10 Feb 2012

ဓမ္မ၏ ပင်ကိုယ် သတ္တိ






ဓမ္မ ၏ ပင်ကိုယ်သတ္တိ






ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး
နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ -


(က) Person (ပုဂ္ဂိုလ်မရွေး)
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊
အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။


(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။


(ဂ) Time- (အချိန်မရွေး)
နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။


သုံးစွဲသူတိုင်းအတွက်လည်း ...
(၁) ရေငတ်ကို ပြေစေသည်။
(၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။
(၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။
(၄) ကိုယ်စိတ်နှစ်ပါးကို အေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ ရေကဲ့သို့ပင် ဓမ္မသည်လည်း
မည်သည့်ပုဂ္ဂိုလ်အတွက်မဆို၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန် မှာမဆို
ကျင့်သုံးနိုင်ပါသည်။


ကျင့်သုံးသည့် ပုဂ္ဂိုလ်တိုင်းတွင်လည်း ရေမှရသည့်အကျိုးအမြတ်ကဲ့သို့ -
(၁) ကာမရာဂတွင် အာသာငမ်းငမ်း တပ်မက်မှုကို ပြေစေနိုင်သည်။
(၂) ကုသိုလ်ကောင်းမှုများကို တိုးတက်ကြီးပွားစေပြီးဆက်လက်၍
လည်း
ရှင်သန်ကြီးထွားစေသည်။
(၃) ၀ိသုဒ္ဓိဖြစ်ပြီး ကြည်လင်သန့်ရှင်းစေသည်။
(၄) ကိုယ်စိတ်နှစ်ပါး အေးမြစေသည့်အပြင် ငြိမ်းချမ်းမှုရပြီး အဆုံးမှာ
နိဗ္ဗာန်တိုင်အောင် မျက်မှောက် ပြုနိုင်သည်။


သို့သော် ရေနှင့်ဓမ္မ ကွာခြားမှုတစ်ခုမှာ ရေသည် ယခု လောကီဘ၀တစ်ခုအတွက်သာလျှင်၊
တစ်နေ့ တစ်ဘ၀အတွက်သာ အကျိုးပြုပေးပြီး၊ ဓမ္မမှာ လောကီအကျိုးသာမက၊ လောကုတ္တရာ၊
တစ်သံသရာလုံးအတွက် အကျိုးပြုမှုများပေးပြီး အဆုံးမှာ မြတ်နိဗ္ဗာန်တိုင်
အငြိမ်းဓာတ်ကို မျက်မှောက်ပြုနိုင်သည့် ထူးခြားချက်ပင် ဖြစ်ပါသည်။






အထူးသတိပြုရမည့်အချက်မှာ ရေ သည် သုံးစွဲသူတို့၏ ရည်ရွယ်ချက်၊
ပြုပြင်စီရင်ပေးမှုအပေါ် မူတည်ပြီး အခါးဓာတ်နှင့် ရေ ကို ရောလျှင်
အခါးရည်ဖြစ်သကဲ့သို့၊ အချိုဓာတ်နှင့် ရေ ကိုရောလျှင် အချိုရည် ဖြစ်သွား ကာ
အရက်ဓာတ်နှင့် ရေကိုရောလျှင် အရက်ရည် ဖြစ်သွား သည်။  ထိုသို့
ပြောင်းလဲသွားရခြင်းက ရေ၏ပင်ကိုယ်သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏
ပြုပြင်စီရင်မှု ပယောဂကြောင့်သာလျှင် ဖြစ်ကြောင်း သိသာ လှသည်။ ဓမ္မသည်လည်း
ထိုနည်းအတိုင်းပင် -
ဓမ္မကိုကျင့်သုံးသူတို့၏ အားနည်းချက်၊ နားလည်မှုလွဲမှားခြင်းနှင့် အချို့သော
ခုတုံးလုပ်သည့် ပုဂ္ဂိုလ်တို့၏ မတရားလွန်ကျူးသော တစ်ကိုယ်ကောင်း ဆန်မှုများနှင့်
မိမိအကျိုးအတွက် လွန်ကဲစွာသုံးစွဲမှု၊ မရိုးသားမှုများကြောင့်
ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ ဖုံးကွယ်ထားမှုခံရပြီး၊ ဓမ္မ၏ဂုဏ်ကျေးဇူးတော်
တို့သည်လည်း မထင်ရှား၊ မပေါ်လွင်ဘဲနှင့် ဖုံးကွယ်ထားခြင်း ခံနေရသည်ကို တွေ့ရသည်။


ထို့ကြောင့် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူသားတော်တော်များများတို့သည် ဓမ္မ ကို
မိမိတို့နှင့် မဆိုင်သလို မြင်လာကြပြီး၊ ဓမ္မ ၏ မြင့်မြတ်လှသော
အကျင့်ြ့မတ်တရားများကို ကျင့်သုံးမြတ်နိုးသူများ ရှားပါးလာခဲ့ရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မ နှင့်ပတ်သက်ပြီး ဦးဆောင်နေသည့် ပုဂ္ဂိုလ်အချို့၏
အားနည်းချက်များ၊ ပယောဂများကြောင့်သာဖြစ်သည်ကို
သတိပြုစေချင်ပါသည်။အမှန်တကယ်တွင် ဓမ္မ အစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိ
များမှာ မည်သည့် ပုဂ္ဂိုလ်အတွက်မဆိုမည်သည့်နေရာတွင်မဆိုမည်သည့်အချိန်တွင်မဆို
သုံးစွဲနိုင်ပြီး အထက်ပါ အကျိုးတရားလေပါးကို ရရှိစေသည့် အတွက်-
(၁) ဓမ္မ သည် သစ္စ၀ါဒ ဖြစ်သည်။ သစ္စ၀ါဒ ဆိုသည်မှာ စကြ၀ဠာ အနန္တထာဝရ မှန်ကန်သည့်
အမှန်တရား (Universal Law, Universal Truth, Noble Truth) ဖြစ်သည်။


(၂) ဓမ္မ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်သည်။ မည်သည့်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုမှမပါဘဲ
မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်သည်။ ဝေဖန်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။
မည်သည့်အချိန်မဆို ကျင့်သုံးနိုင်သည့်ဝါဒ ဖြစ်သည်။


(၃) ဓမ္မ သည် သိပ္ပံနည်းကျလှသော ၀ါဒ ဖြစ်သည်။
A.  Practical System (လက်တွေ့ပြည့်စုံသောစနစ်)
B. Ethical System (ကိုယ်ကျင့်တရားပြည်စုံသောစနစ်)
C. Spiritual System(စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)


(၄) ဓမ္မ ကို ကျင့်သုံးလျှင် အကောင်းနှင့်အဆိုးကို တိကျသေချာစွာဖြင့်
ခွဲခြားပိုင်းခြားပြီး သိမြင်နိုင်ပါသည်။ ယနေ့ခေတ် အတော်များများသော
ပုဂ္ဂိုလ်များမှာ ဓမ္မကို ကျင့်သုံးသူ ရှားပါးလာသည်နှင့် အိပ်မည်၊ စားမည်၊ ကာမ
မှီဝဲမည်ဆိုသည့် လူအတော်များများ ရှိပြီး၊ ထိုလူများမှာ တိရစ္ဆာန်များနှင့်
နီးစပ်လာသည်ကို တွေ့ရှိရပြီး အကောင်းနှင့်အဆိုး ကို ခွဲခြားနိုင်သူ
ရှားပါးလာသည်ကို တွေ့ရှိရပါသည်။


ထို အကောင်းတရား၊ အဆိုးတရား များကို ဓမ္မကျင့်သုံးသော ပုဂ္ဂိုလ်တိုင်း
သေချာခွဲခြားပြီး သိမြင်ကြမှာ ဖြစ်သည်။
ဤနေရာမှာ အကောင်းသုံးမျိုးနှင့် အဆိုးသုံးမျိုးကို တင်ပြလိုပါသည်။




အကောင်းတရားသုံးမျိုးမှာ


(၁)  အများအကျိုးရှိ မိမိလည်းအကျိုးရှိ (အကောင်းဆုံး)


(၂)  အများအကျိုးရှိ မိမိဘာမှမဖြစ်


(၃)  အများဘာမှမဖြစ် မိမိအကျိုးရှိ




ထိုအကောင်းတရားသုံးမျိုးကို ဓမ္မ ကျင့်သုံးသူတိုင်း အမြဲတမ်းဆောင်ပြီး
ကျင့်သုံးကြသည်။


အဆိုးတရားသုံးမျိုးမှာ


(၁) အများထိခိုက် မိမိမှာလည်းထိခိုက် (အဆိုးဆုံး)


(၂) အများထိခိုက် မိမိမှာဘာမှမဖြစ်


(၃) အများဘာမှမဖြစ် မိမိထိခိုက်




ဓမ္မ ကျင့်သုံးသူတိုင်း ထိုအဆိုးတရားသုံးမျိုးကို ရှောင်ကြဉ်နိုင်ကြမှာ ဖြစ်သည်။
အကောင်းအဆိုးကို တိကျသေချာစွာ ခွဲခြားသိမြင်လာနိုင်ရန် ဓမ္မ ကို
ကျင့်ကြံအားထုတ်မှသာလျှင် သိမြင်နိုင်မည်။သို့သော် အကောင်းတကာ့ အကောင်းဆုံး၏
အထွဋ်အထိပ်အကောင်းဆုံးသည် မိမိလည်းအကျိုးရှိအများ လည်းအကျိုးရှိ လောကီသာမက
လောကုတ္တရာ နိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်သော
ပုဂ္ဂိုလ်သည်သာလျှင် မြင့်မြတ်ပုဂ္ဂိုလ် (Noble Person) အထွဋ်အထိပ်
ပုဂ္ဂိုလ်ဖြစ်သည်။


ဤအချက်များမှာ ဓမ္မ၏ပင်ကိုယ်သတ္တိ ရဲ့ အကျိုးပြုမှုကို တင်ပြခြင်းဖြစ်ပါသည်။
http://www.theravada-3p.org/apal-pate-tayar.htm




http://politenesskid.multiply.com/journal/item/630/630

9 Feb 2012

အပြောကျယ်တဲ့စိတ်

အပြောကျယ်တဲ့စိတ်
On 02.01.10, In အသိသစ်တံခါးချပ်များ..., By မြသွေးနီ








မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ အပြစ်ကျခံနေရတယ်။ သူအကျဉ်းကျခံနေရတဲ့ အခန်းလေးက သိပ်ကို ကျဉ်း ရှာတယ်။ သူ့စိတ်ထဲမှာ အခန်းက ကျဉ်းလွန်းတော့ စိတ်မသက်မသာနဲ့ ကျဉ်းကျပ်သလို ခံစားနေရတာပေါ့။ တစိမ့်စိမ့် ဒေါသတွေလည်း ထွက်နေမိတယ်။ သူကျုးလွန်ခဲ့တဲ့ ပြစ်မှုကိုမေ့ပြီး မတရားညှင်းဆဲခံရတယ်လို့ ထင်နေမိတယ်။ ဒီလို အခန်းကျဉ်း လေးထဲနေ့တစ်ဓူဝ နေနေရတာ လောကီငရဲတွင်းထဲ အရှင် လတ်လတ်ကျနေသလိုထင်နေပြီး နေ့စဉ်နဲ့ အမျှ လူတွေသာမက ရှိရှိ သမျှ နတ်တွေကိုပါ ကြိမ်ဆဲ နေမိတော့တာပေါ့။


တစ်နေ့တော့…။


သူ့အခန်းကျဉ်းလေးထဲကို ယင်ကောင်လေး တစ်ကောင် ပျံဝဲ၀င်လာတယ်။ တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းထဲမှာ ယင်ကောင်တစ် ကောင်ရဲ့ တောင်ပံခတ်သံ တစ်ဝီ၀ီဟာ သူ့အတွက်တော့ တကယ့် ငရဲကအသံပဲ။ ယင်ကောင်လည်း ဟိုမှသည်၊ သည်မှဟို နားလိုက် ပျံလိုက်နဲ့ပေါ့။ ကြာလာ တော့ အကျဉ်းသားက စိတ်ထဲ အချဉ်ပေါက်လာတယ်။ ဒီလောက်တောင် နားဒုက္ခ ပေးတဲ့ သထ္ထ၀ါ၊ ငါ့မှာ ဒီ အခန်းကျဉ်းလေးထဲမှာ စိတ်ရှုပ်နေရ တဲ့အထဲ၊ ဒင်းကလာပြီး မြွေပူရာလာ ကင်းမှောင့်  နေတယ်။ ဒင်းကိုတော့ မမိမိအောင်ကို ဖမ်းမှရတော့ မယ် ဆို ဆုံးဖြတ်ပြီး သူ့ရဲ့ ယင်ကောင်ဖမ်းပွဲ ကြီးကို စတင်ပါလေတော့တယ်။


သူက ယင်ကောင် အရှေ့ဖက်ပြေးရင် အရှေ့ဖက်ကိုလိုက်ဖမ်းတယ်။ ယင်ကောင်ကအနောက်ဖက် ကို ပြေးရင် အနောက် ဖက်ကို လိုက်ဖမ်းတယ်။ယင်ကောင်က အပေါ်မှာပျံဝဲနေရင် အပေါ်ဖက်ကို ခုန်အုပ်ပြီး လက်ဝါးနှစ်ဖက် အသုံးချပြီးလိုက် ဖမ်းလေတယ်။ ယင်ကောင်ကို မိလုမိဆဲမှာဘဲ ယင်ကောင်က ပေါ့ပါးသွက်လက်စွာနဲ့ ရှောင်ဝဲပျံပြေးသွားတာချည်းဘဲ။ သူ့စိတ်ထဲမှာလည်း ယင်ကောင်ဖမ်းရင်း ပျော်လာသလို ခံစားနေ မိတယ်။ယင်ကောင်ဖမ်းရင်းနဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံး ချွေးတွေနင့်ပြီး မောဟိုက်လာတယ်။ အဲ့ဒီတော့ မှ စိတ်ပါလက်ပါနဲ့ သူက ညည်းပြီး ရေရွတ်လိုက်တယ်။


” ငါ့ရဲ့ အချုပ်ခန်းက တကယ်တော့မကျဉ်းလှပါလား။ ဒီယင်ကောင်လေး တစ်ကောင်တောင် ဖမ်းလို့မမိနိုင်အောင် တော်တော်ကျယ်တဲ့ အခန်းဘဲ ”


အဲ့ဒီအချိန်မှာ အကျဉ်းသား စိတ်ထဲ ရုတ်တရက်သြိမင်လာရတဲ့ အချက်ကတော့ ..


” စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေရင် လောကကြီးက ကျဉ်းမြောင်းနေတယ်ထင်မိနေတာပါလား။ စိတ်ထဲမှာ ရှင်းနေရင် ကုတင်တစ်နေရာစာ ဒီအချုပ် ခန်းလေးတောင် ကျယ်နေသေးတာပါလား” ဆိုတာပါဘဲ။


ဒါကြောင့် ” စိတ်”ရဲ့ အပြင်ဖက်မှာ ရှိတဲ့ ကမ္ဘာက ဘယ်လောက်ဘဲ ကြီးကြီးသေးသေး အရေးမကြီးလှဘူး။ အရေးကြီးတာက ကျွန်မ တို့ရဲ့ အတွင်း “စိတ်” ကမ္ဘာ။ စိတ်သဘောထားကြီးရင့်တဲ့ လူတစ်ယောက်အဖို့ ကျဉ်းမြောင်းလှတဲ့ အကျဉ်းခန်းလိုနေရာ မျိုးနေရ တော့လည်း ဘာအရေးလဲ။ ကျယ်ပြောတဲ့ ကမ္ဘာအဖြစ်ပြောင်းလဲ ပစ်နိုင်တယ်လေ။ စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူတွေသာ မိုးထိတိုက်တွေနဲ့နေ၊ ရွှေဘုံပေါ်မှာ လောကီ စည်းစိမ်တွေ ခံစားစံစားနေရပြီးတော့ ကိစ္စရပ်တိုင်းကို စိတ်တိုင်းမကျသေးသလိုနဲ့ ကျဉ်းကျပ်တဲ့ ဘ၀တွေနဲ့ နှစ်ပါး သွားနေရတာပါ။ ဒါကြောင့် ကျွန်မတို့ဟာ ကိုယ့်ရဲ့စိတ် အပြောကျယ်ရင် ကျယ်သလို ပတ်ဝန်းကျင် အခြေအနေ အကောင်းအဆိုးကို တွက်ကပ်ပြီး စိတ်ညစ်မနေသင့်ပါဘူး။ လောကဓံ အပြောင်းအလဲတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ ကျွန်မတို့ရဲ့ အတွင်းစိတ်က ပြင်ပ ကမ္ဘာရဲ့ ပြောင်းလဲမှု ကြောင့် မတုန်လှုပ်သင့် ပါဘူးနော်။ လောကဓံ ဘယ်လိုတက်တက်ကျကျ ကျွန်မတို့ရဲ့စိတ်တွေ လွတ်လပ်ကျယ်ပြန့်အောင် နေကြပါစို့လား။


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

အခုပဲပျော်အောင်နေပါ။နောင်မှဆို သိပ်နောက်ကျသွားလိမ့်မယ်

We convince ourselves that life will be better once we are married,
have a baby, then another.
ကျွန်တော်တို့သည် အိမ်ထောင်ပြုလိုက်လျှင် ပိုမိုပျော်ရွှင်လိမ့်မည်
အထင်နှင့် အိမ်ထောင်ပြုလိုက်ကြသည်၊ ကလေးတစ်ယောက်ရသည်၊
နောက်ထပ်တစ်ယောက်ရသည်။


Then we get frustrated because our children are not old enough, and
that all will be well when they are older.
တစ်ခါ ကလေးများ အရွယ်မရောက်အချင်း စိတ်ပူပန်ရပြန်သည်၊
အရွယ်မြန်မြန်ရောက်ကြမှ ကောင်းမည်ဟု တွေးမိပြန်သည်။


Then we are frustrated because they reach adolescence and we must deal
with them. Surely we’ll be happier when they grow out of the teen
years.
တစ်ခါ သူတို့လေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတော့ ပြောရဆိုရ ဆုံးမရ
ခက်လာသဖြင့် စိတ်ညစ်ရပြန် သည်။ မြန်မြန် ကြီးစိတ်ဝင်ပါတော့ဟု
ဆုတောင်းရပြီး ထိုသို့ဖြစ်မှသာ စိတ်ချမ်းသာရသည်။


We tell ourselves our life will be better when our spouse gets his/her
act together, when we have a nicer car, when we can take a vacation,
when we finally retire.
ကိုယ့်ချင်းကိုယ့်ချင်း လင်မယားချင်းကြပြန်တော့လည်း ဒိုးတူဘောင်ဘက်
စိတ်ဓါတ်လည်း ရှိပါဦးမှ စိတ်ချမ်းသာရ သည်။ လင်ရော မယားပါ
အငြိမ်းစားယူပြီးချိန်မှာ ကားလေးတစ်စီးရှိဖို့၊ ဟိုနား ဒီနား
ခရီးလေးသွားနိုင်ဖို့ မအိုခင်က လင်ကိုယ်မယားဖက် ရုန်းရပြန်သည်။


The truth is that there is no better time to be happy than right now.
If not, then when? Your life will always be full of challenges. It is
better to admit as much and to decide to be happy in spite of it all.
တကယ်ပြောရရင်တော့ ပျော်ရွှင်ဖို့အတွက် အခုထက်ကောင်းတဲ့ အချိန်မရှိပါ။ အခု
မပျော်ဘူးဆိုရင် ဘယ်အချိန်ကျမှ ပျော်မလဲ...စဉ်းစားကြည့်ပါ။ ဘ၀ဆိုတာ
စိန်ခေါ်မှုတွေ အမြဲပြည့်နေတာပါ။ ဒါကြောင့် အခုပဲ ပျော်အောင်နေပါ။


For the longest time, it seemed that life was about to start. Real
life. But there was always some obstacle along the way, an ordeal to
get through, some work to be finished, some time to be given, a bill
to be paid. Then life would start. I finally came to understand that
those obstacles were life.
ဘ၀ဆိုတာ နေဖို့ဟု ထင်ခဲ့ကြသည်၊ တကယ်တော့ လုပ်ရကိုင်ရ၊ ရှာရဖွေရနှင့်
အချိန်ကုန်သည်။ အချိန်ကုန်နေတာပင် ဘ၀ဖြစ်တော့သည်ကိုးဟု အခုမှ
သဘောပိုင်ပိုင်ပေါက်တော့သည်။


That point of view helped me see that there isn’t any road to
happiness. Happiness IS the road.
ဆိုတော့ ဘ၀မှာ ပျော်ရွှင်ဖို့ဆိုတာ ဘာနည်းမှ တကယ်မရှိပါ၊
ပျော်အောင်နေတတ်တဲ့စိတ်ကသာ ပျော်ရွှင်စေတာပါ။


So, enjoy every moment. Stop waiting for school to end, for a return
to school, to lose ten pounds, to gain ten pounds, for work to begin,
to get married, for Friday evening, for Sunday morning, waiting for a
new car, for your mortgage to be paid off, for spring, for summer, for
fall, for winter, for the first or the fifteenth of the month, for
your song to be played on the radio, to die, to be reborn… before
deciding to be happy.
အချုပ်ပြောရရင်တော့ဗျာ အခုပဲ ပျော်အောင်နေကြပါ။ နောက်မှလို့
မလုပ်ပါနဲ့တော့။ ကျောင်းမပိတ်သေးလို့၊ ကျောင်းဝင်ခွင့် မရသေးလို့၊
ပိန်အောင် အရင်လုပ်မယ်၊ ၀အောင် အရင်လုပ်မယ်၊ ရည်းစားလေး ရှာမယ်၊ မိန်းမ
ယူမယ်၊ ယောက်ျားရှာမယ်၊ သောကြာညနေမှ၊ တနင်္ဂနွေ မနက်မှ၊ ကားသစ်ရမှ၊
အကြွေးကျေမှ၊ နွေဦးရောက်မှ၊ ဆောင်းဦး ပေါက်မှ၊ မင်္ဂလာနှစ်ပတ်လည်ကျမှ၊
ကိုယ့်တောင်းထားတဲ့ သီချင်းလေး ရေဒီယိုက လွှင့်တော့မှ စတဲ့ အချိန်တစ်ခုခု
ရောက်မှ၊ အခြေအနေ တစ်ခုခုဖြစ်ထွန်းမှ ဆိုတာတွေ လုပ်မနေပါနဲ့တော့၊
မသေခင်လေး...ဘ၀မကူးခင်လေး အတွင်းမှာ ရသမျှ အခိုက်အတန့်လေးတိုင်းကို
ပျော်အောင်နေကြပါ။


Happiness is a voyage, not a destination.There is no better time to be
happy than… NOW!Live and enjoy the moment.
ပျော်ရွှင်မှုဆိုတာ အဆုံးသတ်မဟုတ်ပါဘူး၊ အစပါ...ဒါကြောင့် အခုပဲ စလိုက်ပါ။
အခုစရင် အခုပဲ ပျော်ရွှင်ကြမှာပါ။


-Author unknown
ရေးသူ အမည်မသိ။

အရေးကြီးစာလေး(၁၀)ကြောင်း

The most selfish one-letter world is' I' . Avoid it.




အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ `ငါ´ ပါ။
အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။


ဒီစာကြောင်းလေးကို ဖတ်လိုက်ရတော့ လူလောကထဲက နေရာတကာမှာ ငါတကောကောနေကြတဲ့
လူတစ်ချို့ရဲ့မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ အတွေးတွေထဲမှာ
ဝိုးတ၀ါးပေါ်လာပါတယ်။ အဲဒါငါလုပ်လိုက် တာလေ။ ငါမရှိရင်တော့
မင်းတို့တွေအားလုံးဒုက္ခရောက်ကုန်ကြတော့မှာပဲ။ ငါပါလို့ပေါ့ကွာ ငါသာမပါရင်
မင်းတို့အသင်းရှုံးပြီ။ ငါသာမကူညီရင်တော့ မင်းမလွယ်ဘူးနော် ... စတဲ့ ...
စတဲ့ တစ်ငါတည်း ငါနေကြ တဲ့ စကားလုံးတွေဟာ လောကကြီးထဲမှာ
မကြားချင်လည်းကြားနေကြရမယ့်စကားလုံးတွေပါ။ ဒီလိုစကားမျိုး
တွေကိုပြောနိုင်ကြတဲ့သူတွေဟာ အတိုင်းအတာတစ်ခုအထိ
တော်ကြတဲ့သူတွေများပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုယုံကြည်မှု၊ သူတပါးအပေါ်
အထင်အမြင်သေးမှုတွေလွန်ကဲနေတတ်ကြတဲ့ အဲဒီ့လိုလူမျိုးတွေဟာ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ တကိုယ်ကောင်းဆန်ခဲ့ခြင်း၊
မာနတက်ခဲ့ခြင်းတို့ရဲ့ နောက်ဆက်တွဲရလဒ်တွေကို မရှုမလှခံရတတ်ပါတယ်။
လောကကြီးရဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့သဘောတရားကို
နားမလည်ကြရှာတဲ့ သူတို့တွေဟာ တခါတခါ
လောကဓံတရားဆိုတာကြီးကိုမေ့လျော့နေတတ်ကြတဲ့အတွက်
တကယ်တမ်းကြီးမားပြင်းထန်တဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရပြီး
ကိုယ့်အနားမှာတစ်ယောက်မှ မရှိတော့တဲ့အခါမှ
နောင်တတွေရနေမိတဲ့အဖြစ်မျိုးတွေကြုံလာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ
ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် တကယ်ပဲ
အောင်အောင်မြင်မြင်နဲ့အဆုံးသတ်နိုင်ခဲ့ပြီဆိုရင် ဒီကိစ္စဟာ
ငါတစ်ယောက်တည်းကြောင့် အောင်မြင်ခဲ့တာလားဆိုတာကို
အမြဲတမ်းပြန်သုံးသပ်ကြည့်သင့်တယ်။ ဘုရားတောင်မှ အမှီရှိမှ
ပွင့်တယ်ဆိုတဲ့စကားကို အားလုံးကြားဖူးကြမှာပါ။
ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေသမျှသူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့
ကိုယ့်ကိုပါရမီဖြည့်နေကြတာပဲဆိုတဲ့ သဘောတရားကိုသာနားလည်ထားမယ် ဆိုရင်
လောကမှာ ငါတကောကောစရာကိစ္စဆိုတာဘာမှမရှိတော့ပါဘူး။ အဲဒါကြောင့်
ကျွန်တော်တို့အနေနဲ့ နေရာတကာမှာ `ငါကွ´ `ငါကွ´
လို့အော်ပြီးအလှူ့ရှင့်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတဲ့ အပြုအမူမျိုးကို
သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။






The most satisfying two-letter world is' We ' . Use it.


အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´
ပါ။ အဲဒါကို အသုံးပြုပါ တဲ့။


ခုဏကစကားနဲ့ဆန့်ကျင်ဘက်ပါ။ အချို့နေရာတွေမှာ `ငါ´
ဆိုတဲ့စကားလုံးကိုသုံးတာထက် `ငါတို့´ ဆိုတဲ့စကားလုံးကိုသုံးလိုက်ခြင်းက
အားလုံးအတွက်ပိုပြီး ကျေနပ်အားရစရာကောင်းပါ လိမ့်မယ်။ ကိစ္စရပ်တစ်ခုကို
ချောချောမောမောနဲ့ အဆုံးသတ်နိုင်လိုက်ပြီဆိုရင် ငါလုပ်လိုက်လို့ပြီး
သွားတာပါလို့ ပြောမယ့်အစား ငါတို့အားလုံးဝိုင်းလုပ်ကြလို့အခုလို
အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွား တာမဟုတ်လားလို့ ပြောနိုင်ဖို့ဆိုတာ
အထက်မှာဖော်ပြခဲ့သလို စိတ်ကြီးဝင်နေသူတွေအဖို့ကတော့ တကယ့်ကိုမလွယ်ပါဘူး။
မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေကို လေးစားတဲ့၊ မိမိနဲ့ဆက်နွယ်ပတ်သက် နေသမျှ
လူအားလုံးရဲ့ မိမိအပေါ် အထောက်အပံ့ပေးမှုတွေကို အသိအမှတ်ပြုတတ်တဲ့၊
စည်းလုံး ညီညွတ်မှုနဲ့ ပေါင်းစည်းခြင်းရဲ့အင်အား
ကိုနားလည်တတ်တဲ့စိတ်ဓါတ်ပြည့်ဝသူတို့မှသာ ဒီစကားမျိုးကို
ရင်ထဲကနေပြောထွက်နိုင်မှာပါ။ လောကမှာ တစ်ယောက်တည်းလုပ်လို့မရတဲ့ ကိစ္စတွေ
အများကြီးရှိပါတယ်။ ဘယ်လောက်ပဲထူးချွန်ထက်မြက်တဲ့သူ ဖြစ်ဖြစ်
သူ့မှာနောက်လိုက်ကောင်းတွေနဲ့ အဆွေခင်ပွန်းကောင်းတွေမရှိရင် အဲဒီ့သူဟာ
ထင်ထားသလောက် မအောင်မြင်နိုင်ပါဘူး။ ပုရွက်ဆိတ် တစ်ကောင်က
ထမင်းလုံးတစ်လုံးကိုမသယ်နိုင်ပေမယ့် ပုရွက်ဆိတ်အုတ်ကြီးကြောင့်
ထမင်းစိတွေ ပျောက်ပျောက်သွားတတ်တာကို ကျွန်တော်တို့ သတိ ပြုသင့်ပါတယ်။
အဲဒီ့တော့ ကျွန်တော်တို့တွေ အောင်မြင်မှုတစ်ခုအတွက် `ငါ´ဆိုတဲ့စကားလုံး
ကို သုံးတော့မယ်လို့စဉ်းစားတိုင်း အဲဒီ့အောင်မြင်မှုမှာ ဘယ်သူတွေကဘယ်လို
ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကို သေသေချာချာသုံးသပ်ပြီး `ငါတို့´
ဆိုတဲ့စကားလုံးလေးအဖြစ် ပြောင်းလဲသုံးစွဲနိုင်ဖို့ကြိုးစားသင့်ပါတယ်။






The most poisonous three-letter world is' Ego ' . Kill it.


အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။
အဲဒါကို သတ်ပစ်ပါ။


ပုထုဇဉ်တွေဖြစ်ကြတဲ့ ကျွန်တော်တို့လူသားတွေတိုင်းမှာ
အတ္တမကင်းနိုင်ကြဘူးဆိုတာသေချာ ပါတယ်။ ဒါပေမယ့် ... နေရာတကာမှာ
အတ္တစိတ်ကိုရှေ့တန်းတင်ပြီး ပြောဆိုဆောင်ရွက်နေမယ် ဆိုရင် တော့ အဲဒီ့
အတ္တစိတ်ဟာ အဆိပ်အတောက်အဖြစ်အသွင်ပြောင်းသွားပြီး ကိုယ့်ကို အကြီးမားဆုံး
ဒုက္ခတွေ ပြန်ပေးတတ်ပါတယ်။အတ္တစိတ်ဟာ လိုတာထက်ပိုပြီးလွန်ကဲလာပြီဆိုရင်
အဲဒီ့လူအနေနဲ့ ဘယ်လိုကောင်းမွန်


တဲ့အလုပ်ကိုမှ လုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင်
လူတစ်ယောက်မှာ ငွေတစ်သောင်း ရှိတယ်ဆိုပါစို့ ...။ သူဟာ
တစ်နေ့တာအတွက်လိုလေသေးမရှိအောင် စားသောက်သုံးစွဲပြီးတဲ့နောက် သူ့ လက်ထဲ
ငွေတစ်ထောင်ပိုနေတဲ့အချိန်မှာ တစ်နေ့လုံး ထမင်းတနပ်မှမစားရသေးတဲ့
ချို့တဲ့ နွမ်းပါးသူ တစ်ယောက်နဲ့ဆုံပြီဆိုရင် ... သူဘာလုပ်မလဲ။
အတ္တသိပ်မကြီးတဲ့သူဆိုရင်တော့ ကိုယ်လဲစိတ်ကြိုက် သုံးစွဲ ပြီးပြီပဲဆိုပြီး
ကျန်တဲ့ငွေ ကို အဲဒီ့လူထမင်းစားဖို့အတွက် ပေးလိုက်မိမှာပါပဲ။
အတ္တကြီးလွန်းသူဆိုရင်တော့ အဲဒီ့မြင်ကွင်းကို
မသိချင်ယောင်ဆောင်လှည့်ထွက်ပြီး အဲဒီ့ကျန်တဲ့ငွေကို သူ့ရဲ့
သိပ်အရေးမကြီးလှတဲ့ အသေးအဖွဲ ဆန္ဒလေးနောက်တစ်ခုအတွက်
ထပ်မံသုံးစွဲပစ်လိုက်မှာပါပဲ။ လောကထဲမှာ လူအချို့ရဲ့ ဆန္ဒအပိုတွေ အတွက်နဲ့
အချို့သူတွေထမင်းငတ်နေကြရတဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးပါ။
အတ္တသမား အများစုဟာ လောကထဲကို ရယူပိုင်ဆိုင်ခြင်းတွေသက်သက်အတွက်ပဲ
မွေးဖွားလာတာ ဖြစ်တယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားတတ်ကြပါတယ်။ ဒါပေမယ့်
... ရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်မှုနဲ့
အဆုံးမရှိတဲ့စိတ်ဆန္ဒတွေပြည့်ဝနေမှုဟာ အမှန်တကယ်မွန်မြတ်ပြီး ၊ အမှန်တကယ်
ကိုယ်ပိုင်ဆိုင် လိုက်နိုင်တဲ့ အရာတွေမဟုတ်ဘူးဆိုတာကို မသိကြရှာပါဘူး။
တကယ်တမ်းကျတော့လည်း အတ္တဆိုတာ လောကီသားတွေအတွက်တော့ ချိုမြိန်တဲ့
အဆိပ်ရည်တွေပါပဲ။ အလွန်အကျွံ မသောက်ဖြစ်အောင် တောင့်ခံကြရင်း
တတ်စွမ်းသ၍ပယ်သတ်ပစ်နိုင်ဖို့ကြိုးစားကြတာပေါ့ဗျာ။






The most used four-letter world is' Love ' . Value it.


အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ ပါ။
အဲဒါကို တန်ဖိုးထားပါ။


ချစ်တယ်၊ ချစ်တယ်ဆိုတဲ့စကားဟာ လောကထဲမှာ လူသုံးအများဆုံးဆိုတာကို
အားလုံးသဘောတူ ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မေတ္တာတရားတွေစိမ့်ဝင်နေတဲ့
အချစ်ကိုတော့ အဲဒီ့ချစ်တယ်ဆိုတဲ့စကားလုံး
တိုင်းကိုယ်စားပြုနိုင်မယ်မထင်ပါဘူး။ အလိုရမ္မက်သက်သက်တွေကို
အချစ်လို့နာမည်တပ်လို့မရနိုင်ပေမယ့် လောကထဲက ချစ်ခြင်းများစွာမှာတော့
အလိုရမ္မက်တွေရဲ့အတိုင်းအတာက ကိုယ်စီကိုယ်ငှပါဝင်နေတတ်ကြ ပါတယ်။
အခုအချိန်အထိ ကျွန်တော်တို့တွေအားလုံး
အပြည့်အ၀အဓိပ္ပါယ်မဖွင့်ဆိုနိုင်ကြသေးတာဟာ `ချစ်တယ်´
ဆိုတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်က စိတ်ခံစားမှုအပိုင်းအစတွေကိုပါ။
ဘာပဲပြောပြော နိစ္စဓူဝကြားနေရတဲ့ အချစ်အကြောင်းတွေထဲမှာမေတ္တာတရားလေးပါ
နည်းနည်းလောက်ပေါင်းထည့်ပေးနိုင် ကြရင်ကောင်းမယ်လို့
ကျွန်တော်စဉ်းစားမိပါတယ်။ မေတ္တာဆိုတာ သူ့အကျိုးကိုလိုလားခြင်းပါ။
အဲဒါကြောင့် တကယ်သာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာအပြင်
မေတ္တာထားကြပြီဆိုရင် ဘ၀လမ်းခရီးတွေ သာယာဖြောင့်ဖြူးလာကြမှာ အမှန်ပါပဲ။
တချို့တွေက ချစ်ခြင်းမေတ္တာကိုတန်ဖိုးမထား တတ်ကြပဲ
စိတ်ဆန္ဒတွေရဲ့မဆုံးနိုင်တဲ့ ၀င်္ကဘာထဲမှာ ၀ဲလှည့်နေတတ်ကြပါတယ်။ နောက်ပြီး
ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားလေးကနေသုံးနှုန်းပြီး
ကာမဂုဏ်အာရုံတွေကြားထဲမှာပဲ ဘ၀ကို အလဟဿ
ဖြုန်းတီးပစ်နေတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့
စစ်မှန်တဲ့မေတ္တာတရားရဲ့ အရိပ်အောက်မှာ တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်တန်ဖိုးထားမှုတွေနဲ့ သာယာတဲ့ဘ၀လေးတွေကို ထူထောင်
နိုင်ကြစေချင်ပါတယ်။






The most pleasing five-letter world is' Smile ' . Keep it.


အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။


အရမ်းစိတ်ညစ်နေတဲ့အခါမျိုး၊ အရမ်းစိတ်ဓါတ်ကျနေတဲ့အခါမျိုး၊
အရမ်းအားငယ်နေတဲ့အခါမျိုးတွေ မှာ တစ်ယောက်ယောက်ကနေကိုယ့်ကို
ရင်ထဲကနေပေါက်ဖွားလာတဲ့ အားပေးအပြုံးလေးတစ်ခုများပေး လိုက်ပြီဆိုရင်
စိတ်ထဲမှာ ဘယ်လောက်အထိကြည်နူးသွားတယ်ဆိုတာကို ကြုံဖူးသူတိုင်းသိကြမှာပါ။
အပြုံးတစ်ခုရဲ့ တန်ဖိုးနဲ့သက်ရောက်အားဟာ
တခါတခါမှာအံ့သြစရာကောင်းလောက်အောင်ကို ကြီးမား သွားတတ်ပါတယ်။
ကြားဖူးတဲ့ဖြစ်ရပ်လေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ မသန်မစွမ်းကလေးငယ်
တွေရဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ခြေထောက်သိပ်မသန်တဲ့ ကောင်လေးတစ်ယောက်က
ဝင်ပြေးပါတယ်။ ပြေးလမ်းတစ်လျှောက် သူအခါခါလဲကျလို့
ဘေးကနေအော်သံတစ်ခုကိုကြားရတဲ့အခါတိုင်း သူလှမ်းလှမ်း ကြည့်လိုက်ရင်
ပွဲကြည့်စင်ကနေသူ့ကိုပြုံးပြီး `ရောက်တော့မယ်သားရဲ့ ... ပြေးထား ...
ပြေးထား´ လို့ လှမ်းလှမ်းအော်နေတဲ့ သူ့အမေကို အမြဲတွေ့နေရပါတယ်။
သားနဲ့အတူ အမေကလည်း ပွဲကြည့်စင်ပေါ်မှာ ပြေးနေတာလေ။ အဲဒီ့ကောင်လေးဟာ
ဆုတံဆိပ်တွေမရခဲ့ပေမယ့် ပန်းဝင်အောင်ပြေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ...
အသက်အရွယ်ကြီးလာလို့ အောင်မြင်တဲ့စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်နေတဲ့
ခြေထောက်မသန်တဲ့သူ့ကိုမေးကြည့်တော့ ...။ `ကျွန်တော်
အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါတိုင်း ငယ်ငယ်တုန်းကပြေးပွဲကလေးမှာ
ပွဲကြည့်စင်တလျှောက် ကျွန်တော့်ကိုလိုက်အားပေးနေတဲ့ မေမေ့ရဲ့
အပြုံးမျက်နှာကို အမြဲတမ်းပြန်မြင်ယောင်နေတတ်တယ်။
မေမေ့ရဲ့အဲဒီ့အပြုံးကြောင့်ပဲ ကျွန်တော်ဒီဘ၀ကို ရောက်လာတာပေါဗျာ´ တဲ့။
လူတစ်ယောက် တစ်ခါတွေ့လိုက်တာနဲ့ တစ်သက်လုံးစွဲသွားစေမယ့် အပြုံးမျိုး
ကိုပြုံးနိုင်ဖို့ဆိုတာ တကယ်တော့မလွယ်လှပါဘူး။ အဲဒီ့အပြုံးဟာ
အသန့်စင်ဆုံးဖြစ်နေရမယ့်အပြင် စေတနာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေနဲ့
စာနာနားလည်မှုတွေလည်း သူ့အချိုးအဆနဲ့သူပါနေဖို့လိုပါ တယ်။ ကျွန်တော်တို့
လူတိုင်းကို အဲဒီ့လိုအပြုံးမျိုးနဲ့
ပြုံးပြနိုင်ဖို့လေ့ကျင့်ကြည့်ရအောင်လေ။






The fastest spreading six-letter world is' Rumor ' . Ignore it.


အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့
`ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။


ပန်းသတင်းလေညင်းဆောင်၊ လူသတင်းလူခြင်းဆောင်ဆိုတဲ့စကားရှိပါတယ်။
ကျွန်တော်တို့ စဉ်းစားရမှာက ပန်းရဲ့မွှေးပျံ့တဲ့ရနံ့ကိုသယ်ဆောင်ပေးမယ့်
လေညင်းဟာ သူကိုယ်တိုင်သန့်ရှင်းစင်ကြယ် နေဖို့လိုပါတယ်။
အဲဒီ့လိုမှမဟုတ်ပဲ အဲဒီ့လေညင်းမှာ
အစကတည်းကအနံ့ဆိုးတစ်ခုခုများပါနေခဲ့ပြီဆိုရင် ပန်းရဲ့မွှေးပျံ့မှုသတင်းကို
သူအမှန်အတိုင်းသယ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ လူသတင်း
လူခြင်းဆောင်ကြတယ်ဆိုတဲ့နေရာမှာလည်း ယူဆောင်သွားတဲ့သူရဲ့ စိတ်အခြေအနေ
အဆိုးအကောင်း၊ အတိမ်းအစောင်းတွေက အဲဒီ့သတင်းတွေအပေါ်ကို အများကြီး
အကျိုးသက်ရောက်သွားတတ်ပါတယ်။ စကားတစ်ခုကို ဒီကနေဟို၊ ဟိုကနေဒီ
ပို့တဲ့အခါမှာကိုယ့်ရဲ့ခံစားချက်တွေ၊ ထင်မြင်ချက်တွေကိုပါ
ထပ်ပေါင်းထည့်တတ်ကြတာ လူတွေရဲ့သဘာဝပါ။ ဒီလိုနဲ့ပဲ
ကောလဟာလဆိုတာတွေဖြစ်လာတယ် လို့ကျွန်တော်တော့ထင်ပါတယ်။
ပါးစပ်တွေကလည်းပြောနေကြသလို၊ နားတွေကလည်းကြားနေကြရလေ တော့
အမြန်ဆုံးအလျင်နဲ့ ပျံ့နှံ့နေတတ်တဲ့ အဲဒီ့ကောလဟာလ
ဆိုတာတွေကိုကျွန်တော်တို့အနေနဲ့ တားဆီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
အဲဒီ့တော့ ဘယ်လိုလုပ်ကြမလဲ၊ ကိုယ့်အကြောင်း မကောင်းသတင်း
တစ်ခုခုများကြားရပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး
အဲဒီ့ဝေဖန်သံတွေထဲက ပိုနေတာတွေ အားလုံးကို
လျစ်လျှူရှုပစ်နိုင်ဖို့ကြိုးစားရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့
ကိုယ်ရဲ့ ဂုဏ်သိက္ခာကို ကိုကိုယ်တိုင်အပြည့်အ၀ယုံကြည်နေမယ်ဆိုရင် ဘယ်လို
ကောလဟာလမျိုးကိုမှ ကျွန်တော်တို့ မှုစရာလိုမယ် မထင်ပါဘူး။




The hardest working seven-letter world is' Success' . Achieve it.


အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး
အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို
အရယူပါ တဲ့။


Give and take ဆိုတဲ့လောကရဲ့ အပေးအယူသဘောတရားတွေဟာ
ဘယ်သူမှလွန်ဆန်လို့မရနိုင် တဲ့ နိယာမတွေပါ။ ကိုယ်ပေးလိုက်ရတာနဲ့
ပြန်ရလိုက်တာတို့ရဲ့ အချိုးအစားညီမျှမှု၊ မညီမျှမှုကတော့ ကံတရားနဲ့
ဥာဏ်ရည်တို့အပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဥာဏ်နဲ့ယှဉ်တဲ့
ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုတို့ရဲ့နောက်မှာ
ထိုက်တန်တဲ့အောင်မြင်မှုဆိုတာဟာ အနှေးနဲ့အမြန်ကပ်ပါလာတတ် ပါတယ်။
ပန်းတိုင်တစ်ခုကိုရောက်ဖို့ ကျွန်တော်တို့တွေ ကြမ်းတမ်းတဲ့လမ်းမှာ
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လျှောက်ရတာမျိုးတွေရှိပါတယ်။
ရည်မှန်းချက်တွေပြည့်ဝဖို့ ခံစားချက်တွေနဲ့ စိတ်ဆန္ဒအချို့ကို
ဘေးခဏပို့ထားပြီး ခြောက်သွေ့တိတ်ဆိတ်တဲ့ခရီးကို တစ်ယောက်တည်းစီးဆင်းရတာ
မျိုးတွေလည်းရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ... အရင်းနှီးတိုင်းဟာ
အရှုံးအတွက်ဖြစ်လာကြတာ မဟုတ်ပါဘူး။ အောင်မြင်မှုဟာ ကျွန်တော်တို့နဲ့
အတော်လှမ်းချင်လှမ်းနေလိမ့်မယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့
လက်တကမ်းကိုရောက်လာရမှာပါပဲ။ ကျွန်တော်တို့မျှော်ရည်ရာ
ခရီးဆုံးတစ်ခုစီကို ရောက်ဖို့ အပြင်းအထန်ကြိုးစားကြမယ်။ ပြီးရင် ...
အဲဒီ့အောင်မြင်မှုဆိုတာကြီးကို အတူတူအရယူကြမယ်။






The most troublesome eight-letter world is ' Jealousy'. Distance it.


အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။


မနာလိုဝန်တိုမှုဆိုတာ တကယ်တမ်းကျတော့
ကိုယ့်ဒုက္ခကိုယ်ရှာချင်ကြတဲ့သူတွေမွေးတတ်ကြတဲ့ စိတ်ထားပါ။
စိတ်ကိုအရမ်းပူလောင်စေပြီး၊ တခါတခါမှာ
မကောင်းမှုတွေကိုပါဖိတ်ခေါ်လာတတ်ပါတယ်။ သူတပါးရဲ့ အောင်မြင်မှု၊
ကျော်ကြားမှု၊ ထင်ပေါ်မှုနဲ့ အရည်အချင်းတွေကို အားကျတယ်၊ အတုယူတယ်
ဆိုတဲ့အဆင့်ထက်ပိုပြီး မနာလိုဝန်တိုမှုဆိုတဲ့ မစ္ဆရိယစိတ်ဝင်လာပြီ ဆိုရင်
အဲဒီ့လူနဲ့ အခြားသူတွေရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုဦးတည်သွားပါပြီ။
မနာလိုမရှုဆိတ်တဲ့စိတ်ရဲ့ ဆန့်ကျင်ဘက်ကတော့ မုဒိတာတရားပါ။
ကျွန်တော်တို့တွေအနေနဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားအားထုတ်မှု၊
ဇွဲနပဲကြီးမှု၊ ဥာဏ်အမျော်အမြင်ရှိမှုတို့ရဲ့ အကျိုးဆက်တွေကို
ကံကြမ္မာရဲ့အနှောက်အယှက်ကင်းကင်းနဲ့ သူတပါးတွေ ခံစားနေကြရပြီဆိုရင်
အဲဒါကိုမုဒိတာပွားနိုင်ဖို့လိုပါတယ်။ အဲဒီ့လိုမဟုတ်ပဲ ကိုယ်ကသူ့ကို
မနာလိုမရှု့ဆိတ် ဖြစ်မိပြီဆိုတာနဲ့ အဲဒီ့လူရဲ့
အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းတွေက ကိုယ့်ခေါင်းထဲကို အလိုလို
ရောက်လာတတ်ပါတယ်။ ကိုယ့်ထက်မြင့်သွားမှာကို စိုးရိမ်တဲ့အတွက်
အပင်တိုင်းကို အညွန့်ချိုးပစ်ချင်နေတဲ့ စိတ်ဓါတ်ဟာ ကမ္ဘာလောကအတွက် အလွန်ပဲ
အန္တရယ်ကြီးပါတယ်။ အဲဒီ့တော့ ကိုယ့်ကိုရော သူတပါး
ကိုပါအန္တရာယ်တွေအမျာကြီးပေးနိုင်တဲ့ မစ္ဆရိယစိတ်(မနာလိုဝန်တိုစိတ်) တွေနဲ့
ဝေးသထက်ဝေးဝေးနေ နိုင်အောင် ကျွန်တော်တို့ကြိုးစားကြရပါလိမ့်မယ်။
ကိုယ့်ထက်တော်တဲ့သူတွေကို မော့ကြည့်ပြီး လက်ခုပ်တီးပေးနိုင်ဖို့နဲ့
ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို ငုံ့ကြည့်ပြီး
လက်ကမ်းဆွဲတင်ပေးနိုင်ဖို့အတွက် မြင့်မြတ်တဲ့စိတ်ထားတွေ
ကျွန်တော်တို့မွေးဖို့လိုလာပြီ။






The most powerful nine-letter world is ' Knowledge'. Acquire it.


အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။


လူမှာ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လေ့လာမှတ်သားနိုင်စွမ်းနဲ့
အသိပညာဗဟုသုတတို့သာမရှိရင် အဲဒီ့လူဟာ တိရစ္ဆာန်နဲ့ ခြားတော့မှာမဟုတ်ပါဘူး။
သိခြင်းနဲ့ မသိခြင်းကို သေးငယ်လှတဲ့စက္ကန့်ပိုင်း ကလေးကသာ
ပိုင်းခြားထားတာဖြစ်ပေမယ့် သိသူနဲ့ မသိသူတို့ရဲ့ ကွာခြားမှုကတော့
မနှိုင်းယှဉ်သာအောင် ကိုများပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင်တော့
အလုပ်အင်တာဗျူးတစ်ခုမှာ နောက်ဆုံးဆန်ခါတင် နှစ်ယောက်ပဲကျန်တော့ပါတယ်။
အဲဒီ့အထဲက တစ်ယောက်တည်းကိုသာရွေးမှာပါ။ ဘယ်သူ့ကိုရွေးရမလဲလို့
ဝေခွဲရခက်နေတဲ့အလုပ်ရှင်က သူတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့
အလုပ်နဲ့ပတ်သက်တဲ့အရေးအကြီးဆုံး


မေးခွန်းတစ်ခုမေးမယ် ဖြေနိုင်တဲ့သူကို အလုပ်ခန့်မယ်လို့ပြောပါတယ်။
ပြီးတော့ သူမေးခွန်းတစ်ခုတည်းကို တစ်ယောက်ခြင်းစီမေးလိုက်ပါတယ်။
တစ်ယောက်က ဖြေနိုင်လို့အလုပ်ရသွားပြီး ၊ တစ်ယောက်က မဖြေနိုင်တဲ့အတွက်
နောက်လှည့်ပြန်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကိုကြည့်မယ်ဆိုရင် ပိုသိတဲ့သူက
ပိုသာသွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် မသိတဲ့သူကလည်းအလုပ်ရှင်က
အဖြေကိုပြောပြ လိုက်တဲ့အတွက် စက္ကန့်ပိုင်းအတွင်းမှာပဲသိသွားပြီဖြစ်ပါတယ်။
သူ့ရဲ့ မသိခြင်းဟာ တစ်စက္ကန့်အတွင်းမှာပဲ
သိခြင်းအဖြစ်ကိုကူးပြောင်းသွားခဲ့ပေမယ့် အခွင့်အရေးတစ်ခုကိုတော့
သူဆုံးရှုံးခဲ့ရပါပြီ။ ဒီသဘောတရားကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ
ငါဘာမှမသိပါလားဆိုပြီး အားငယ်စိတ်ပျက်နေစရာမလိုပေမယ့်
ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ အရာအားလုံးကို
တတ်နိုင်သမျှမျက်ခြေမပျက်အောင် အမြဲတမ်း
ကြိုးစားနေရမယ်ဆိုတာကိုတော့နားလည်ရပါတယ်။






The most essential ten-letter world is ' Confidence'. Build it.


အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့
`ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။


ယုံကြည်မှုဆိုတဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှုနဲ့
သူတပါးနဲ့မိမိအကြားအပြန်အလှန်ယုံကြည်မှု ဆိုပြီးနှစ်မျိုးရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ အဲဒီ့နှစ်မျိုးစလုံးကို အခိုင်မာဆုံးဖြစ်အောင်
တည်ဆောက်ယူ နိုင်ပါမှ အမြင့်မားဆုံးအောင်မြင်မှုတွေကို လက်ဝယ်ခိုင်ခိုင်
ပိုင်ဆိုင်နိုင်မှာပါ။ အဲဒီ့နှစ်ခုကလည်း တစ်ခုနဲ့တစ်ခု
အများကြီးဆက်စပ်မှုရှိနေပါတယ်။ မိမိကိုယ်မိမိ
ယုံကြည်မှုအပြည်အ၀မရှိတဲ့သူတစ်ယောက် ဟာ သူတပါးတွေရဲ့
ယုံကြည်မှုကိုရနိုင်ဖို့ခဲယဉ်းပါတယ်။ အဲဒီ့လိုပဲ
မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအားလုံးက
မိမိအပေါ်အယုံအကြည်ကင်းမဲ့လာကြပြီဆိုရင်လည်း မိမိကိုယ်မိမိ
ယုံကြည်ထားမှုတွေဟာ တစတစနဲ့ပျက်ယွင်းလာတတ်ပါတယ်။
ယုံကြည်မှုတစ်ခုချို့ယွင်းပျက်စီးသွားပြီဆိုရင် အရင်အတိုင်းဖြစ်အောင်
ပြန်လည်တည်ဆောက်ယူဖို့ဆိုတာဟာ
တော်ရုံတန်ရုံစိတ်အားသတ္တိမျိုးနဲ့မဖြစ်နိုင်ပါဘူး။ ဘယ်လိုဆက်ဆံရေး
မျိုးမှာပဲဖြစ်ဖြစ် မရှိမဖြစ်အလိုအပ်ဆုံးအရာဟာ ယုံကြည်မှုပါ။
တစ်ဦးကိုတစ်ဦးယုံကြည်မှုနဲနဲလေးမှ မရှိဘူး ဆိုရင်
အရှည်သဖြင့်လက်တွဲရှေ့ဆက်ဖို့ဆိုတာမလွယ်ပါဘူး။ အဲဒီ့တော့
ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးအကြီးဆုံးနဲ့ ပထမဦးဆုံးစလုပ်ရမယ့်အလုပ်က
ပြည့်ဝတဲ့အပြန်အလှန်ယုံကြည်မှုတစ်ခုကို အခိုင်မာဆုံး
တည်ဆောက်ယူဖို့ပဲဖြစ်ပါတယ်။ ပြည့်ဝတဲ့ယုံကြည်မှုတိုင်းဟာ ပြတ်သားတဲ့
နှုတ်ထွက်စကားတွေကိုဖြစ်စေ ပါတယ်။ ကျွန်တော်တို့တွေအားလုံး သံသယတွေ၊ ဒွိဟတွေ၊
တွေဝေမှုတွေ စတဲ့ စတဲ့ မရေရာမပြတ်သားတဲ့အရာမှန်သမျှကို
ပြည့်ဝတဲ့ယုံကြည်မှုတွေကို တည်ဆောက်ယူကြရင်း ရှင်းလင်းပစ်ကြရအောင်လေ။


သူငယ်ချင်း ....... ပို့လိုက်တဲ့ စာကြောင်းလေး ၁၀ကြောင်းကတော့
ဒီမှာပဲပြီးဆုံးသွားပါပြီ။ မူရင်းစာကြောင်းတွေက
ဘယ်သူတွေရေးထားတယ်ဆိုတာမသိရပါဘူး။ ကျွန်တော်အနေနဲ့ အဓိပ္ပါယ်လေးတွေ
ပိုကောင်းသွားအောင်ဆိုတဲ့စိတ်နဲ့ စကားလုံးနှစ်လုံးကိုတော့
ပြောင်းခဲ့ပါတယ်။ ဒီစာကြောင်းလေးတွေကို ဖတ်ဖူး၊ မြင်ဖူး၊
ကြားဖူးကြသူတွေလည်းအများအပြားရှိကြမှာပါ။ အဲဒါကို
ကျွန်တော်ကဘာ့ကြောင့်များ ဒီလောက်တောင် အကျယ်ချဲ့ပြီး
ထပ်ဆွေးနွေးနေရတာလဲလို့မေးလာရင်တော့ ... ကျွန်တော်စကား တစ်ခွန်းတည်းနဲ့ပဲ
အဖြေပေးခဲ့ပါရစေ။


``စာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရပြီးတာနဲ့ သြော် ... ဒါလား
ဆိုတဲ့အဆင့်မှာတင်ရပ် မထားပဲဆက်တွေးကြဖို့နဲ့
ဖြစ်နိုင်ရင်လက်တွေ့ကျင့်သုံးကြဖို့ အားလုံးကိုတိုက်တွန်းချင်လို့ပါ ´´။
ရင်းနှီးမှူ့အပေါင်းဖြင့်




















--
KingBLu3

8 Feb 2012

Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင်Steve Jobs ၏ မိန့်ခွန်း

*၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ်


> ဘွဲ့နှင်းသဘင် အခမ်းအနား တွင် Apple Computer နှင့် Pixar Animation Studio


> တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs<http://en.wikipedia.org/wiki/Steve_Jobs>ပြောကြားခဲ့ သည့် မိန့်ခွန်း




> *
>
> ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များ ကို
> တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။
> ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင်
> ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင်
> အခမ်းအနား မှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း
> အရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း
> သုံးပုဒ် ထဲပါ၊
> ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
> ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့
> ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော်
> ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။
> ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်က စပြီး ပြောပြရမှာပါ။ ကျွန်တော့ကို
> ကိုယ်ဝန် ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ
> တစ်ယောက်ပါ။ အဲဒါကြောင့် လဲ ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့
> ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ
> ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ ပါတယ်။ ဒါကြောင့်လဲ
> ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း
> လွှဲယူလိုက်ဖို့ ကြိုတင်စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော် ကို "အူဝဲ"
> ဆိုပြီး မွေးလိုက် တဲ့ အချိန်မှာ သူတို့က မိန်းကလေး မှလိုချင်ပါတယ်လို့ စိတ်
> ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင် မှာ မွေးစား
> မိဘ လောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘ များကို ဖုံး ဆက်ခဲ့ပါတယ်။ "ဒီမှာ
> မမျှော်လင့်ဘဲ ယောကျာင်္းလေး တစ်ယောက် ရထားတယ်။ ယူမလား" တဲ့။ မိဘများ ကလဲ
> "သိပ်ယူတာပေါ့" တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ ရဲ့ အမေဟာ ဘွဲ့ရပညာ
> တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေ ဟာလဲ အထက် တန်းကျောင်းတောင်မှ မအောင်တာ ကို
> ကျွန်တော့ မွေးမိခင် က သိသွား တာပါ။ မွေးမိခင် ဟာ မွေးစားစာချုပ်မှာ
> သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး
> ကျွန်တော့ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်" လို့ ကတိပေးမှ
> မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
>
> နောက် ၁၇နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။
> ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင်ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး
> စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေး အတွက်
> အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျွန်တော်သုံးမိရက်သား
> ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရ တာနဲ့တန်တယ်လို့
> ကျွန်တော်မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ
> မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို
> ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့
> ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေ ကို တက္ကသိုလ်မှာလာ ပြီး ဖြုံးနေတာပါဘဲ။
>
> ဒါနဲ့ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်
> ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်
> နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ
> ကျွန်တော့ရဲ့ အ ကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပါ။
> ကျောင်းကထွက်လိုက်တာနဲ့ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို
> တက်စရာမလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင်
> ကျောင်းသားလုပ်ခဲ့ပါတယ်။
>
> ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်း မရှိ
> တော့ပါဘူး။ ဒီတော့ကျွန်တော့သူငယ်ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ
> အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကိုလိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ဆင့်
> ဆိုတဲ့ ပိုက်ဆံ နဲ့ ဗိုက်ဖြည့် ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင်
> လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်းမှာ ထမင်းတနပ်
> အဝသွားစားရပါတယ်။ စားလို့အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊
> စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ
> နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး
> တစ်ခုပေးပါရစေ။
>
> အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ
> တစ်နိုင်ငံလုံး မှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ
> ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့
> ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ
> မလိုတော့ တဲ့ ကျွန်တော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး
> အတတ်သင်ခဲ့ပါတယ်။ စာလုံး ပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif
> စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံး နဲ့တစ်လုံးကြားမှာ
> ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့
> နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊
> အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာ ရပ် က
> ကျွန်တော့ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။
>
> ဒါတွေကို ကျွန်တော့ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့်
> မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာ ကို
> ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ်
> ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး
> စာလုံးအလှ တွေသုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ
> ကျွန်တော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန်သေသပ်ပြီး
> အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့
> Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ
> စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်းပြောနိုင်ပါလိမ့်မယ်။
> ကျွန်တော်ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း
> ကို ကျွန်တော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။
> မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး
> ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင်
> ၁၀နှစ်ကြာ အပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို
> ရှင်းရှင်းကြီး တွေ့နေရပါတယ်။
>
> ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို
> တာကို ကျွန်တော်တို့မမြင်နိုင်ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို
> တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ
> ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။
> ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။
> ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တစ်ခုခုကိုတော့ယုံပါ။
> ဒီယုံကြည်ချက်ကြောင့် ကျွန်တော်ဂျောက်ကျခဲ့ရတယ် ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။
> ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည် ချက် ကြောင့်ပါဘဲ။
>
> ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်း ကတော့ အချစ် နဲ့ အရှုံး အကြောင်းပါ။
>
> ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ကျွန်တော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့
> အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ်မှာရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်တော့မိဘတွေရဲ့
> ကားဂိုဒေါင် ထဲမှာ Apple ကို Wozနဲ့အတူ စတင်တည်ထောင်စဉ်က ကျွန်တော်အသက် ၂၀
> ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ
> ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂
> ထောင် တန် ဝန်ထမ်း ၄ ထောင် ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့
> ရဲ့ အကောင်း ဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက် တင်ပြီး တစ်နှစ်
> လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။
> အဲဒီမှာ - ကျွန်တော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ
> ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ - ဇာတ်လမ်းက တော့ဒီလိုပါ။
>
> Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့
> လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့
> ကြပါတယ်။ ပထမတစ်နှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့
> အနာဂါတ်အလားအလာ တွေ ကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ တော့
> အကြီးအကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါဘဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ
> ဒါရိုက်တာအဖွဲ့က သူ့ဖက်ကရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့
> ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော် ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျွန်တော့ရဲ့
> ဘဝ တစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့
> တာ ပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ ပါတယ်။
>
> လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ
> လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများအပေါ်မှာ ကျွန်တော် တာဝန်မကျေဘူး လို့လဲ
> ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊
> လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော်
> David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့
> ကျွန်တော့ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို
> ကြိုးစားပြီးတောင်းပန်ခဲ့ပါတယ်။ ကျွန်တော့ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော်
> ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေး သွားဖို့ အထိတောင်
> ကျွန်တော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေး နဲ့
> သတိပြုမိလာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊
> စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေ ဟာ ကျွန်တော့
> ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့ကို ကန်ထုတ်တာခံရ
> ပေမဲ့ကျွန်တော်ကတော့ ချစ်ခင်စွဲလမ်းလျှတ်ပါ။ ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ
> ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
>
> Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့ဘဝတစ်လျှောက်လုံး
> ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီအချိန်ကတော့
> ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန် ထုပ် ဝန်ပိုးကြီး ကို
> ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ်ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ
> မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့ တွေက
> ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို
> စတင်စေခဲ့ပါတယ်။
>
> နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။
> Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝ တဲ့
> အမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှပြီး ကျွန်တော်အိမ်ထောင်ပြု ခဲ့ပါတယ်။ Pixar
> ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။
> ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို
> ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျွန်တော့ရဲ့ NeXT
> ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ
> ကျွန်တော်တို့စတင်ခဲ့တဲ့နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ
> ရှိပါတယ်။ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့
> မိသားစုလေးတခု ဖြစ်လာပါတယ်။
>
> ကျွန်တော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ
> အတော်သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါး ကြီးပါ။
> ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တစ်ခါတစ်လေ တော့လဲ
> ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့်
> လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ဘဝ တစ်လျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့
> ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့အလုပ်ကို ကျွန်တော် ချစ်ခင်စွဲလမ်းမှုဘဲလို့
> ကျွန်တော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို
> တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ ဆိုင်သလို
> အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။ ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ
> ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီလား၊
> မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့
> ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ
> ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို
> တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။
>
> ကျွန်တော့ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။
>
> ကျွန်တော်အသက် ၁၇နှစ် မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။
> မှတ်မိသလောက်ဆိုရင်တော့ "နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ်
> နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်" တဲ့။ ဒီစာသားက
> ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက်၃၃ နှစ်လုံး
> မနက်အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ "ဒီနေ့သာ ငါ့ဘဝ
> ရဲ့နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား"
> မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက် တိုက် "မလုပ်ချင်ဘူး"
> ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော်
> သိလိုက်ပါတယ်။
>
> ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်
> အပံ့ကိရိယာအဖြစ် ကျွန်တော်တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာဘဲ
> ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊
> ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ
> အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို
> ပျောက်ကွယ်သွားပြီး တကယ့်ကို အရေး ကြီး တဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ
> လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို
> ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ
> သေရတော့မှာဘဲလို့ သတိချပ်ခြင်း ပါ ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း
> ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ
> အကြောင်းမရှိတော့ပါ။
>
> လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
> မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက်ပါတယ်။ ကျွန်တော့ရဲ့ သရက်ရွက် (Pancreas)
> မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက်
> ဆိုတာဘာလဲဆိုတာတောင်မှ ကျွန်တော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့
> ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့ကို ဆရာဝန်ကြီးတွေက
> ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော်လင့်ထားပါလို့
> ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့ရဲ့ ကလေးတွေကို နောင် ၁၀နှစ်
> အတွင်း မှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ
> အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါဘဲ။ ကျန်ရစ်သူမိသားစု
> ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ် ပါ။
> သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။
>
> တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့
> ညနေမှာ တော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့်
> ကရိယာကို ကျွန်တော့လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကိုဖြတ်ပြီး အူသိမ်ထဲကို
> ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး
> အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့
> မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို
> အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ"
> ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ကင်ဆာဟာ အင်မတန်မှ
> ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော်
> ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခုနေကောင်းပါပြီ။
>
> ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။
> နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီးနီးနီးစပ်စပ်
> မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့် ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့
> အတွက်ကြောင့် ဘွဲ့ရမောင်မယ် တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ
> သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ
> ကျွန်တော်ပြောနိုင်ပါပြီ။
>
> ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ
> အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့
> သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ
> ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား
> ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့
> အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက
> ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့
> အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ
> နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ
> အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။
> စိတ်ထိခိုက်အောင်ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက
> အမှန်တရားပါ။
>
> ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တစ်ခြားသူတွေ
> နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေ
> ရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အတွင်းစိတ်
> ကနှိုးဆော် သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက
> ဖုံးလွှမ်းမသွားပါစေနဲ့။ ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့
> နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။ သူတို့က မောင်မယ်တို့
> အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက
> သာမညအချက်တွေပါ။
>
> ကျွန်တော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်
> တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာအဲဒီတုန်းက
> ကျွန်တော်တို့တွေအတွက် တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက တစ်အုပ်ပေါ့။
> အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo
> Park မှာနေတဲ့ Stewart Brandဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့
> ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ
> ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့
> စာအုပ်တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့
> ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရ
> သလိုပါဘဲ။ ဒ်ီစာအုပ် ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကဲ့ကို
> စံနမူနာယူစရာစာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့
> အကြံကောင်းတွေနဲ့ပြည့်နေပါတယ်။
>
> Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော်တော်
> များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တစ်
> တွေ နောက်ဆုံးနှုတ်ဆက်ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က
> ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့
> ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတစ်ခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း
> အင်မတန်ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့
> ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေးထားပါတယ်။ "ဆာလောင်မွတ်သိပ် ပါ။
> အရူးထပါ။" တဲ့။
>
> ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျွန်တော်
> ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ်
> စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။
>
> "ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။"
>
> အားလုံးကိုကျေးဇူးတင်ပါတယ်။
>
>
> မူရင်း အင်္ဂလိပ်လို ဖတ်ချင်ရင် :
> http://news.stanford.edu/news/2005/june15/jobs-061505.html

ဲပြုသူ အသစ် ဖြစ်သူအဟောင်း





သောကများဖြင့် လုံးထွေးရစ်ပတ်နေသူ တစ်ဦးသည် သူတော်စင် တစ်ဦးထံသို့  အားကိုးတကြီး ရောက်ရှိလာပြီး သူ၏အခက်အခဲသောကများ ကို ဖြေဖျောက်ပေးရန်တောင်းဆိုပါတယ်။
သူတော်စင်မှ ......"ခင်ဗျားကို နာကျင် ဒုက္ခဖြစ်စေသူတွေကို ဘယ်လို တုံ့ပြန်ပါသလဲ "ဟု မေးသောအခါ....... "သူတို့ တွေ စိတ်ဆင်းရဲအောင် ၊မျက်ရည်ပေါက်ကြီးငယ်ကျအောင်၊
စီးပွားပျက်အောင် ကောင်းကောင်းကြီးလက်စား ချေပါတယ်။" ဟု စိတ်လိုက်မာန်ပါရှင်း ပြပါတယ်။


သူတော်စင်မှ ပြုံးလျက်ဖြင့် ...."ဒီလို တွေဖြစ်သွားတော့ ခင်ဗျားစိတ်တွေ အေးချမ်းပြီးပျော်ရွှင်သွားပါ သလား" လို့ မေးပါတယ်။ ထိုသူမှ ..... "အချိန်တိုင်း လက်စားချေဖို့ ကို အားထုတ်နေရလို့မငြိမ်းချမ်း မပျော်ရွှင်၇ပါ" ကြောင်း ပြန်ဖြေပါတယ်။


သူတော်စင်မှ........ ခင်ဗျားသောက တွေ ပျောက်အောင်ကူညီနိုင်တာပေါ့၊ ကျွန်တော်ခိုင်းတာ နှစ်ခုကို သာ အောင်မြင်အောင်လုပ်ပေးပါ...ဟုပြောတဲ့ အခါ စိတ်သာချပါ အေးချမ်းမှုသာရမယ်ဆို အခုချက်ခြင်း လုပ်ပေးနိုင်ပါတယ်.. လို့ ဆိုတဲ့ အခါမှာတော့  ဟုတ်ပါပြီ..... ဟောဟို ရှေ့ က သစ်ပင်မှာ ကိုင်းအသစ်ထွက်နေ တဲ့ သစ်ကိုင်းကို ဆွဲဖြုတ်ပေးပါလို့ ဆို တဲ့ အခါ မဆိုင်းမတွဘဲ သစ်ကိုင်း ကြီးကို သွားပြီးချိုးဖဲ့ လိုက်ပါတယ်။ ကျွန်တော် သစ်ကိုင်းကြီးကို ချိုးဖဲ့ပြီးပါပြီလို့ ဆိုတဲ့အခါ......
သူတော်စင်မှ ... အော်... ဖယ်ထုတ်ပြီးသွားပြီကိုး..ဒီလိုဆို ဒီသစ်ကိုင်းကို နဂိုပင်စည်မှာ ပြန်ပြီး မူလအတိုင်းပြန်ထားပေးပါလို့ဆိုပါတယ်။ ဒီတကြိမ်မှာတော့ သစ်ကိုင်းကို အလွယ်တကူ ချိုးဖဲ့ ပစ်ခဲ့သူက "မဖြစ်နိုင်တာ ဘယ်လိုမှ ကျွန်တော် မလုပ်နိုင်ပါဘူး " လို့ပြန်ဖြေခဲ့ပါတယ်။


အစမှအဆုံးတိုင် စောင့်ကြည့်နေတဲ့ သူတော်စင်က ..... ကောင်းပြီ..... တကယ် မလုပ်နိုင်ဘူးဆို ရင် ဒီစကားကို  မှတ်သားပါ.... "ပျက်စီးစေခြင်း၊  ဆုံးရှုံးစေခြင်း ၊နာကြည်းစေခြင်း များ ပြုလုပ်ရန် လွယ်ကူပါသော်လည်း နဂို မူရင်းအတိုင်းပြန်လည် ကောင်းမွန်စေရန် ၊ ဆုံးရှုံးနစ်နာမှု များကို ပြန်လည် ဖြည့်ဆည်း ပေးနိုင် ရန်၊ အတုံ့အလှည့်များကို ပြန်လည် ပြင်ဆင် ပေးနိုင်ရန် အတွက် တော့ အလွန်ခက်ခဲ
ပင်ပန်းသော ကိစ္စများဖြစ်တယ်။


သစ်ကိုင်းကြီးသာ မပျက်စီးခဲ့ရင် အသီးအပွင့်နဲ့  အခက်အရွက်ရဲ့  အရိပ်ကို ခံစားကြရနိုင်တယ်။ လူသားဝန်းကျင်မှာလည်း ခွင့်လွှတ်နားလည်ခြင်းရဲ့ အသီးအပွင့် တွေနဲ့ မိတ်ဆွေ များခြင်းဆိုတဲ့ ကောင်းကျိုးတွေ ခံစားရနိုင်တယ်။ ဒေါသကြောင့် ထွက်မယ့်စကားတွေအတွက် အနည်းငယ်သော တိတ်ဆိတ်မှုနဲ့ မိမိကိုယ် မိမိ သင့်မသင့်သတိရှိရှိ သုံးသပ်နိုင်လိုက်ခြင်းဟာ အနာဂတ် အသီးအပွင့်တွေကို စောင့်ရှောက်လိုက်တာ ဖြစ်တယ်။


အကောင်းမြင်စိတ်မွေးနိုင် ဖို့ အတွက် လည်း ကြိုးစားရမယ်။ မိမိကိုယ်တိုင်မှာ မနှစ်သက်တဲ့ အပြောအဆိုမျိုးကို  တစ်ပါးသူအတွက်လည်း မဖြစ်စေသင့်ပါဘူး။နာကျင်မှု ၊ မုန်တီးမှုများ အတွက် အဆုံးသတ်မှာ ကောင်းသော အကျိုးမရှိကြပါဘူး။တူသော အသီးအပွင့်များသာရရှိ ကြမှာဖြစ်တယ်။ လက်စားချေမှုနဲ့  ဦးတည်ထားတဲ့ စိတ်တွေမှာ အနားမရခြင်း၊ တည်ငြိမ်မှု ပျက်ယွင်းခြင်း၊ လတ်တလော ကိစ္စများမှာ မှန်ကန်သော ဖြေရှင်းမှူတွေကို ဦးမတည်နိုင်ခြင်းတွေသာဖြစ်စေပါတယ်။ အဆိုး အတွက် သုံးစွဲရမယ့် ခွန်အားတွေကို နှစ်ဖက် အကျိုးများစေမယ့်  နေရာမှာသာ ကုန်ခမ်းပါစေ။
မေတ္တာကို လက်နက်သဖွယ်အသုံးပြု ပြီး ပွဲတိုင်းအောင်နိုင်ပါစေ။ ရယူ အောင်မြင်မှုတွေဟာ ပျက်စီးဆုံးရှုံးမှုတွေလို လတ်တလောရုတ်ချည်း ဖြစ်မလာတတ်ဘဲ အချိန်ယူရတယ်ဆိုတာ သိနားလည်ပါ။ " ဟု သောကများဖြင့် တွေဝေနေ သူကို သတိတရားရစေခဲ့သည်။

လူ့ဘ၀ အောင်မြင်မှု့အတွက် ခြေလှမ်း(၃၀)

၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်
သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။