္စည်းများအပေါ်ရှုတ်ချပြစ်တင
မိမိမကြော်ငြာသင့်ဟု ထင်ပါသည်။
ဆိုကြပါစို့။ မိမိက ဆပ်ပြာအရည်တစ်မျိုးကို ထုတ်လုပ်လိုက်သည်။ ဤတွင် ကြော်ငြာအကျိုးဆောင်က
ဆပ်ပြာရည်၏ ကောင်းကွက်၊ အားသာ
ကွက်များကို ဖော်ထုတ်ကာသာ ထိုဆပ်ပြာရည်ကို ကြော်ငြာသင့်ပါသည်။ သို့မဟုတ်ဘဲ ဆပ်ပြာတုံးတွေက
အလကား၊ ဆပ်ပြာမှုန့်တွေက
အလကား စသည် စသည်ဖြင့် ကြော်ငြာနေခဲ့လျှင် နည်းပညာအနိမ့်က လုပ်ငန်းငယ်များကို
ထိုးနှက်တိုက်ဖျက်ပစ်ရာ ရောက်သွားနိုင်ပါသည်။
ကားဖြင့် ခရီးသွားတာကောင်းကြောင်း ကြော်ငြာနိုင်ပါ၏။ သို့သော် အနှေးယာဉ်လုပ်ငန်းကို
မထိုးနှက်စကောင်း။ ခရီးဆောင်လက်ဆွဲသေတ္တာ
ကောင်းကြောင်း ကြော်ငြာနိုင်ပါ၏။ သို့သော် သင်ဖြူးဖျာ လုပ်ငန်းကို မထိုးနှက်စကောင်း။
(ငါး)
ဈေးကွက်နှင့်အတူ လုပ်ငန်းရှင်များ ပေါ်ပေါက်လာရာ မိမိတို့လုပ်ငန်းလူသိဖို့ အောင်မြင်ဖို့ ကြော်ငြာဖြင့်
ကြိုးပမ်းကြရသည်မှာ ဓမ္မတာဖြစ်ပါသည်။ ထိုအခါ ကြော်ငြာဖန်တီးသူများ၌ ဉာဏ်ခံကြီးရန်
လိုအပ်ပါသည်။ ဉာဏ်ခံမကြီးသောအခါ ကုန်ပစ္စည်းနှင့် လုပ်ငန်းကိုပါ ထိခိုက်ပြီး
အမှိုက်လိုလွှင့်အပစ်ခံရတတ်ပါသည်။
သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ပါ။ မည်သူ့ကိုမှ မထိခိုက်ဘဲ မိမိလုပ်ငန်းအောင်မြင်ရေးပင် ဖြစ်ပါသည်။ ။
11 Sept 2012
စတိ(ဗ)ဂျော့(ဘ)(စ)၏ ချစ်ခြင်းအားဖြင့်
(၁)
Apple ကွန်ပျူတာဖခင် စတိ (ဗ) ဂျော့(ဘ)(စ)မှာ မွေးကတည်းက စွန့်ပစ်ခံရသူ။
မိခင်ဂျူံးက ဂျာမန်နွယ်ဖွား။ အမေတို့အမျိုးက စည်းကြီးကမ်းကြီးရှိလှသည့်
ဗရင်ဂျီဘာသာဝင်တွေ။ ဒီလို အသိုင်းအ၀ိုင်းထဲက သူ့အမေက ဆီးရီးယားနိုင်ငံသား
မွတ်စလင်တစ်ဦးနှင့် ချစ်ကြိုး သွယ်သည်။ သူနာမည်က အဗ္ဗဒူ(လ)
ဖာတာဂျွန်ဂျန်ဒါလီ။ သူ့တို့ဖက်ကလည်း ဆွေကြီးမျိုးကြီးတွေ။ ဘေရွတ်ရှိ
အမေရိကန် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီး အမေရိကန်နိုင်ငံ ၀စ္စကွန်ဆင်
တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ပါရဂူတန်း တက်နေသူ။
ဂျော့(ဘ)(စ)ကို ကိုယ်ဝန် လွယ်ရချိန်မှာ အမေရော အဖေပါ
၂၃ နှစ် အရွယ်သာ ရှိသေးသည်။ ကိုယ်ဝန်ရှိနေသည့်တိုင် သူတို့နှစ်ဦး၏ ရှေ့ရေးက
မရေရာ။ တရားဝင်လက်ထပ်ဖို့က မဖြစ်နိုင်။ အမေ့အဖေက အိပ်ရာထဲမှာ သေမင်းကို
စောင့်စားနေရချိန်။ ဂျန်ဒါလီနှင့် လက်ထပ်က သမီးကို အမွေဖြတ်မည်ဟု
အဖိုးကြီးက ခြိမ်းခြောက်ထားလေသေးသည်။
ကိုယ်ဝန်ဖျက်ချဖို့ဆိုတာကလည်း သူတို့လို ဗရင်ဂျီ
အသိုင်းအ၀ိုင်းကျဉ်းကျဉ်းလေးထဲ မှာ ဘယ်လိုမှ မဖြစ်နိုင်။ ဂျူံးတစ်ယောက်
ကယ်သူရှာတော့ ဆန်ဖရန်စစ္စကိုရှိ ဆရာဝန်ကြီးတစ်ဦးကို တွေ့သည်။ ဆရာဝန်ကြီးက
တစ်ကိုယ် တော်မိခင်များ ကလေးမွေးဖွားရေးမှာ ကူညီသည့်အပြင် ကလေးတွေအတွက်
မွေးစားမိခင် ဖခင် ရှာပေးရေးကိုလည်း သိုသိုသိပ်သိပ်
ဆောင်ရွက်ပေးတတ်လေသေးသည်။ ဂျူံးက တစ်ခုပဲ တောင်းဆိုရှာပါသည်။ ''သူ့ကလေးရဲ့
မိဘတွေဟာ ကောလိပ်ဘွဲ့ရဖြစ်ရမယ်''။ ဆရာဝန်ကြီး က ကလေးကို ရှေ့နေတစ်ဦးထံမှာ
မွေးစားစေဖို့ စီစဉ်ထားသည်။
၁၉၅၅ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဂျော့(ဘ)(စ)ကို မွေးတော့ မွေးစားမိဘတွေက
ယောက်ျားလေး မလိုချင်၊ သမီးလေးသာ လိုချင်သည်ပြော၍ နောက်ဆုတ်သွားသည်။
သို့မို့ကြောင့် ဂျော့(ဘ)(စ)ခမျာ ရှေ့နေတစ်ဦး၏ သားဖြစ်လာရမည့်အစား
အထက်တန်းကျောင်းပင်မပြီးခဲ့သော စက်တွေချစ်တတ်သော အဖေနှင့် ဘ၀ကို
ဒေါင်လိုက်ပြားလိုက်နေတတ်သူ စာရင်းကိုင်အမေတို့ထံ ကြီးပြင်းလာရသည်။ ဂျူံးက
အထက်တန်းကျောင်းပင် မပြီးခဲ့သည့် ဇနီးမောင်နှံလက်ထဲ
သူ့မျက်ရွဲလေးကိုထည့်ဖို့ ငြင်းဆန်သေးသည်။ သားလေး မွေးစားမိဘ လက်ထဲ
ရောက်နေသည့်တိုင် သူလက်မှတ်ထိုးမပေးဘဲ တင်းခံနေလေသည်။ နောက်ဆုံးကျတော့
မွေးစားမိဘထံမှ ခံဝန်ချက်တစ်ခုရ အောင်တောင်းပြီး သူသဘောတူလိုက်သည်။
တောင်းဆိုချက်က - ကလေး၏ ကောလိပ်ပညာရေးအတွက် ငွေစုစာအုပ် ဖွင့်ထားပေးဖို့။
ဂျူံးဖခင် မကြာမီ ကွယ်လွန်သည်။ ထိုနှစ်ခရစ်(စ)မတ်(စ)အပြီးမှာ
ဂျူံးနှင့်ဂျန်ဒါလီ လက်ထပ်သည်။ ဂျန်ဒါ လီနိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ရသည်။
သမီးကလေးတစ်ဦး တိုးပွားလာသည်။ မိုနာ။ ၁၉၆၂ မှာ ဂျူံးနှင့် ဂျန်ဒါလီ
လမ်းခွဲသည်။ ဂျူံးတစ်ယောက် အိပ်မက်ကမ္ဘာထဲ ခရီးလှည့်သည်။ ၀င်္ကပါခရီး။
သည်အကြောင်းတွေကို တစ်ရက်မှာ ကမ္ဘာကျော် ၀တ္ထုရေးဆရာမဖြစ်လာသည့် သမီးမိုနာက
သူ့စာအုပ် ''ဒီနေရာကလွဲလို့ ရောက်ရာပေါက်ရာ''မှာ မှတ်တမ်းတင်သည်။ သားနှင့်
မိခင်ပြန်တွေ့ဖို့က နောင်အနှစ်(၃၀)ကျော် စောင့်ရသည်။
(၂)
သူမွေးစားသားဖြစ်မှန်း ဂျော့ (ဘ)(စ) ငယ်စဉ်ကတည်းက သိသည်။ ဒီကိစ္စမှာ
သူ့မိဘတွေက ပွင့်လင်းမြင်သာသည်။ တစ်ရက်သူ ၆ နှစ် ၇ နှစ်သားအရွယ်
အိမ်ရှေ့မြက်ခင်းပေါ်ထိုင်ရင်း သူငယ်ချင်း မိန်းကလေးကို ဒီအကြောင်း
ဖွင့်ပြောလိုက်တော့ ကလေးမလေးက ''ဒါဆိုရင် နင့်မိဘအရင်းတွေက နင့်ကို
မလိုချင်လို့ပေါ့'' ဟု မှတ်ချက်ချလိုက်သည်။
''ကျွန်တော့်ခေါင်း မိုးကြိုးဟက်ထက် ခွဲခံလိုက်ရသလိုပဲဗျာ''ဟု သူ ရင်ဖွင့်သည်။
''ကျွန်တော်ငိုပြီး အိမ်ကိုပြေးသွားတယ်။ အဖေနဲ့အမေက ကျွန်တော့်ကို
စေ့စေ့ကြည့်ပြီး သားလေး - မင်းသိဖို့က ငါတို့က မင်းကို သေသေချာချာ
ရွေးချယ်ခဲ့တာကွလို့ တစ်လုံးချင်းပြောတယ်။ ထပ်တလဲလဲ ပြောတယ်။ လေးလေးနက်နက်
ပြောတယ်။ ဟုတ်တယ် ..... ငါဟာ အစွန့်ခံ။ ငါဟာ အရွေးချယ်ခံ။ တော်ကောက်ခံ။
ငါဟာ အထူးအမွန်။''
ဂျော့(ဘ)(စ)က ကျောင်းမနေခင်ကတည်းက အမေသင်ပေးထားလို့ စာကောင်းကောင်း
ဖတ်တတ်နေပြီ။ ကျောင်းက သူ့အတွက် ပျင်းစရာ။ ငြီးငွေ့စရာ။ ဒါကြောင့်
ကျောင်းမှာ လျှောက်ကမြင်းရာက 'ဆိုးပေ' နာမည် ရလာ သည်။ သူ့အဓိကပြဿနာက
အာဏာပိုင်အဖွဲ့အစည်း တစ်ခုခု၏ သြဇာကို မနာခံလိုခြင်း။ တတိယတန်း
မပြီးခင်မှာပင် ကျောင်းမှ သုံးကြိမ်အနှင်ခံရပြီးပြီ။ သူ့ဖခင်ပေါ(လ)ဂျော့(ဘ)
(စ)က သူ့သား၏ ''ထူးခြားဖြစ်စဉ်''ကို လက်ခံသည်။ ကျောင်းကလည်း သားကို သူ့လို
လက်ခံ ဆက်ဆံ စေချင်သည်။ သူ့အဖေက ကျောင်းကိုလိုက်သွားပြီး ဆရာဆရာမတွေကို
'ဒီမှာဗျ။ ဒါသူ့အပြစ် မဟုတ်ဘူး။ သူစိတ်ဝင်တစားရှိအောင် လုပ်မပေးနိုင်တာကို က
ခင်ဗျားတို့ရဲ့ ညံ့ဖျင်းမှုပဲ''ဟု ပြောသည်။ ကျောင်းမှာ
ဖြစ်ပျက်ခဲ့တာတွေနှင့် ပတ်သက်ပြီး သူ့မိဘတွေက သူ့ကို တစ်ရံခါမှ
အပြစ်မပေးဘူး။ လေးတန်းတက်ရတော့ သူချစ်မြတ် လေးစားသည့် ဆရာမကြီးတစ်ဦးနှင့်
ဆုံရသည်။ အင်မိုဂျင်းဟီး(လ)။
''ကျွန်တော့်ဘ၀ရဲ့ သူတော်စင်တစ်ဦးပါပဲဗျာ''ဟု ဂျော့(ဘ)(စ)က ရင်ဖွင့်ဖူးသည်။
သူကျောင်းဆင်းချိန်တစ်ရက်မှာ ဆရာမက သူ့ကို သင်္ချာစာအုပ် တစ်အုပ်ပေးပြီး
အိမ်မှာ တွက်ခဲ့ဖို့ပြောသည်။ ဆရာမ ဘာကြောင်တာလဲ ဟု သူတွေးနေခိုက် ဆရာမက
ရေခဲမုန့် အကြီးကြီးတစ်ခု ထုတ်ပြပြီး - ''မင်းအဲဒီစာတွေပြီးရင် အဖြေမှန်ရင်
မင်းကို ဆုချမယ်။ ပိုက်ဆံ ၅ ဒေါ်လာလည်း ပေးဦးမှာ''ဟု ပြောသည်။
''ကျွန်တော်ကလည်း စိန်လိုက်ပေါ့။ နှစ်ရက်အတွင်း ပုစ္ဆာတွေအားလုံး
ပြီးသွားတယ်''။ ''အချိန်နည်းနည်းကြာလာတော့ ကျွန်တော်ဆရာမဆီက မုန့်နဲ့ပိုက်ဆ
ံမမျှော်တော့ဘူး။ ကျွန်တော်သိချင်လို့ တတ်ချင်လို့ကို
ကျောင်းစာလုပ်တော့တာ။ ဆရာမ သဘောကျစေချင်တာလည်း ပါတယ်'' ။ ဆရာမက သူ့ကို
မှန်ဘီလူး သွေးဖို့၊ ကင်မရာလုပ်ဖို့ ပစ္စည်းတွေ ၀ယ်ပေးသည်။
''ကျွန်တော်ဆရာမဆီက သင်ယူခဲ့ရတာ တခြားဆရာတွေဆီက သင်ယူခဲ့ရတာထက်
အများကြီးပိုပါတယ်။ ဆရာမကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်ထောင်ထဲ ရောက်ချင်
ရောက်ခဲ့မှာ'' ဟု ဂျော့(ဘ)(စ) ပြန်ပြောင်း သတိရတတ်သည်။ ဆရာတပည့်
မေတ္တာပြန်လှန် စီဆင်းပုံက။
'ကျွန်တော်ဆရာမဆီက သင်ယူခဲ့ရတာ တခြားဆရာတွေဆီက သင်ယူခဲ့ရတာထက် အများကြီးပိုပါတယ်။ ဆရာမကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော်ထောင်ထဲ ရောက်ချင်ရောက်ခဲ့မှာ'ဟု ဂျော့(ဘ)(စ) ပြန်ပြောင်းသတိရတတ်သည်။ ဆရာတပည့် မေတ္တာပြန်လှန်စီဆင်းပုံက ...
(၃)
ဂျော့(ဘ)(စ)က သူ့မွေးစားဖခင်ကို အလွန်ချစ်သည်။ ဖခင်က ကမ်းခြေစောင့်တပ်ထွက်။
အထက်တန်းကျောင်း မပြီးသော်လည်း စက်ကိရိယာ နှိုက်ချွတ်ပြင်ဆင်ရာ၌
ကျွမ်းကျင်သူ။ သူက ကားဝယ်ရောင်း။ မရောင်းခင်ကားကို
ပြင်ဆင်မွမ်းမံအရောင်တင်။ ကားဒီဇိုင်း အသေးစိတ်ကို စိတ်ဝင်စားသည်။
သူကားရုံထဲ အလုပ်လုပ်ရင် ဂျော့(ဘ) (စ)က အဖေနောက်
တကောက်ကောက်။ ''ကားပြင်ရတာကို ၀ါသနာပါလှလို့ မဟုတ်ပါဘူး။ အဖေ့နား
နေချင်လို့ပါ''တဲ့။ ဖခင်ကြောင့် သူအီလက်ထရွန်နစ်ပစ္စည်းတွေနှင့် စတင်ထိ
တွေ့ရသည်။ အဖေက သွေးအေးသလောက် သိမ်မွေ့သည်။ သူတို့နေထိုင်ရာက နောင်
''ဆီလီကွန်တောင်ကြား'' ဖြစ်လာမည့်နေရာ။ အိမ်နီးချင်း တွေက အင်ဂျင်နီယာတွေ။
ဒီအထဲက လာရီလင်းက ဂျော့(ဘ)(စ)အတွက် စံပြုပုဂ္ဂိုလ်။ အီလက်ထရွန်နစ်
ဘိုးအေကြီး။ တစ်ရက်မှာသူက ကာဘွန်မိုက်ခရိုဖုန်းရယ်၊ ဘက်ထရီရယ်၊
စပီကာရယ်ယူလာပြီး သူ့အိမ်အ၀င်လမ်းမှာ ဆင်းသည်။
''သူက ကျွန်တော့်ကို ကာဘွန်မိုက်ခရိုဖုန်းထဲ အော်ပြောခိုင်းလိုက်တော့
စပီကာကအသံတွေ ဟိန်းထွက်လာတယ်။ အဖေက မိုက်ခရိုဖုန်းတွေဟာ အီလက်ထရွန်နစ်
အသံချဲ့စက် အမြဲလိုတယ်လို့ ကျွန်တော့်ကို သင်ထားတာ။(ခုဟာက အသံချဲ့စက်မပါဘဲ
အသံက ဟိန်းနေတာ) ဒါနဲ့ ကျွန်တော်အိမ်ပြန်ပြေးပြီး အဖေ့ကိုပြောပြရတာပေါ့။
အဖေသင်ထားတာ မှားနေပြီဗျလို့။ အဖေက မင့်ဟာ မဖြစ်နိုင်ပါဘူး။
မိုက်ခရိုဖုန်းဟာ အသံချဲ့စက်လိုတာချည်းပဲကွလို့ ပြောတုန်း။ကျွန်တော်က
မလိုကြောင်း ထပ်ခါတလဲလဲပြောပြီး အဖေ့ကို အတင်းဆွဲခေါ်သွားတယ်။
အသံချဲ့စက်မလိုတဲ့ မိုက်ခရိုဖုန်းကို တွေ့လိုက်ရတော့ အဖေ ထခုန်မတတ်ပဲ။''
ဂျော့(ဘ)(စ)က ဒီအဖြစ်အပျက်ကို ရှင်းရှင်းကြီး မှတ်မိနေသည်။ သူ့အဖေဟာ
လုံးစုံကိစ္စ သိဖွယ်ရာ မှန်သမျှ တတ်သိနှံ့စပ်သူဟု သူက မြင်ထားရှာတာ။ သူ့အဖေ
ဒီလိုမဟုတ်ကြောင်း သူပထမဆုံးအကြိမ် သိလိုက်ရသည်။ ဒါ့ထက် ပိုစိတ်မကောင်းစရာက
သူက သူ့မိဘတွေ ထက် တတ်သိနေတာ၊ ပိုတော်နေတာ၊ ရှေ့ရောက်နေတာ။ တကယ်တော့ အဖေက
စက်တစ်ခုကို ကြည့်လိုက်ရုံနှင့် စက်အတွင်းပိုင်း အလုပ်လုပ်ပုံကို မှန်းဆ
သိနိုင်သည့်လူ။ အလုပ်ကို စနစ်တကျ သပ်သပ်ရပ်ရပ် လုပ်တတ်သူ။ မိဘနှစ်ပါးထက်
သူကတော်နေ တတ်နေတာ သိလိုက်ရတော့ သူ ရှော့(ခ)ရသလို ဖြစ်ရတဲ့ကြားထဲ
ဒီလိုအတွေးမျိုးဝင်လာတာကိုလည်း ကြီးစွာ အရှက်ရမိသတဲ့။ ပြင်းစွာခံစားရသတဲ့။
ဒီအချိန်ကို သူဘယ်လိုမှ မေ့လို့ မရတော့ပါတဲ့။ မွေးစားသားဖြစ်လို့ သီးသန့်
ခံစားမှုရနေသည့်အပြင် ယခုလိုခံစားသိမြင်မှုက သူ့ကို သူ့မိဘ၊
သူ့ပတ်ဝန်းကျင်လောကနှင့် ပိုလို့ပိုလို့ တသီးတသန့်
ကွဲပြားခြားနားစေခဲ့သတဲ့။
ဂျော့(ဘ)(စ) နောက်ထပ် ရှော့ (ခ)ရစရာတစ်ကွက် ကျန်သေးသည်။ သူထူးခြား
ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မိဘတွေထက် မိုင်ပေါင်းများစွာ ရှေ့ရောက်နေကြောင်းသိတာ
သူတစ်ဦးတည်း မဟုတ်ရလေတဲ့။ သူ့မိဘနှစ်ပါးလုံး ဒီအကြောင်း ကောင်းကောင်း
သိပြီးဖြစ်သတဲ့။ သူ့ကို သိပ်ချစ်တဲ့ မိဘတွေ။ ၀မ်းနှင့် လွယ်မမွေးရသော်လည်း။
သူတို့က သိပ်တော်လှတဲ့ ဒီသားအတွက် သူတို့ဘ၀တွေကို ဒီနေရာပြန်ချဖို့
ဝန်မလေးသူတွေ။ ပြန့်ကျယ်နေရာ ယူလာတဲ့ သားဘ၀ကို နေရာပေးဖို့အတွက်
သူတို့နေရာတွေ ပြင်ထိုင်ဖို့ ဦးမလေးသူတွေ။ သားကို ကောင်းကောင်းကျွေးဖို့။
ကျောင်းကောင်းကောင်းထားဖို့။ ကာကွယ်စောင့်ရှောက်ဖို့။ သူလေးတန်း
စာမေးပွဲမှာရသည့် အမှတ်တွေက မြင့်လွန်းလှတော့ ကျောင်းကသူ့ကို
နောင်နှစ်ငါးတန်းတက်ရမည့်အစား ၂ တန်းခုန်ကျော်ပြီး ၇ တန်း တက်ပေးဖို့
စီစဉ်သည်။ သို့ပေတဲ့ သူ့မိဘတွေက အတန်းတစ်တန်းပဲ ခုန်ကျော်ခွင့်ပြုပြီး ၆
တန်းမှာထားဖို့ သဘောတူလိုက်သည်။ ဒီလိုချစ်ခင်သလောက် အမြော်အမြင်ကြီးလှသည့်
မိဘတွေ။ မိဘနှင့်သားအကြား မေတ္တာကူးလူး ဖြတ်သန်းမှု။
(၄)
၁၉၈၆ ခုနှစ် ဂျော့(ဘ)(စ) အသက် ၃၁ နှစ်။ မွေးစားမိခင်ကလာရာ
အဆုတ်ကင်ဆာဖြစ်သည်။ နှစ်ရှည်လများ ဆေးလိပ်စွဲသောက်ခဲ့သည့် လက္ခဏာ။
ဂျော့(ဘ)(စ) မိခင်ဘေးနေပြီး အတိတ်က အကြောင်းတွေ မေးသည်။ သူတစ်သက်လုံး
မမေးခဲ့တာတွေကို စပ်စပ်စုစု မေးသည်။ အတိတ်ရာဇ၀င် တူးဆွခြင်း။ အဖေနှင့်
လက်မထပ်မီ သူ့အမေ အိမ်ထောင်တစ်ဆက်ရှိသေးကြောင်း သိလာရသည်။ သူ့ကို
မွေးစားခဲ့ပုံကိုလည်း အသေးစိတ် ပြောပြသည်။ သူအမေအရင်းကို တွေ့လိုစိတ်
ဝင်လာသည်။ တကယ်တော့အမေအရင်းကို ရှာဖွေထောက်လှမ်းဖို့ ၁၉၈၀ ပြည့်နှစ်ကတည်းက
စုံထောက်တစ်ဦး ငှားရမ်းခဲ့ဖူးသည်။ အလုပ်မဖြစ်။ မွေးလက်မှတ်မှာပါသည့်
ဆန်ဖရန်စစ္စကိုက ဆရာဝန်ကြီးကို ဖုန်းစာအုပ်ထဲရှာပြီး ဖုန်းဆက်ကြည့်သည်။
မှတ်တမ်းတွေ အားလုံး မီးထဲပါသွားကြောင်း အကြောင်းပြန်သည်။ တကယ်တော့ မဟုတ်။
ဂျော့(ဘ)(စ)ဆီက ဖုန်းရပြီးနောက် ဆရာဝန်ကြီးက စာတစ်စောင်ရေးပြီး
စာအိတ်ထဲထည့်၊ ချိတ်ပိတ်ပြီး စာအိတ်ပေါ်မှာ သူသေရင်
ဂျော့(ဘ)(စ)လက်ထဲထည့်ဖို့ ရေးထားလိုက်သည်။
သိပ်မကြာမီ ဆရာဝန်ကြီးဆုံးတော့ ဒီစာ သူ့လက်ထဲ ရောက်လာသည်။ သူ့အမေရင်းကို
သိရပြီ။ အခြား စုံထောက်တစ်ဦး၏ ကြိုးပမ်းမှုကြောင့် သူ့အမေရင်းနှင့်
နှမငယ်ကို ခြေရာခံမိသည်။ သို့သော် အမေရှာပုံတော်ဖွင့်တာကို သူ့မွေးစားမိခင်
မသိစေချင်။ သူ့မိခင် စိတ်ထိခိုက်သွားမှာကို သူမလိုလား။ ကြောင့်ကြ
ပူပန်သည်။ အမေဆုံးတော့မှ အမေရင်းကို သူစတင်ဆက်သွယ်သည်။ အဖေ့ကို
ဖွင့်ပြောတော့ အဖေက ကြည်ကြည်သာသာပဲ ခွင့်ပြုပါသည်။
''အမေ့ကို တွေ့ချင်တာက သိချင်စိတ်သက်သက်နဲ့ပါ။ ကျွန်တော်ကလူတစ်ဦးရဲ့
အောင်မြင်မှုဟာ မျိုးရိုးဗီဇထက် ပတ်ဝန်းကျင်ပေါ်မူတည်တယ်လို့ ထင်တယ်။
ဒါပေမဲ့ကိုယ့်ရဲ့ ဗီဇမျိုးရိုးအကြောင်းလည်း အထိုက်အလျောက် သိသင့်တာပေါ့''။
သူ့အမေ လုပ်ခဲ့တာတွေ မှန်ကြောင်း ပြောပြနှစ်သိမ့်ချင်သတဲ့။
သူကိုယ်ဝန်ဖျက်မချခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပြောချင်သတဲ့။ အသက် ၂၃
နှစ်အရွယ် မိန်းကလေးတစ်ဦး တရားမ၀င် ကိုယ်ဝန်လွယ်ခဲ့ရတာ ဖြတ်သန်းခဲ့ရတာ
မလွယ်လှကြောင်း သူရိပ်စားမိပါသတဲ့။ အမေက တောင်းပန်စကားတွေ၊
ရှင်းလင်းချက်တွေ တစ်ပုံကြီးပေးသည်။ ဂျော့(ဘ)(စ)က သူနားလည်နိုင်ကြောင်း
အထပ်ထပ် ပြန်ပြောရသည်။ နှစ်သိမ့်ရသည်။ သူ့နှမနှင့် တွေ့ရတာကလည်း
စိတ်လှုပ်ရှားစရာ။ သာမန်နှမတွေထက်ပိုတာက သူနှင့်အလွန်တူခြင်း၊ အနုပညာ
စွဲမက်တာရော၊ ပတ်ဝန်းကျင် မြင်မြင်သမျှကို သိမြင်ခံစားတတ်တာရော၊
ခံစားလွယ်တာရော၊ ခေါင်းမာတာရော၊ ပိသုကာလက်ရာတွေကို အနုစိပ်
ခံစားခွဲဖြာတတ်တာရော။
''ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးသိလာရတော့ တကယ့် မိတ်ဆွေရင်းခြာ ဖြစ်သွားတယ်။
သူဟာ ကျွန်တော့်မိသားစုပဲ။ သူမရှိရင် ကျွန်တော် ဘယ်လိုနေရမှန်းတောင်
မသိတော့ဖူး။ ဒီထက်ကောင်းတဲ့ နှမတွေးလို့ကို မရဖူး.....။'' မိခင်
ဖခင်နှင့်မောင်နှ မရင်းခြာကြားယှက်နွယ်နေသည့် မေတ္တာပုံရိပ်
(၅)
''ကျွန်တော်ကင်ဆာဖြစ်နေပြီလို့ သိလိုက်ရတော့ ..... ဘုရားသခင် ဒါမှမဟုတ်
တစ်ဦးဦးကို ပေါ့လေ။ တိုင်တည် အသိပေးလိုက်တယ်။ ကျွန်တော့်သား
အထက်တန်းကျောင်းက ဘွဲ့ရတာကို ကျွန်တော် တကယ်မြင်ချင်တယ်လို့''။
၂၀၀၃ အောက်တိုဘာမှာ သူပင်ခရိယကင်ဆာရှိမှန်း သိလိုက်ရသည်။ ၂၀၀၉ မှာ
သူအသည်းအသန်ဖြစ်တော့ သူ့သား နောက်တစ်နှစ်မှာ ဘွဲ့ယူရဦးမှာဟု အားတင်းပြီး
ရောဂါဝေဒနာကို သည်းခံကျော်လွန်ခဲ့ရသတဲ့။ သားကြီးရိ(‘) အရွယ်ရောက်လာတော့
သူ့အဖေ ၁၈ နှစ် သားအရွယ် ပုံပေါက်လာသည်။ ကြီးလေတူလာလေ။ တတ်သိပြီးပုန်
ကန်မှုံဆန်တဲ့ အပြုံးနဲ့။ မျက်စိစူးစူးနဲ့။ ဆံပင်မည်းမည်းထူထူနဲ့။ ဒီအထဲ
သူ့အမေဆီက ချိုသာမှုနှင့် သူတစ်ပါးအပေါ် စာနာသိတတ်မှုကို အမွေရလိုက်သေးသည်။
ဒါတွေက သူ့အဖေမှာ ရှာမရသည့် အရည်အသွေးတွေ။ သူ့အဖေကို မြတ်နိုးကိုးကွယ်သည်။
သူ့အဖေဟာ ငွေရေးကြေးရေး အကျိုးအမြတ် တစ်ခုတည်းကြည့်သည့် သွေးအေးအေး
စီးပွားရေးသမားတစ်ဦး မဟုတ်ရကြောင်း၊ သူ့အလုပ်ကို
ချစ်လို့လုပ်သူဖြစ်ကြောင်း၊ သူဖန်တီး ထုတ်လုပ်သမျှ ပစ္စည်းတွေအပေါ်
ဂုဏ်ယူဝင့်ထည်လိုသူဖြစ်ကြောင်း ပြောတတ်သည်။
သူ့အဖေ ကင်ဆာရောဂါဖြစ်ကြောင်း သိလိုက်ရတော့ ရိ(‘)က စတင်းဖို့(‘)
ကင်ဆာရောဂါကုဌာနမှာ နွေရာသီကျောင်းပိတ်ရက်အတွင်း ကင်ဆာသုတေသနလုပ်ငန်းမှာ
ဝင်ကူရင်း လေ့လာသည်။
''ကျွန်တော်ကင်ဆာဖြစ်တော့ အမြတ်ထွက်တာတစ်ခုက ရိ(‘)တစ်ယောက် တကယ်တော်တဲ့
ဆရာဝန်တွေနဲ့ တွဲလုပ်ခွင့်ရတာပါပဲ။ ကင်ဆာသုတေသနာမှာ သူစူးနစ်နေပုံက
ကျွန်တော်သူ့အရွယ်မှာ ကွန်ပျူတာ ရူးသွပ်ခဲ့ပုံမျိုးဗျ''ဟု ဂျော့(ဘ)(စ)က
သူ့သားအတွက် ဂုဏ်ယူသည်။ ရိ(‘) က သူကြီးလာရင် ကင်ဆာသုတေသီ လုပ်မည်ဟု
ပြောသည်။ ''ကျွန်တော် စိတ်ကူးယဉ်ကြည့်တာပေါ့ဗျာ။ ရိ(‘)က ဒီနားမှာ
အိမ်တစ်လုံးဝယ်၊ သူ့မိသားစုနဲ့နေ။ ဒီကနေ စတင်းဖို့ (‘)ကို စက်ဘီးနဲ့
ရုံးသွား ရုံးပြန်လုပ်''ဟု ဂျော့(ဘ)(စ)က သူ့သားအနာဂတ်ကို
စိတ်ကူးပုံဖော်သည်။
ချစ်ခြင်းမေတ္တာက အဖိုးအဖွားထံမှ မိဘများထံ စီးဆင်းပါသည်။ မိဘများထံမှ
သားသမီး ညီအကိုမောင်နှမများထံ ဆက်စီးဆင်းပါသည်။
သားသမီးမြေးမြစ်များထံမှလည်း မိဘဘိုးဘွားများထံ ပြန်လှန်စီးဆင်း
တတ်ပါသေးသည်။ ဘယ်လိုစီးဆင်း စီးဆင်း၊ ဘယ်လမ်းကြောင်း ရောက်ရောက်၊
ဘယ်လမ်းမြှောင်ဝင်ဝင်၊ ချစ်ခြင်းမေတ္တာ၏ ကောက်ကြောင်းကတော့ လှပခမ်းနား
ပြည့်စုံဝင်းပမြဲဖြစ်ပါသည်။
စာညွှန်း။ ။ (Steve Jobs by Walter Isaacson, 2011)
စာပြီးရက် ၇-၃-၂၀၁၂
( Written by ဒေါက်တာအောင်ကြီး Wednesday, 02 May 2012 )
by Myint Myint Thein on Wednesday, May 2, 2012 at 7:03pm
10 Sept 2012
စိတ်ဖိစီးမှုနည်းသောသူတို့၏ အမူအကျင့် (၁၀) ခု
စိတ်ဖိစီးမှုတွေ ကင်းဝေးဖို့ဆိုတာဟာ သင့်ရဲ့ အလုပ်အကိုင်၊ လူမှုရေး၊
ငွေကြေးကိစ္စတွေလိုပဲ ကြီးမားတဲ့ ဘ၀စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။
ဒါတင်မကပါဘူး၊ သင်နေ့စဉ် အပတ်စဉ် ပြုလုပ်တဲ့ ကိစ္စတိုင်းအပေါ်မှာလည်း
သက်ရောက်မှုတွေ ရှိနေပါတယ်။ သင် မေ့နေတဲ့၊ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့
အမူအကျင့်သေးသေးလေးတွေက ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။
ဟောဒါတွေကတော့ ဘ၀မှာ စိတ်ဖိစီးမှု နည်းတဲ့သူတွေရဲ့ အမူအကျင့်သေးသေးလေး (၁၀)ခုပါပဲ။
၁။ အားလုံးကို ချရေးပါ
သင့်ရဲ့စိတ်ကို အချက်အလက်တွေမှတ်သားဖို့ထက် ပိုပြီးကောင်းတဲ့အရာတွေအတွက်
အသုံးချပါ။ ပြီးတော့ တစ်ခါတစ်လေမှာ စိတ်ဟာ အပေါက်ပါတဲ့ ရေပုံးတစ်ပုံးနဲ့
တူတတ်တယ်။ ဒီတော့ သင့်ရဲ့ အကြံဥာဏ်ကောင်းတွေ၊ စိတ်ကူးတွေ၊
အတွေးတွေအားလုံးကို တစ်နေရာရာ ပျောက်မသွားခင် ချရေးပါ၊ ပြီးတော့ သင်
လုပ်ရမယ့်အရာတွေကို ” လုပ်စရာ စာရင်း” (To-Do List) ထဲမှာ မှတ်ထားပါ။
၂။ တစ်ကြိမ်မှာ တစ်ခု
တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ လုပ်မယ်ဆိုရင် သင်ဟာ ပိုပြီးကောင်းတဲ့
ရလာဒ်တွေကို ရရှိမှာဖြစ်ပါတယ်၊ ပြီးတော့ စိတ်ဖိစီးမှုတွေလည်း
ပိုနည်းပါလိမ့်မယ်။ ဒီတော့ တစ်ပြိုင်နက်တည်းမှာ အလုပ်တွေ
အများကြီးလုပ်မယ့်အစား သင့်ရဲ့တစ်နေ့တာကို အရေးအကြီးဆုံးအလုပ်တွေကို
အရင်ဆုံးပြုလုပ်ခြင်းဖြင့် စတင်လိုက်ပါ။
၃။ မခန့်မှန်းပါနဲ့၊ မေးပါ
စိတ်တွေကို ဖတ်ခြင်းဟာ ခက်ခဲပါတယ်။ ဒီတော့ အဲဒီအစား မေးခွန်းတွေထုတ်ပါ၊
ဆက်သွယ်ပါ။ ဒီဟာက သင့်ကို မလိုအပ်တဲ့ ငြင်းခုန်ရမှုတွေ၊ နားလည်မှုလွဲတာတွေ၊
အဆိုးမြင်တာတွေ၊ အချိန်နဲ့ စွမ်းအင်ကုန်ဆုံးမှုတွေကို သက်သာစေပါတယ်။
၎။ အရေးမကြီးတာတွေကို အရေးတကြီး မလုပ်ပါနဲ့
သင်ဟာ တစ်ခုခုကို အများကြီးတွေးတော့မယ်၊ ဒါမှမဟုတ် သင့်စိတ်ထဲမှာ
ကြီးကြီးမားမားတစ်ခုခုကို စဉ်းစားတော့မယ်ဆိုရင် သင့်ကိုယ်သင် မေးပါ ” ငါဟာ
အရေးမကြီးတာတွေကို အရေးတကြီးလုပ်နေသလား? ”
၅။ အိပ်ရာမ၀င်ခင် သင့်ရဲ့အိတ်ကို ပြင်ဆင်ထားပါ
ဒီတော့ မနက်ခင်းမှာ ပျာယာမခတ်ရတော့ဘူးပေါ့။ ပြီးတော့ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့တာမျိုးလည်း မဖြစ်တော့ပါဘူး။
၆။ သင့်ရဲ့ နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေကို နယ်နိမိတ် ကန့်သတ်ထားပါ
အလုပ်အတွက် စလုပ်ရမယ့်အချိန်နဲ့ ရပ်ရမယ့်အချိန်တွေကို သတ်မှတ်ပါ။ ကျနော်ဟာ
ညနေခင်းမှာဆိုရင် ၇ နာရီနောက်ပိုင်းမှာ အလုပ်တွေကို ရပ်လိုက်တယ်။
နေ့စဉ်နေ့တိုင်း နားချိန်လေးတွေ ထားပါ။ ညနေခင်းတွေနဲ့
ရက်သတ္တပတ်နောက်ဆုံးရက်တွေမှာ လန်းဆန်းနေစေဖို့၊ စွမ်းအင်တွေ ရှိနေစေဖို့
တစ်နေ့တာမှာ နားချိန်လေးတွေ သတ်မှတ်ထားပါ။ ကျနော်ဟာ ပုံမှန်အားဖြင့် ၄၅
မိနစ်လောက် အလုပ်လုပ်ပြီးတိုင်း ၁၅ မိနစ် နားပါတယ်။ အဲဒီ နားချိန်မှာဆိုရင်
ကျနော်ဟာ ကွန်ပျူတာရှေ့ကနေ ထလိုက်တယ်။ ပြီးတော့ အပြင်မှာ
လေကောင်းလေသန့်ရှူတယ်၊ တစ်ခုခုစားတယ်၊ ဒါမှမဟုတ်ရင်လည်း Simpsons
ဇာတ်လမ်းတွဲ အခန်းတစ်ခန်းကို တစ်ဝက်ကြည့်တယ်။
အလုပ်နားရက်တွေမှာ အလုပ်မလုပ်ပါနဲ့။ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် ကျနော်ဟာ
အလုပ်တွေကနေ ဝေးဝေးနေပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်ထဲက တစ်ရက်ကို မီဒီယာနဲ့
အင်တာနက်ကနေလည်း ဝေးဝေးနေပါတယ်။ ကျနော်ဟာ အဲဒီနေ့တွေမှာဆိုရင် မေးလ်တွေ
မစစ်ဘူး။ အဲဒီအစား ကျနော့်ရဲ့ ချစ်သူနဲ့ အချိန်ကုန်လွန်စေတယ်၊ ဒါမှမဟုတ်
ကျနော့်ရဲ့ မိတ်ဆွေတွေ၊ မိသားစု၊ စာအုပ်ကောင်းတစ်အုပ်ဖြစ်ဖြစ်၊
ရုပ်ရှင်တစ်ကားဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း ကျနော့်ကို
ပျော်ရွှင်စေမယ့်အရာတစ်ခုခုကို လုပ်တယ်။
၇။ အရာရာတိုင်းကို နေရာတကျ ထားပါ
အရာအားလုံးဟာ သူ့နေရာနဲ့သူ ရှိနေမယ်ဆိုရင် သင့်ရဲ့အိမ်ကို နေ့စဉ်နေ့တိုင်း
အစီအစဉ်တကျဖြစ်အောင်၊ မရှုပ်ပွနေအောင် ထိန်းသိမ်းရာမှာ အများကြီး
လွယ်ကူစေပါတယ်။ ပြီးတော့ အပြင်ထွက်ခါနီး သော့တွေ၊ ပိုက်ဆံအိတ်နဲ့ ဖုန်း
ရှာမတွေ့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။
၈။ ဆယ်မိနစ် စောပါစေ
ဒီရိုးရှင်းတဲ့နည်းလေးဟာလည်း စိတ်ဖိစီးမှုတွေကို အတော်လည်း
လျော့နည်းစေပါတယ်။ ပြီးတော့ ဒီနည်းလမ်းလေးက ခရီးသွားရာမှာလည်း သင့်ကို
သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
၉။ အလုပ်စားပွဲကို ရိုးရှင်းအောင် ထားပါ
သင်အလုပ်လုပ်တဲ့ နေရာကို ရိုးရှင်းအောင် ထားခြင်းဖြင့်
စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ၊ ရှုပ်ပွနေတာမျိုးတွေကို နည်းနိုင်သမျှ
နည်းအောင် ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ စိတ်ဟာလည်း
အရေးအကြီးဆုံးအလုပ်အပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ ဒီတော့
သင်အလုပ်လုပ်မယ့်နေရာကို အဲဒီလိုမျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာ
စဉ်းစားကြည့်ပါ။
အကြံဥာဏ်တစ်ခုကတော့ အလုပ်စားပွဲမှာ အလုပ်အတွက် အလိုအပ်ဆုံးအရာများကိုသာ
ထားဖို့ပါပဲ။ နံရံတွေပေါ်မှာတော့ သင့်ရဲ့အရေးအကြီးဆုံးလုပ်စရာတွေ ၊ ဒါမှမဟုတ်
သင့်ရဲ့ ရည်မှန်းချက်တွေကို ရေးပြီး ကပ်ထားနိုင်ပါတယ်။ သင်အကြိုက်ဆုံး
စကားတစ်ခွန်းခွန်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သင့်ကို
စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ဖြစ် ကပ်ထားနိုင်ပါတယ်။
၁၀။ အသက်ရှူရုံလေးပါ
စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ ပြဿနာတစ်ခုခုနဲ့ ကြုံတဲ့အခါ၊ ဒါမှမဟုတ်
သင့်ရဲ့စိတ်ဟာ အတိတ် သို့မဟုတ် အနာဂတ်မှာ ရောက်နေတဲ့အခါ၊ သင့်ရဲ့
ဝမ်းဗိုက်ကြွက်သားတွေကို အသုံးပြုပြီး အသက်ရှုပါ။ ပြီးတော့
သင့်နှာခေါင်းထဲကို လေ၀င်လာတာ၊ လေ ပြန်ထွက်သွားတာတွေကို အာရုံစူးစိုက်ပါ။
ဒီနည်းလမ်းက သင့်ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်လာစေပါလိမ့်မယ်။ ပြီးတော့
သင့်ရဲ့ စိတ်ကိုလည်း ပစ္စုပ္ပန်ဆီ ပြန်ခေါ်ပေးပါလိမ့်မယ်။
Ref: 10 Small Habits of Less Stressed People by Henrik Edberg
by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Friday, June 1, 2012 at 5:04pm ·
6 Sept 2012
ဒေါက်တာမောင်သင်းနဲ့ဘာသာရေး
ဒေါက်တာမောင်သင်းနဲ့ဘာသာရေး
တတိယနှစ်တက္ကသိုလ် ကျောင်း သားဘဝ ဒီဇင်ဘာကျောင်းပိတ် ရက် ပါ။ ကျွန်တော်တို့မြို့က ပဲခူးနဲ့(၇)မိုင်ဝေး ပါတယ်။ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်က ဦးပဉ္ဇင်းတွေ ဆွမ်းဆန်စိမ်း အလှူခံဖို့ကြွတော့ အမေက လောင်းပါတယ်။ အမေ ဆွမ်းဆန်စိမ်းလောင်းနေတုန်း ကျွန်တော် က ရဟန်းပျို တွေကိုကြည့်ပြီး ဒီလောက်ခွန်အားနဲ့ဲပြည့်စုံတဲ့ အရွယ် ယောက်ျားသားတွေ အလုပ် မလုပ်ဘဲ ဘာလို့များ သူများလှူ တဲ့ တန်း တဲ့ ပစ္စည်းတွေ စားနေရတာလဲ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်လုပ် လို့ ဖြစ်သား နဲ့ ဆိုပြီးရေရွတ်မိပါတယ်။ အမေကလှည့်ကြည့် မျက်စောင်းထိုးပါတယ်။ ဆွမ်းလောင်းလို့လဲပြီးရော ငသင်း လို့ခေါ် ပါတယ်။
အမေစိတ်ဆိုးရင် မောင်ဖြုတ်ပြီး ငတတ်ပြီး ခေါ်တတ်ပါတယ်။ နင်ကအလုပ်လုပ်တယ်ဆိုတာ လယ်လုပ်၊ စက်ရုံမှာ လုပ်၊ ဈေးရောင်းမှ အလုပ်လို့ထင်တာလား၊ ကျောင်းဆရာတွေလိုပဲ ဆရာတော်တွေလည်း လူတွေကို လိမ္မာ အောင် ဒေါသ၊ မောဟ၊ မာန၊ လောဘနည်းအောင် ဟောပေး၊ သင်ပေးတဲ့ အလုပ်လုပ် နေတာလေ ဆရာ တစ်မျိုး တဲ့ ပြီးတော့နင်တို့ပြောနေ တဲ့ ဆိုရှယ်လစ် ကွန်မြူနစ် တို့ဆိုတဲ့ အဖွဲ့တွေပေါ်တာ ဘယ်လောက်ကြာပြီ လဲတဲ့။ ကျွန်တော်ကနှစ် (၈၀) ကျော်ပါ။ အများဆုံး (၁၀၀)ပေါ့ အမေလို့ပြောတော့ သံဃာ့ အဖွဲ့က နှစ်ပေါင်း(၂၅၀၀)ကျော်ပြီ ဟို ဦးနုခေတ် က ဖဆပလ အခုမရှိတော့ဘူး မဟုတ်လား။ အဲဒီလို မခိုင်မာတဲ့ အဖွဲ့တွေပေါ များတဲ့ အထဲက၊ ဒီလောက်နှစ်ပေါင်း ၂၅၀၀ကျော် တည်မြဲတာ ကောင်းလို့ပေါ့။ ဘာကောင်း တာလဲ ငါ မပြောတတ်ဘူး။ နင့်ဟာနင် ရှာကြည့်။ အမေရဲ့နှစ်ပေါင်း ၂၅၀၀ကျော် တည်မြဲတဲ့ အဖွဲ့ ဟာ ကောင်းလို့ပေါ့ ဆိုတဲ့စကားကြောင့် ကျွန်တော်ဖတ်တဲ့စအုပ်တွေ ဟာ မာ့က်စ်၊ လီနင်၊ မော်စီတုံး တို့ဘက် ကို ရှေ့ဆက် မသွားတော့ပါ။ ဗုဒ္ဓ ဓမ္မဆီိ သို့ လမ်းကြောင်းပြောင်းခဲ့ပါတယ်။
ဒေါက်တာမောင်သင်းနဲ့ပညာရေး
ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ အမေ့ကို အနားပေးပြီး အမေ့ကုန်စုံဆိုင် အ လုပ် ပဲ ဆက်လုပ်မယ် ကျွန်တော် ဆုံးဖြတ်ပြီး အမေ့ကို ပြောတော့ ဘွဲ့ရ (၁၆) တန်းအောင် (သူငယ် တန်းလေး၊ သူငယ်တန်းကြီး (၂)တန်း၊ ကထမတန်း မှ ၁၀ တန်းထိ (၁၀) တန်း၊ ဘွဲ့ (၄) တန်းပါဆို တော့ ၁၆ တန်းပါ) တဲ့ သူက တစ်တန်းမှ မအောင်တဲ့ ''၀'' တတ် သူတွေလုပ်တတ် တဲ့ အလုပ်ကို ဆက်လုပ်မယ်ဆိုတော့ မင်း ဘာလို့ ပညာသင် ခဲ့တာလဲသား၊ (၁၆) နှစ်လုံးလုံး မရှုံးဘူးလား တဲ့၊ အမေရဲ့ ဈေးကွက် အတွက်အရ ပေါ်ထွက်လာတဲ့ ဘ၀အောင်မြင်ရေး ဒဿနပါ၊ အဖေ၊ အမေထက် (၁၆) တန်းသာတဲ့ ကျွန်တော်ဟာ အမြင့်ကို မလှမ်းဘဲ ခပ်နိမ့်နိမ့် ဘ၀ မှာ ပျော်ပိုက်နေလို့ မဖြစ်တော့ပါ။ ဒါနဲ့ အောင်စာရင်းထွက်တော့ Qualify ၀င်တာနဲ့ မဟာဘွဲ့ သင်တန်းကို ထုံးစံအတိုင်း ကိုယ် ကျောင်းစရိတ် ကိုယ်ရှာ၊ စုပြီး ကျောင်းဆက်တက်ခဲ့တာ ယနေ့ ဘ၀ရောက် ခဲ့ပါတယ်။
ကျွန်တော် ယနေ့ ပါမောက္ခချုပ်ဆိုတဲ့ဘ၀ ရောက်ခဲ့ရတာဟာ တစ်တန်းမှမအောင်ဘဲ သေစာ၊ ရှင်စာလောက် သာ ဖတ်တတ်တဲ့ ''၀ '' တတ် အမေ က ပေးခဲ့တဲ့ သုံးမကုန်တဲ့ အမွေကြောင့်ပါ။
ဒေါက်တာမောင်သင်း
.
ကောင်းသန့် ၏ ငယ်ငယ်တုန်းက စာစု များမှ
တတိယနှစ်တက္ကသိုလ် ကျောင်း သားဘဝ ဒီဇင်ဘာကျောင်းပိတ် ရက် ပါ။ ကျွန်တော်တို့မြို့က ပဲခူးနဲ့(၇)မိုင်ဝေး ပါတယ်။ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်က ဦးပဉ္ဇင်းတွေ ဆွမ်းဆန်စိမ်း အလှူခံဖို့ကြွတော့ အမေက လောင်းပါတယ်။ အမေ ဆွမ်းဆန်စိမ်းလောင်းနေတုန်း ကျွန်တော် က ရဟန်းပျို တွေကိုကြည့်ပြီး ဒီလောက်ခွန်အားနဲ့ဲပြည့်စုံတဲ့ အရွယ် ယောက်ျားသားတွေ အလုပ် မလုပ်ဘဲ ဘာလို့များ သူများလှူ တဲ့ တန်း တဲ့ ပစ္စည်းတွေ စားနေရတာလဲ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်လုပ် လို့ ဖြစ်သား နဲ့ ဆိုပြီးရေရွတ်မိပါတယ်။ အမေကလှည့်ကြည့် မျက်စောင်းထိုးပါတယ်။ ဆွမ်းလောင်းလို့လဲပြီးရော ငသင်း လို့ခေါ် ပါတယ်။
အမေစိတ်ဆိုးရင် မောင်ဖြုတ်ပြီး ငတတ်ပြီး ခေါ်တတ်ပါတယ်။ နင်ကအလုပ်လုပ်တယ်ဆိုတာ လယ်လုပ်၊ စက်ရုံမှာ လုပ်၊ ဈေးရောင်းမှ အလုပ်လို့ထင်တာလား၊ ကျောင်းဆရာတွေလိုပဲ ဆရာတော်တွေလည်း လူတွေကို လိမ္မာ အောင် ဒေါသ၊ မောဟ၊ မာန၊ လောဘနည်းအောင် ဟောပေး၊ သင်ပေးတဲ့ အလုပ်လုပ် နေတာလေ ဆရာ တစ်မျိုး တဲ့ ပြီးတော့နင်တို့ပြောနေ တဲ့ ဆိုရှယ်လစ် ကွန်မြူနစ် တို့ဆိုတဲ့ အဖွဲ့တွေပေါ်တာ ဘယ်လောက်ကြာပြီ လဲတဲ့။ ကျွန်တော်ကနှစ် (၈၀) ကျော်ပါ။ အများဆုံး (၁၀၀)ပေါ့ အမေလို့ပြောတော့ သံဃာ့ အဖွဲ့က နှစ်ပေါင်း(၂၅၀၀)ကျော်ပြီ ဟို ဦးနုခေတ် က ဖဆပလ အခုမရှိတော့ဘူး မဟုတ်လား။ အဲဒီလို မခိုင်မာတဲ့ အဖွဲ့တွေပေါ များတဲ့ အထဲက၊ ဒီလောက်နှစ်ပေါင်း ၂၅၀၀ကျော် တည်မြဲတာ ကောင်းလို့ပေါ့။ ဘာကောင်း တာလဲ ငါ မပြောတတ်ဘူး။ နင့်ဟာနင် ရှာကြည့်။ အမေရဲ့နှစ်ပေါင်း ၂၅၀၀ကျော် တည်မြဲတဲ့ အဖွဲ့ ဟာ ကောင်းလို့ပေါ့ ဆိုတဲ့စကားကြောင့် ကျွန်တော်ဖတ်တဲ့စအုပ်တွေ ဟာ မာ့က်စ်၊ လီနင်၊ မော်စီတုံး တို့ဘက် ကို ရှေ့ဆက် မသွားတော့ပါ။ ဗုဒ္ဓ ဓမ္မဆီိ သို့ လမ်းကြောင်းပြောင်းခဲ့ပါတယ်။
ဒေါက်တာမောင်သင်းနဲ့ပညာရေး
ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ အမေ့ကို အနားပေးပြီး အမေ့ကုန်စုံဆိုင် အ လုပ် ပဲ ဆက်လုပ်မယ် ကျွန်တော် ဆုံးဖြတ်ပြီး အမေ့ကို ပြောတော့ ဘွဲ့ရ (၁၆) တန်းအောင် (သူငယ် တန်းလေး၊ သူငယ်တန်းကြီး (၂)တန်း၊ ကထမတန်း မှ ၁၀ တန်းထိ (၁၀) တန်း၊ ဘွဲ့ (၄) တန်းပါဆို တော့ ၁၆ တန်းပါ) တဲ့ သူက တစ်တန်းမှ မအောင်တဲ့ ''၀'' တတ် သူတွေလုပ်တတ် တဲ့ အလုပ်ကို ဆက်လုပ်မယ်ဆိုတော့ မင်း ဘာလို့ ပညာသင် ခဲ့တာလဲသား၊ (၁၆) နှစ်လုံးလုံး မရှုံးဘူးလား တဲ့၊ အမေရဲ့ ဈေးကွက် အတွက်အရ ပေါ်ထွက်လာတဲ့ ဘ၀အောင်မြင်ရေး ဒဿနပါ၊ အဖေ၊ အမေထက် (၁၆) တန်းသာတဲ့ ကျွန်တော်ဟာ အမြင့်ကို မလှမ်းဘဲ ခပ်နိမ့်နိမ့် ဘ၀ မှာ ပျော်ပိုက်နေလို့ မဖြစ်တော့ပါ။ ဒါနဲ့ အောင်စာရင်းထွက်တော့ Qualify ၀င်တာနဲ့ မဟာဘွဲ့ သင်တန်းကို ထုံးစံအတိုင်း ကိုယ် ကျောင်းစရိတ် ကိုယ်ရှာ၊ စုပြီး ကျောင်းဆက်တက်ခဲ့တာ ယနေ့ ဘ၀ရောက် ခဲ့ပါတယ်။
ကျွန်တော် ယနေ့ ပါမောက္ခချုပ်ဆိုတဲ့ဘ၀ ရောက်ခဲ့ရတာဟာ တစ်တန်းမှမအောင်ဘဲ သေစာ၊ ရှင်စာလောက် သာ ဖတ်တတ်တဲ့ ''၀ '' တတ် အမေ က ပေးခဲ့တဲ့ သုံးမကုန်တဲ့ အမွေကြောင့်ပါ။
ဒေါက်တာမောင်သင်း
.
ကောင်းသန့် ၏ ငယ်ငယ်တုန်းက စာစု များမှ
3 Sept 2012
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ လင်္ကာကြီး
ဆိုပိန့်ဟုတ်ရာ …စဉ်းစားပါလော့၊ ခန္ဓာဘာရ၊ ပဉ္စကကား၊
ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊
အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊
ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့ ။
ရုပ်ဝါနုနယ်၊ ရှု့စဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊
အအိုစာရင်း၊ သူကသွင်း၏ ။
ဘေးရန်ကင်းကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊
နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏ ။
နင့်နှင့်တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊
ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဘယ်ခါမကွဲ၊
အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊
နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊
ကျားမွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏ ။
လ-ရက်-နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊
ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဥာဏ်မသွင်း၍၊
သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊
မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊
အမြင်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြာင့်ကြကြ၊ ပြုခဲ့လှပြီ ။
ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှု့လော့၊
ရတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊
ရေသွေ့ခန်းငြား၊ အိုင်ပတ္တားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊
ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊
သေကြဖို့သာ၊ နီးကပ်လာသို့၊
ငါသူကစ၊ ရှိသမျှလည်း၊ နေ့ညဥ့်မလပ်၊ အစဉ်စပ်လျက်၊
ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊
ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊
သေလမ်းသို့သာ၊ နီးကပ်လာ၏ ။
ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊
ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအေင်၊
ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပယ်ရွာ၊ နင့်အိမ်သာဟု၊
စိတ်မှာစွဲကပ်၊ သတိချပ်လော့ ။
လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊
ရှစ်ဝမဂ္ဂင်၊ သဘောင်္ာယဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊
ရောက်ရလိုမှု၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊
လုံ့လသဲလော့။
ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊
ယခုတွေ့ပြီး၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊
ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊
မှတ်မရှု့ဘဲ၊ ရွာသူဝက်မိုက်၊ မစင်ကြိုက်သို့၊
အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊
မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့် ။
ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊
ဥာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊
တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊
အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊
တိမ်းရှောင်တစ်ကိုယ်၊ တော-တော-ဆို၍၊ မဂ်ဖိုလ်မနှောင်း၊
အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းကွာရဟု၊ ဗုဒ္ဓရွှေနှုတ်၊
ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊
နင့်ကားနင့်တွက်၊ ကျင့်တော့တည်း ။ ။
2 Sept 2012
ဘာသာရေးခေါင်းဆောင်များ ”အမြင်ပြောင်းကြပါ”
***မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ် လုပ်ငန်းစဉ် တို့တွင် သတ္တ လောကကြီး၏ အခြေအနေကို တစ်နေ့နှင့် တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော် မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီး တစ်ရပ် အဖြစ်ပါဝင်ပါသည်။
သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါ တစ်စုစု၏ အခြေအနေသည်
ကာမရာဂ လွန်ကဲ သောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိ ကျင့်စဉ်ကို ညွှန်ပြတော်မူသည်။....
ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ
အာဏာ မက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော် မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။....
ရသေ့ ရဟန်း ယောဂီ သမဏဗြဟ္မဏ တို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍
ငြင်းခုံ ကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကို လိုက်နာ ကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။
ဤသို့မြတ်စွာဘုရားသည် သတ္တဝါလော ကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်၍
အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကို
ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ အတုယူလိုက်နာဆောင်ရွက်ဖို့ ကောင်းပါသည်။
***ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်၍
လောကကြီး၏အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ် နေသင့်ပါသည်။
လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ် ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ
ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ် ဖြစ်ပါသည်။
ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ ဓမ္မကို ဖြန့်ချိခြင်းသည်
လူ့လောကကြီး၏ လိုအပ်ချက်နှင့် ကိုက်ညီဖို့ အရေးကြီးပါသည်။
ဓမ္မနှင့်လူသား တခြားစီ မဖြစ်ရလေအောင် ဓမ္မနှင့်လူသား တစ်ထပ် တည်းကျအောင် ဖြန့်ချိနိုင်ပါမှ
လူ့လောကကြီး၏ လိုအပ်ချက် ပြည့်စုံမည် ဖြစ်ပါသည်။
သို့မှသာ လူသားအများစုတို့က ဘာသာရေး ခေါင်းဆောင်တို့သည်
လူ့လောကကြီး အတွက် မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည် ဖြစ်ပါသည်။
သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုး တိုးတက်ထွန်းကားလာသော ယနေ့ခေတ်၌
လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သော
လောကနှင့်ဓမ္မကို တစ်သားတည်း ကျအောင် ဦးမဆောင်နိုင်သော ဘာသာရေး ခေါင်းဆောင်တို့ကို
လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီဖြစ်သည်။
ယနေ့လူငယ်အချို့ကဆိုလျှင် ဘာသာရေးမှ ရုန်းထွက်ဖို့ပင် ကြိုးစားနေကြပြီး
သိပ္ပံနှင့် နည်းပညာသည်သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု
တစ်ဖက်သတ် မြင်လာနေကြပေပြီ။
သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း
လူလောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ် နှိပ်စက်သည်မှာလည်း
ယင်းတို့ပင် ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။
*** တက်ထရာဆိုင်ကလင်း ဆေးသည် အဖျားပျောက်ဆေး တို့တွင် အကောင်းဆုံးပင် ဖြစ်သော်လည်း အစာအိမ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုး ထပ်တိုးစေသည်မှာလည်း ဤဆေးပင် ဖြစ်ပါသည်။ ***
(၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ
လူသိန်းပေါင်း များစွာကို သတ်ခဲ့သော အဏုမြူဗုံးသည်
သိပ္ပံဆရာများ တီထွင်ခဲ့သော လက်နက်ပင် မဟုတ်ပါလော။
ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့်
အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။
ယနေ့ မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆာင် အားလုံးသည်
လူ့လောကကြီး၏ မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း
လူသားအများစု နားလည်ခံယူလာအောင် ကျွန်ုပ်တို့ အားထုတ်ကြရမည် ဖြစ်ပါသည်။
***မြတ်ဗုဒ္ဓ လက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရား ရောက်သွားသောအခါ
မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဋ္ဌေး ရဋ္ဌပါလရဟန်း ပြုခဲ့သည်။
ဘီလျံပေါင်း များစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုခဲ့သော ..အရှင်ရဋ္ဌပါလကို
ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။ ....
''အရှင်ဘုရားသည် ဤမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး
မည်သည့်ချမ်းသာ သုခကို မြင်၍ ရဟန်းပြုခဲ့ပါသနည်း'' အရှင်ရဌပါလက ပြန်လှန်၍ မေးခွန်းထုတ်ပါသည်။
''ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့ အပေါ်မှာ သင်သည် အဘယ်ကဲ့သို့ မြင်ပါသနည်း''
မင်းကြီးကဆိုပါသည်...
''လူတွေဟာ စီးပွား ပျက်သောကြောင့် လည်းကောင်း၊
ဆွေမျိုး ပျက်သောကြောင့် လည်းကောင်း၊
အိုမင်းရင့်ရော်သောကြောင့် လည်းကောင်း၊
ကျန်းမာရေး ပျက်သောကြောင့် လည်းကောင်း၊
စားဝတ်နေရေး အခက်တွေ့တဲ့ လူတွေဟာ ဘာသာရေး ခေါင်းဆောင် ဝင်လုပ်ပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ တွေကို ရှာကြတာပဲ''။
တိုင်းပြည်နှင့် လူသားတွေ အတွက် ဘာအကျိုးကျေးဇူးမှ မပြုသည့် အဓိပ္ပာယ်ကို မင်းကြီးက ဆိုလာသည်။
ဘာသာရေး ခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမား တွေလို့မြင်တဲ့
အမြင်ရှိ သူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။
ပညာမဲ့သော လူသားတို့ ဤသို့မြင်သည်မှာ အလွန်အရေးမကြီး လှသော်လည်း
ကောရဗျ မင်းကဲ့သို့ မင်းစိုးရာဇာတို့က ဤအမြင်မျိုး ရှိသည်မှာ
ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင် ဖြစ်ပါသည်။
***အရှင်ရဌပါလ၏အဖြေမှာ---
၁။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။
သတ္တဝါလောကကြီး တစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။
ငါသည် ဗုဒ္ဓသာသနာတော်၌ ဘဝ၏ တည်ငြိမ်မှုကို တည်ဆောက်ဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဖြေပါသည်။
အရှင်ဘုရား၏ ဘဝတည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု....
မင်းကြီးကမေးလျှင် အရှင်ရဌပါလက ငါ့ဘဝရဲ့ တည်ငြိမ်မှုကို ဓမ္မဖြင့် တည်ဆောက် နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။
၂။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ မီးဟုန်းဟုန်း တောက်လောင် နေပါသည်။
ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်၌ တဟုန်းဟုန်း တောက်လောင်နေသော
မီးကို ငြိမ်းအေးစေဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
ဘဝမီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။
၃။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး အိုနာသေ သုံးမျိုးတို့ နှိပ်စက်သောအခါ
ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။
ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ဝင်ရောက်လာခဲ့သည်။
ထိုဒုက္ခသုံးမျိုးတို့ကို ငါသည် ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။
၎။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာ တွေဆိုတာ
တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာ အဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။
ငါ့ဥစ္စာဟု ပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက် ပို၍ ပြောဆိုပိုင်ဆိုင်ခွင့် မရှိကြဘူး။
နှစ်တစ်ရာ မပြည့်မီမှာ ထိုပိုင်ဆိုင်မှု အားလုံးတို့ကို စွန့်လွှတ်ကြရစမြဲ ဖြစ်သည်။
သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်၌ ငါသည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ငါကျင့်ထားသော ဓမ္မအားလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
၅။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးသည်
မည်သည့်ပစ္စည်းဥစ္စာ မည်သည့် ရာထူးအာဏာတို့ မည်မျှပင် ရထားကြစေကာမူ အလိုမပြည့်နိုင်အောင် ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင် ဖြည့်ကြသော်လည်း အလိုကား မပြည့်ကြပေ။
အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။
ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာ၌ ငါ၏ အလိုဆန္ဒတို့ကို
ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။
လိုသည်ဆိုသည့် လောဘ၏ နေရာ၌ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ် အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
၆။ ဒကာတော်မင်းကြီး လူသားတို့သည် ''လိုသည် လိုသည်''ဆိုသည့် လိုအပ်ချက် ကို
ရှာဖွေ ဖြည့်စွက်ကြရာ၌ လိုအပ်ချက်တို့ကို အဆုံးမသတ် နိုင်ခဲ့ကြသည့် ။
ထိုအတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။
ငါသည် တဏှာ၏ ကျေးကျွန်အဖြစ်က လွတ်ဖို့ရန် အတွက် ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။
***ဤသို့လျှင် အရှင်ရဌပါလ၏ မွန်မြတ်သော မှန်ကန်သော ရဟန်းပြုခြင်း၏ ရည်ရွယ်ချက်တို့ကို မင်းကြီး ကြားသောအခါ အလွန်ပင် ကျေနပ် နှစ်သက်ခဲ့လေသည်။
ကျေနပ် နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချ ကန်တော့ခဲ့သည်။
ဤနေ့မှစ၍ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။
သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေး အကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသော ကာလ၌ နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ
အလုပ်လက်မဲ့ဖြစ်၍ စားဝတ်နေရေး အခက်အခဲ တွေ့နေကြရသည်ကို
ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ အားလုံး မြင်တွေ့နေကြရပြီး ဖြစ်ပါသည်။
စီးပွားရေး အကြပ်အတည်း နိုင်ငံရေး အကြပ်အတည်း ဘာသာရေး အကြပ်အတည်း ဤသုံးခုတို့သည်
တခြားစီ မနေကြဘဲ အပြန်အလှန် မှီတွယ်၍ နေတတ်ကြပေသည်။
နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ ဖြစ်နေကြရသည်ကို ကြည့်၍ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့ မဖြစ်ရလေအောင် အထူး သတိပြုကြရမည် ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် ...
လူမှုရေး အကျိုးပြုလုပ်ငန်းများ၊
ပိဋကတ် သင်ကြားပို့ချရေး လုပ်ငန်းများ၊
ကမ္မဋ္ဌာန်း ကျင့်ကြံ အားထုတ်ရေး လုပ်ငန်းများကို ယနေ့ခေတ်၌ နှစ်ဆတိုး ကြိုးစား၍ လုပ်ဆောင်ကြရမည် ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီး စွပ်စွဲသလို အစွပ်စွဲ မခံကြရလေအောင် ကြိုးစားကြရမည် ဖြစ်ပေသည်။
***ကောရဗျ မင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့ အပေါ်
အထင်အမြင် သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှု ရအောင်
အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည် ဖြစ်သည်။
ထို့ပြင် လှုပ်ရှားနေသော ကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပေသည်။
ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။
လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ဝိုင်းဝန်းဖြည့်စွက် ပေးနိုင်ကြဖို့ အားထုတ်ကြရမည် ဖြစ်ပါသည်။
လိုအပ်ချက်ဆိုသည်မှာ စိတ်ဓာတ်ရေးရာ လိုအပ်ချက်ကို ဆိုလိုပါသည်။
သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင် တို့သည်
ကမ္ဘာ့လူသားအားလုံး တို့အတွက် ကျေးဇူးပြုတတ်သော
အထူး အားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။
ဤ သည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင် ဖြစ်ပါသတည်း။
ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် မီးသတ်သမားများသဖွယ်
ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာ့လောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့ မပါဝင်နိုင်ပေ။
ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှ မတောင်းဆိုကြပါ။
***သို့သော် ....
'' Jealousy ကို Joy ပြောင်းကြပါ။
Evil ကို Good သို့ပြောင်းကြပါ။
Ignorance ကို Enlightenment သို့ ပြောင်းကြပါ။
အဝိဇ္ဇာမှ ဝိဇ္ဇာသို့ ပြောင်းကြပါ''
ဟူသော Change ကို တကယ်ပဲ တောင်းဆိုလိုပါသည်။
သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
(သီတဂူဆရာတော်၏ဆောင်းပါးကောင်းလေးတစ်ပုဒ်)
ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., Litt. သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။
(http://maytharhla.blogspot.com/2012/03/blog-post_8203.html)
Subscribe to:
Posts (Atom)